တဒေါက်ဒေါက် အသံကို
ကျောင်းနှင့် အလှမ်းနည်းနည်း
ကွာသော်လည်း ကြားနေရသည် ။ ဖုန်းဆိုးကွင်းကျေးရွာ၏ အခြေခံပညာ မူလတန်းကျောင်းကလေးကို
အမိုးမိုးရန်အတွက် မနေ့ကပင်ချိန်းဆိုထား ပြီးဖြစ် သောကြောင့် အိပ်ရာမှ နိုးသည်နှင့် ကျောင်းဆီသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤကျေးရွာ၏ လိုအပ်ချက်ကြောင့် မူလတန်းကျောင်းအဖြစ် အသိအမှတ်ပြုလိုက်သော ( 1983 ) ခုနှစ်မှာပင် ကျွန်တော်က တာဝန်ခံကျောင်း အုပ်အဖြစ် တာဝန်ထမ်းခဲ့ရပါသည် ။ အလုပ်အတွက် လိုအပ်သော နှီးများရရှိရန် စောစောစီးစီးမှာပင် ကျောင်းသို့ရောက်၍ ကျောင်းရှေ့ခုံတန်းလျားပေါ်မှာ
နှီးဖြာနေသည့် ဦးလေး ဦးဇော်မင်းကို ကျောင်းအ၀င် လမ်းမှ တွေ့လိုက်ရသည် ။ ဦးလေးက ကျွန်တော့်ထက်တောင်စောနေပါလား ဟုပြောလိုက်ရာ နှီးမလောက်မှာ စိုးတာနဲ့ ထပ်ပြီးလုပ်ထားမယ်ဆိုပြီး စောစောလာခဲ့တာပဲ ဆရာလေးရေ ။ ပိုတော့လည်း လိုတဲ့နေရာသုံး ဖို့ တစ်မိုး လုံး ရှိသေးတယ်မဟုတ်လား ဟုပြောကာ ဦးလေးက ဆက်၍ နှီးဖြာနေပါသည် ။ သူကိုင်ထားသော ဓားကိုကြည့်လိုက်ရာ အဖျားပိုင်းမှာ မို့မောက်၍ နေသပါသည် ။ ဦးလေးကိုင်ထားတာ ဘာဓားလဲ ဟုမေးလိုက်မိသည် ။ အဲဒါ ဓားမောက်လို့ ခေါ်တယ်လေ ။ အခုတော့ တော်တော်လေး အတွေ့ရနည်းသွားပြီပေါ့ ဟုပြန်ဖြေပါသည် ။ နောက်မှ ပတ္တမြားမှာ ငမောက် ၊ ဓားမှာ ဓားမောက် လို့ ဆိုစကားလည်းရှိတယ် ဆရာလေးရဲ့ ဟုဆက်ပြော သဖြင့် မှတ်သားလိုက်မိသည် ။ မကြာမီမှာပင် ကျေးရွာသားများကရောက်ရှိလာကြပြီး ကျောင်းကလေး၏ အမိုးကို ဓနိများဖြင့် မိုးပါတော့သည် ။ ဤဓနိများ မှာ ရွာအနီးရှိ ဓနိတောများမှ ပိုင်ရှင်များ၏ အလှူများသာ ဖြစ်ကြသည် ။ ဓနိလှူသူက လှူပြီး ဓနိပြစ်များဖြစ်အောင် မိန်းကလေးများက တာဝန်ယူကာ လုပ်အားဒါန ပါဝင်ကြသည် ။ ရွာသားများက ဥယျာဉ် ခြံမြေပိုင်သူများထံမှ ၀ါးများကို အလှူခံကာ ခုတ်ယူခြင်း ၊ ထရံရက်လုပ်ခြင်းများကို ဆောင်ရွက်ခဲ့ ကြပြီး ကျောင်းကလေးကို အမိုးအကာလုံခြုံမှုရရှိစေရန် စုပေါင်းလုပ်ဆောင်နေကြသည့် အင်အား ညီညွတ်မှုကြောင့်လည်း အားရစရာ ဖြစ်ရပါသည် ။ ရွာကလေးတွင် ရှိသော ကလေးသူငယ်များကိုလည်း အရွယ်မရောက် မီတွင် လုပ်ငန်းခွင်များမှာ မခိုင်းမစေကြပဲ ကျောင်းသားကျောင်းသူများအဖြစ် ပညာရေးအတွက် စုဆောင်းခဲ့ကြပါသည် ။ စုစည်းညီညွတ်မှု ၊ အားမာန်တက်ကြွမှု နှင့် ပညာရေးဖြင့် အနာဂတ်ကိုကြိုဆိုမှု တို့ကြောင့် အရည်အချင်းပြည့်မီသော မူလတန်းကျောင်း ကလေး ဖြစ်တည်လာခဲ့ရပါသည် ။ တစ်မနက်တည်းနှင့်ပင် ကျောင်းကလေးမျာ အမိုးမိုးပြီးသွားပါသည် ။ ထိုအခါ ရွာလူကြီးတို့၏ စီမံထားမှုကြောင့် ရွာထဲမှ ထမင်းဟင်း ချက်ပြိး လာပို့ကြပါတော့သည် ။ အလုပ်လုပ်သူများမှာ ဗိုက်ဆာနေကြသဖြင့် အားရပါးရ စားကြပါတော့သည် ။ ကျွန်တော်လည်း အသက်ကြီးသော ရပ်ရွာလူကြီးများ၏ ၀ိုင်းမှာ နေရာချပေးခြင်းကိုရသဖြင့် နှီးဖြာသော ဦးလေးနှင့် တစ်ဝိုင်းတည်းဆုံပါတော့သည် ။ ဦးလေးက ပတ်ဝန်းကျင်မှ လူ များကို ဒို့ ဆရာလေးက ဓားမောက်ကို မတွေ့ဖူးလို့ ပြရသေးတယ်ကွ ။ အခု ဒို့စားနေတာက ငါးသလောက်ဟင်းနဲ့ ဆိုတော့ စာဆိုလည်းကိုက်လာပြီ ဟုပြောပါသည် ။ ကျန်လူများက ဘာ စာလဲဆိုတာပြောပြအုံးလေဟု ၀ိုင်းပြောကြပါသည် ။ မင်းတို့လည်း သိပါတယ်ကွာ ။ ဓာမှာ ဓားမောက် ၊ ငါးမှာ ငါးသလောက် ၊ မယားမှာဆံတောက် ဆိုတာလေ။ ။ ဒို့ဆရာလေးက လူပျိုလေးဆိုတော့ မယား မှာဆံတောက်ကို လိုမှာပေါ့ ။ မဟုတ်ဘူးလား ဆရာလေး ။ လို့ မေးပြောပြောလာတာနဲ့ ဦးလေးရေ ဆံတောက်တွေကလည်း ရှိသေးရဲ့ လားလို့ မေးလိုက်မိပါတယ် ။ ဦးလေးလည်း နည်းနည်းတွေသွားပြီးမှ ဟုတ်တယ် ဆရာလေးရေ ဓားမောက်လိုပဲ ဆံတောက်လည်း တော်တော်ရှားသွားပြီဟု ပြန်ဖြေသဖြင့် ပွဲကျသွားပါတော့သည် ။ အမယ် ရှင်က ထမင်းစားရင်း ဘာတွေတွေးပြီးပြုံးနေတာလဲ ဟူသော အမေးကိုကြားမှ အတိတ်ကို ပြန်လည်သွားမိသော မိမိ၏စိတ်ကို ဖမ်းလိုက်ကာ ဇနီးကို ပြန်ပြောမိပါသည် ။ ပတ္တမြားမှာ ငမောက်တဲ့ ။ ဓားမှာ ဓားမောက် ၊ ငါးမှာ ငါးသလောက် ၊ မယားမှာ ဆံတောက် ဆိုတာကို တွေးမိလို့ပါ မိန်းမရာ ။ အခုစားနေတာက ငါးသလောက် မို့လို့ အရင် မူလတန်းကျောင်းမှာ အလုပ်ဝင်တုန်းက ရွာကလူတွေပြောပြောနေတာ သတိရပြီး ပြုံးမိတာပါကွာ ။ အမယ် ဒီငါးသလောက်ကို ဈေးက၀ယ်လာတာ မဟုတ်ဘူး ရှင်ရေ့ ။ ဒိုင်က မိတ်ဆွေကို မှာထားရတာ ။ ရှင်က ငါးသလောက်ကလေးဘာလေး စားရရင် ကောင်းမှာပဲ လို့ ပြောပြောနေလို့ စီစဉ်ထားရတာ ။ ငါးသလောက်တွေလည်း နိုင်ငံခြားကို ပို့နေပြီလေ ။ ဈေးမှာ မြင်ရဖို့ ခဲယဉ်းသွားပြီ ရှင် ရဲ့ ။ ဟင် ၊ ဒါဆို ... ပတ္တမြား နဲ့ ဓား ငမောက် ၊ ငါးသလောက် နဲ့ ဆံတောက်မယားတွေ ပျောက်သွား လေပြီကော လို့ ညည်းရ တော့မှာလား ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ် အတွင်းမှာ မြန်မာနိုင်ငံရဲ့ အနှစ်သာရနဲ့ အသွင်တွေ တော်တော်များများ ပုံပြောင်းတာ ၊ ပျောက်ပျက်တာတော့ အသေအချာပေါ့ ။ အင်း ထပ်ပြီး ဘာတွေ ပျောက်အုံးမှာလဲ ။ ဧရာဝတီမြစ်ကြီးလည်း ချောက်ချောက်ချားချား ဖြစ်နေပြီလို့ ကြားရတယ် ။ ဧရာဝတီ ယဉ်ကျေးမှုဆိုတာ မြန်မာတို့ ရဲ့ ယဉ်ကျေးမှု သမိုင်းအစဆိုတော့ ဧရာဝတီသာ ပျောက်ရင် ဒို့ မြန်မာတွေလည်း ပျောက်မှာ သေချာနေပြီပဲ ။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ မိခင် မြစ်ကြီးဧရာဝတီ ဆက်လက်ရှင်သန် စီးဆင်းနိုင်ပါစေကြောင်း ... သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
**ငြိမ်းစိုးဦး**
-မယားဆံတောက် ၊ နောက် အလွန်-

No comments:
Post a Comment