-နောက်ဆုံးပို့စကဒ်-
ကျွန်တော့်ခြေလှမ်းတို့က တစ်လှမ်းနဲ့ တစ်လှမ်းအကြား စိတ်စိတ်လှမ်းနေလို့။ ဖြစ်နိုင်လျှင် လမ်းမလျှောက်ပဲ ပြေးလို့တောင် သွားလိုက်ချင် နေမိသေးတယ်။ ခြေလှမ်းတွေက အိမ်ဘက်ကို အမြန်ဦးတည်နေရင်းကပဲ အတွေးတွေက တစ်သီတစ်တန်းကြီးနဲ့ တွေးနေမိသေးတာ။ “ ဘာလို့များ ဒီခရီးကို ငါ သွားခဲ့မိတာပါလိမ့်၊ ငါမရှိချိန် အမေတစ်ယောက် ဘယ်လိုများ နေနေပါလိမ့်၊ အိမ်အကူ အဒေါ်ကြီးကရော အမေ့ကို ငါ့လိုမှ ဂရုစိုက်ပါ့မလား၊ အမေသောက်ရမယ့် ဆေးတွေ မှန်မှန်မှ သောက်ရဲ့လား၊ ငါမရှိတဲ့ ခြောက်လလုံးလုံး အမေဘယ်လိုများ နေနေပါလိမ့်..” ကျွန်တော့်ဘ၀နဲ့ထပ်တူ တန်ဘိုးထားခဲ့ရတဲ့ ချစ်သူက ကျွန်တော့ကို စွန့်ခွာလို့ ဘ၀တစ်ခု ထူထောင်လိုက်ချိန်မှာ ကျွန်တော့်စိတ်တွေ ဘယ်လိုမှ ဆောက်တည်ရာ မရခဲ့ပါဘူး။ မျက်စိနှစ်လုံး တိမ်ကွယ်နေရှာတဲ့ မုဆိုးမ မိခင်အိုကို စောင့်ရှောက်နေရတဲ့ ကုမ္ပဏီတစ်ခုက ကျွန်တော့်လို လခစား ၀န်ထမ်းတစ်ယောက်ကို စွန့်လို့ နိုင်ငံခြားပြန် လုပ်ငန်းရှင် တစ်ယောက်ကို ရွေးချယ်သွားလေတဲ့ ချစ်သူရဲ့ စွန့်ပစ်မှုက ရင်ကို တကယ့်ကိုေ ကြမွစေခဲ့ပါတယ်။ အမေ့ကို အဒေါ်ကြီးနဲ့ထားလို့ အလုပ်ကိစ္စနဲ့ ခရီးအရှည်ကြီး ထွက်ရမယ်လို့ အမေစိတ်မပူအောင် မုသားသုံးပြောကာ သူငယ်ချင်းရှိရာ ရှမ်းပြည်ဘက်ကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့မိတော့တယ်။ ခရီးမထွက်ခင် အမေ့ကို စိတ်မပူဖို့မှာ၊ အဒေါ်ကြီးကိုလည်း သေချာ စောင့်ရှောက်ဖို့မှာ၊ အိမ်နီးနားချင်းတွေနဲ့ အပ်နှံလို့ အက်ကွဲနေတဲ့ အသည်းဒဏ်ရာကို ကုစားဖို့ ဒီခရီးကို ကျွန်တော်ထွက်လာခဲ့တာ။ ခဏဆို နေလိုက်တာ ချေးကျရာ ပျော်တတ်တဲ့ကျွန်တော်၊ သူငယ်ချင်းနဲ့တွေ့ပြီး သူ့ရဲ့ မက်မန်းခြံလုပ်ငန်းထဲ စိတ်ပါမိပြီး တော်တော်နဲ့ မပြန်ဖြစ်တော့ဘူး။ သူငယ်ချင်းကလည်း သူ့အလုပ်မှာ နေရာတစ်နေရာ ပေးလေတော့ အဆင်ပြေနေလိုက်တာ။ ကျွန်တော့်ရဲ့ ၀င်ငွေလေးတွေတောင် အမေ့အတွက် အိမ်ရဲ့ တစ်ဖက်ခြံက နုနုကနေတဆင့် မှန်မှန်လွှဲပို့ပေးနေနိုင်ပြီ။ အမေ့ကိုလည်း မကြာမကြာ စောင့်ရှောက်ပေးဖို့ နုနုကို အကူအညီ တောင်းဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ရှမ်းပြည်မှာ ဇာတ်မြုပ်နေလိုက်တာ အချိန်တွေ တရွေ့ရွေ့နဲ့ ၆လနီးပါးလောက် ရှိလာခဲ့တယ်။ တစ်ရက်မှာတော့ ကျွန်တော့်သူငယ်ချင်းရဲ့ အမေက ဦးနှောက်သွေးကြော ပြတ်လို့ ရုတ်တရက် ဆုံးရှာလေတယ်။ မိခင်မရှိတော့ရှာတဲ့ သူငယ်ချင်းရဲ့ သောကဗျာပါဒကို ကိုယ်ချင်းစာ နားလည်မှုနဲ့အတူ ကျွန်တော့်ရင်ထဲ ရန်ကုန်မှာထားခဲ့မိတဲ့ အမေ့ကို နင့်နင့်သည်းသည်း သတိရလာမိတယ်။ ဒါနဲ့ ရက်လည်ပြီးလျှင်ပြီးခြင်း တစ်စက္ကန့်မျှတောင် အချိန်မဆွဲနိုင်တော့ဘဲ ရန်ကုန်က အမေရှိရာကို ရုတ်တရက် အပြေး ပြန်လာမိခဲ့ပါတော့တယ်။ ခြောက်လလုံးလုံး စာမရေး၊ ဖုန်းလေးနဲ့တောင် စကားမပြောဖြစ်ခဲ့တဲ့ သားကို အမေက တွေ့တွေ့ချင်း အပြစ်တင်မယ်ဆိုရင်လည်း တစ်ဝကြီးကို ခေါင်းငုံ့ခံယူဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ခြံတခါးကို တွန်းဖွင့်ဝင်လိုက်ချိန်မှာ ကျွန်တော့်ရင်ထဲ အမည်မဖော်နိုင်တဲ့ ခံစားမှုတစ်ခုကို ရလိုက်မိပါတယ်။ အမေတစ်ယောက်ရဲ့ မေတ္တာတွေ ရှိနေတဲ့ ဒီအိမ်ရိပ်က ကျွန်တော့်ရဲ့ အမေ့အပေါ် လွမ်းဆွတ်နေမှုကို ပိုလို့ တိုးလာစေပါတော့တယ်။ အိမ်ပေါ်ရောက်လို့ အမေ့ကို တွေ့တွေ့ချင်း ထွေးဖက် ငိုလိုက်မိတော့ အမေက ကျွန်တော့်ခေါင်းက ဆံပင်တွေကို ဖွဖွညင်သာ ပွတ်သတ်လို့။ အမေ့ရဲ့ အမြင်ချို့တဲ့နေရှာတဲ့ မျက်စိနှစ်ကွင်းမှာ မျက်ရည်ကြည်များ ရုတ်ချည်း အိုင်ထွန်းလို့လာတယ်။ အမေက တအံ့တသြနဲ့ “ငါ့သား ဆိုင်းမဆင့်ဗုံမဆင့် ပြန်လာပါရော့လား..” တဲ့။ “အလုပ်တွေ တိုးချဲ့ရမှာမို့ ပြန်လာဖို့ မဖြစ်သေးဘူးဆို..”တဲ့။ အမေ့ရဲ့ ထူးဆန်းတဲ့ စကားတွေကြောင့် ကျွန်တော် ကြောင်အသွားတယ်။ ခြောက်လလုံးလုံး စာတစ်စောင်မျှ မပို့၊ ဖုန်းတစ်ခါမျှ မဆက်သွယ်ခဲ့တာ။ အမေက ဒီလိုဘာကြောင့် ပြောရပါလိမ့်။ ကျွန်တော့်ရဲ့ ဇဝေဇ၀ါအတွေးတွေက ထမင်းစားခန်းထဲ ရောက်ချိန်မှာတော့ တဖြည်းဖြည်းနဲ့ အဖြေပေါ်လာခဲ့ရပါတော့တယ်။ အမေက ကျင့်သားရနေတဲ့ ကျွန်တော်တို့ရဲ့ ထမင်းစားခန်းနဘေးက စင်လေးပေါ်ကို စမ်းတစ်ဝါးဝါးနဲ့ရှာရင်း လှမ်းယူလိုက်တော့ အမေ့လက်ထဲမှာ ကဒ်ထူပြားအထပ်လိုက်လေးတွေ အရေအတွက်နှစ်ဆယ်လာက် ထည့်ထားတဲ့ ဗူးလေးတစ်ခု။ “ ဒါ.. သားပို့ ပေးထားတဲ့ ပို့စကဒ်လေးတွေလေ၊ အမေသိမ်းထားတာ၊ နုနုက စာတိုက်မှာ လုပ်တယ်ဆိုတော့ အမေ့ဆီ သားပို့ပို့ပေးတဲ့ ပို့စ်စကဒ်လေးတွေ ယူယူလာပြီး ဖတ်ပြရှာတယ်လေ၊ ဒီကဒ်လေးတွေကနေ ငါ့သားရဲ့ သတင်းအခြေအနေတွေ အသေးစိတ် အမေအကုန် သိနေရတာပေါ့၊ ငါ့သားလေး.. အမေ့ကို အလုပ်တွေ တစ်ဖက်နဲ့ အခုလို မမေ့မလျှော့ရှိနေတာ သိရတော့ အမေ့မှာ ၀မ်းသာမဆုံးဘူး၊ အမေ့သားလေး ဘေးမသီရန်မခဖို့ အမြဲ ဆုတောင်းမေတ္တာ ပို့ပေးနေတယ်၊ သားကို သတိရတိုင်း နုနုကို ဒီကဒ်လေးတွေက အမေ့သားရေးထားတဲ့ စာလေးတွေ ပြန်ဖတ်ဖတ်ခိုင်းရတယ် ” အမေ့စကားနားထောင်ရင်း ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်လာတယ်။ အမေ့လက်ထဲက ပို့စကဒ်မဟုတ်တဲ့၊ စာတစ်လုံးသော်မျှ မရေးထားတဲ့၊ နုနုရဲ့ဖန်တီးထားတဲ့ ပို့စကဒ်ဆိုတဲ့ ဘာဆိုဘာမှ မဟုတ်တဲ့ ကဒ်ထူပြားလေးကို ကြည့်နေရင်း ရင်ထဲ ရုတ်ချည်း ဆို့နင့်လို့ ကြေကွဲလာမိတော့တယ်။ ငယ်ငယ်က ဆေးထိုးမှားလို့ လမ်းလျှောက်ရင် ခြေထောက်လေး တစ်ဘက် ဆာနေရှာရတဲ့ တဖက်ခြံက နုနု၊ အမေ့အတွက် ကျွန်တော်လွှဲပေးနေတဲ့ ငွေတွေကို ထုတ်ယူပြီး အမေ့ကို ပို့ပေးနေရှာတဲ့ နုနုကို ကျွန်တော် မြင်ယောင်လာမိတယ်။ စာတစ်လုံးမှ မဖတ်နိုင်ရှာတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရရှာတဲ့၊ သားနဲ့ဝေးနေရတဲ့ အမယ်အိုကြီးတစ်ယောက်ရဲ့ သားအပေါ် လွမ်းဆွတ် ဝေ ဒနာကို တစ်ဖက်တစ်လမ်းကနေ ကြိုးစားနှစ်သိမ့်မှု ပေးနေရှာတဲ့ နုနုရဲ့ မွန်မြတ်တဲ့စေတနာက သူ့လို သားမျိုးအတွက် နက်နက်ရှိုင်းရှိုင်း ထိုးနှက်ခြင်း ခံလိုက်ရပါပြီ။ အဲ့ဒီအချိန်မှာပဲ…. “ အဖွားရေ… အဖွားသားဆီက ပို့စ်စကဒ်လေး တစ်ခု ထပ်ရလာပြန်ပြီ၊ ဖတ်ကြရအောင်နော်.. ” ဆိုပြီး ခြေထောက်လေးဆာတာဆာတာ ထောက်ပြီး လှမ်းလို့ အိမ်ထဲကို နုနုဝင်လာပါတယ်။ အမေ့မျက်နှာက ပြုံးရွှင်ဝင်းလက် သွားလျှက်က … “ အမေ့သားလည်း ပြန်ရောက်နေတယ် နုနုရေ၊ လူရော.. ပို့စကဒ်ရော တစ်ပြိုင်နက်ထဲ ရောက်လာတာပါလား ” လို့ ၀မ်းသာစွာ ပြောလေတယ်။ ကျွန်တော့်ကို ရုတ်တရက် တွေ့လိုက်တော့ နုနုက အံ့သြသင့်သွားပေမယ့်… “ ရှင်က အမေ့ကို သိပ်ချစ်တဲ့ သားတစ်ယောက်ပဲနော်၊ ခရီးသွားနေတာတောင် စာတွေ အဆက်မပြတ် ပို့ပေးနိုင်တယ်…၊ အမေကြီးမှာ ဒီလိုသား မျိုးရတာ သိပ်ကံကောင်းတာပဲနော်” နုနုနှုတ်က ထွက်လာတဲ့ စကားလုံးတွေက ကျွန်တော့်ရင်ကို ဓါးနဲ့ နုတ်နုတ် မွှမ်းနေသလိုပါဘဲ။ မိဘတွေဆီ ငွေကြေးတွေမှန်မှန် ပို့ပေးနေယုံနဲ့ မလုံလောက်ဘူး။ ငွေကြေးထက် အရေးကြီးတဲ့ ဘယ်လိုအရာတွေကို မိဘတိုင်းက သူတို့ရဲ့ သားသမီးတွေဆီကနေ လိုအပ်နေတယ်ဆိုတာ နုနုရဲ့ ကဒ်ထူပြားလေးတွေဆီကနေ ကျွန်တော် သိခွင့်ရခဲ့ပါပြီ။ နုနုကို ကျွန်တော်က နှုတ်ခမ်းအနားမှာ လက်ညှိုးနဲ့ ပိတ်သလို လုပ်ပြလျှက်က…. “ နုနုယူလာတာ ကျွန်တော်နောက်ဆုံး အိမ်မပြန်ခင်က ပို့လိုက်တဲ့ ပို့စကဒ် ဖြစ်လိမ့်မယ်၊ ပေး..ပေး.. ကျွန်တော်ကိုယ်တိုင်ပဲ အမေ့ကို အခု ဖတ်ပြလိုက်ပါ့မယ်၊ အမေရော နုနုရော သေချာနားထောင် ပေးပါနော်၊ ကျွန်တော့်ရဲ့ အမေ့ဆီ နောက်ဆုံးပို့တဲ့ ဒီပို့စကဒ်လေးကို ကျွန်တော် ကိုယ်တိုင် ဖတ်ပြချင်မိလို့ပါ ” ကျွန်တော်ရဲ့ မုသားစကားအတွက် နုနုတစ်ယောက် ခွင့်မလွှတ်ရင်လဲ နေပါတော့။ အမေ့နဘေးမှာ ကျွန်တော် ဒူးထောက်ထိုင်ချလိုက်တယ်။ ကျွန်တော့်ရဲ့ လက်တစ်ဖက်က အမေ့ရဲ့ အရေပြားတွန့်တွေ ဖုံးအုပ်ထားတဲ့ လက်ကလေးကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ယူလိုက်ပြီး၊ ကျန်တဲ့ လက်တစ်ဖက်က ဖန်တီးထားတဲ့ ပို့စကဒ်လို့ဆိုတဲ့ ဘာဆိုဘာမှ ရေးထားခြင်းမရှိတဲ့ ကဒ်ပြားလေးကို ကိုင်လို့ အခုလို ပြောလိုက်တယ်။ “ အမေ…. အမေ့ကို ကျွန်တော်ချစ်ပါတယ်၊ အမေ့ကို ကျွန်တော် ဂရုမစိုက်ပဲ ထားခဲ့တဲ့ အချိန်တွေ နောက်ထပ် မရှိစေရတော့ပါဘူး၊ ကျွန်တော် အမေနဲ့အတူ မခွဲမခွာနေသွားမယ်ဆိုတာ အမေ့ကို ဂတိပေးပါတယ် ” ကျွန်တော်အသံတွေ တုန်ရီကောင်း တုန်ရီနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့် စကားအဆုံးမှာတော့ အမေနဲ့ နုနုတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်က ကြည်နူးပီတိဆေးမှင်နဲ့ ရေးခြယ်ထားတဲ့ ဖြူစင်မေတ္တာစာတွေကိုတော့ ကျွန်တော် ၀မ်းမြောက်ဝမ်းသာစွာ ဖတ်ရှုခွင့် ရရှိလိုက်ပါတော့တယ်။ ( ၀န်ခံချက် – လွန်ခဲ့တဲ့ နှစ်၂၀လောက်က ဖတ်ထားဖူးခဲ့တဲ့ အမည် မမှတ်မိတော့သည့် ဘာသာပြန် ၀တ္တုလေးတစ်ပုဒ်ကို ပြန်လည်ကျောရိုးယူ၍ ခံစားရေးထားခြင်း ဖြစ်ပါသည်။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
**မြသွေးနီ**

No comments:
Post a Comment