သူသည် အလုပ်အသစ်တွင် ညဖက်၌ တာဝန်ယူရခြင်း ဖြစ်သည်။ ယာယီ ခေတ္တခဏ နေထိုင်ရာ အိမ်မှ အလုပ်အထိ ကီလိုမီတာအားဖြင့် ၂၀ ခန့်သာ ဝေးပါသည်။ သို့သော် အိမ်နှင့် အလုပ်အကြားတွင် သစ်တောတစ်ခု ရှိပါသည်။ သစ်တောအတွင်း ဖြတ်သန်းရာတွင် အချို့နေရာများ၌ အမြန်နှုန်း ကီလိုမီတာ ၆၀ ခန့်သာ ကားမောင်းခွင့် ပြုထားပါသည်။ ဒိန်းမတ်နိုင်ငံ၏ `ဂစ်ဖ်စကို့´ (Gribskov) သစ်တောသည် အခြား သော နေရာများထက် သမင် အရေအတွက်သည် အများဆုံး ဖြစ်ပါသည်။ ကားလမ်းပေါ်ရှိ သတိပေးဆိုင်းဘုတ်များတွင် ကားလမ်းပေါ်သို့ သမင်များ ဖြတ်ပြေး တတ်ကြောင်း သတိပြု ရန် ကြေညာထားပါသည်။ သူသည် ပထမက ကိုဂျွန်နှင့် ကရင်လေး စောဘတိုးတို့ အိမ်၌ နေပါသည်။ ထိုမှတဖန် သူနှင့် မြန်မာနိုင်ငံ တွင် တရပ်ကွက်တည်းသား ဖြစ်သော ၀ဏ္ဏ အခန်းသို့ ပြောင်း ရွှေ့နေခဲ့ပါသည်။ `လ´သာသော ညတစ်ညတွင် သူသည် အိမ်မှ ည (၁၁)နာရီ ကျော်ကျော်ခန့်၌ စတင် ထွက်ခွာခဲ့ပါသည်။ အဝေးပြေးလမ်း အမှတ်(၂၅၁) ခေါ် Helsinge vej သို့ သူသည် ပုံမှန်ထက် ပိုပြီး တိုတောင်းသော ဖြတ်လမ်းမှ ၀င်ရောက် မောင်းနှင် လေ့ရှိပါသည်။ ထိုလမ်းမှာ သစ်တောအတွင်းမှ ကွေ့ပတ် မောင်းနှင်ရသော လမ်းဖြစ်ပါသည်။ ညဖက်တွင် အလုပ်ဆင်း ပုံရသည့် ထိုဒေသမှ မော်တော်ကား အများစုလည်း သူ ကဲ့သို့ပင် သစ်တောအတွင်းမှ ကွေ့ပတ် မောင်းနင်းလေ့ ရှိပါသည်။ ထိုနေ့ညက သူ အပါအ၀င် အခြား မော်တော်ကား သုံး … လေး စီး ခန့်တို့သည် တစ်နာရီ ကီလိုမီတာ (၇၀)ခန့်အထိ မောင်းခွင့် ပေးထားသော သစ်တော အတွင်း၌ ကီလိုမီတာ (၈၀) ခန့်နီးပါးနှုန်း ဖြင့် မလှမ်းမကမ်းဆီ ရှေ့နောက်ဆင့်ပြီး မောင်းနှင်လာခဲ့ကြသည်။ ရုတ်တရက် ကားလမ်း ဂွေ့တစ်ခုသို့ ရောက်သောအချိန်တွင် သူတို့ ကားတန်းနှင့် မျက်နှာချင်းဆိုင်ဖက်မှာ ကား သုံး ...လေး စီးခန့် ရှေ့နောက်ဆင့်၍ မောင်းနှင်လာသည်ကို တွေ့လိုက် ရပါသည်။ ထိုအချိန်တွင် လမ်း၏ ဟိုတဖက်ခြမ်းမှ လမ်းကို ကန့်လန့်ဖြတ်ပြီး ပြေးလွှားလာသော `ကြောင်´ တစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရပါသည်။ ထိုသို့ ကားလမ်းကို ဖြတ်ပြေး လာသော `ကြောင်´သည် တဖက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာ သော ရှေ့ဆုံးကားကို အောင်မြင်စွာ ဖြတ်ပြေးလာပါသည်။ သို့သော် ထို `ကြောင်´သည် လမ်းအလယ်၌ ရပ်တန့် မနေပါ။ သူသည် ကီလိုမီတာ (၈၀)နှုန်းခန့်ဖြင့် မောင်းနှင်းလာသော သူ့ကားအား ရုတ်တရက် `ဘရိတ်´ အုပ်ဖို့ မလွယ်ပါ။ အကယ်၍ ရုတ်တရက် `ဘရိတ်´ အုပ်နိုင်ခဲ့သည် ထားအုံး သူ့ကားနောက်ဖက်မှ ပါလာသော ကားများ၏ အရှိန်နှင့် အန္တရာယ်ကလည်း မသေးပါ။ ကားဟွန်း တီးဖို့ပင် အချိန် မရလိုက်ပါ။ သူ့ကားသည် တစုံတခုကို ကြိတ်မိသွားသည်ဟု သေသေချာချာ သိလိုက်ပါသည်။ စိတ်မကောင်းဖြစ်စွာနှင့် သက်ပြင်းပဲ ချလိုက်နိုင်ပါတော့သည်။ ဤသို့ဖြင့် နောက်တနေ့ မိုးလင်း အလုပ်ပြန်ချိန်တွင် ထိုလမ်း ပေါ်သို့ သူ ရောက်ခဲ့ပြန်ပါသည်။ ညက ဖြစ်ခဲ့သော နေရာတွင် သွေးစ သို့မဟုတ် တစုံတခု ကားအကြိတ် ခံထားရသည့် အနေအထားများ မြင်တွေ့ရမလားဟု ကားကို ခဏရပ်ပြီး သူ ရှာဖွေနေမိသည်။ မည်သည့် အရာကိုမျှ သူ မတွေ့ခဲ့ရပေ။ ညဖက် ပုံမှန် အလုပ်သွားနေကြ ထိုလမ်းပေါ်သို့ သူ ရောက် ခဲ့ပြန်ပါသည်။ ညက ဖြစ်ခဲ့သော ထိုနေရာသို့ သူ့ကား ဖြတ်သွား ချိန် ခဏလေးအတွင်း ကြောင်တစ်ကောင်၏ စူးစူးဝါးဝါး အော်သံ ကို သူ ကြားလိုက်ရသည်။ သူ့စိတ်ထဲ ဇဝေဇ၀ါဖြင့် ကားကို ဆက်မောင်းခဲ့ပါသည်။ နောက်ရက်များတွင်လည်း ထိုနေရာသို့ ဖြတ်သွားတိုင်း ကြောင်အော်သံကို ကြားနေရသည်။ ညဖက် အလုပ် လုပ်ရသောကြောင့် အိပ်ရေးမ`၀´လို့လား၊ သို့မဟုတ် စိတ်ထဲ စွဲနေလို့လား … လား ပေါင်းများစွာဖြင့် အဖြေရှာမရ။ ဤသို့ဖြင့် ရက်သတ္တပတ် (၂)ပတ်နီးပါးလောက် ညစဉ်ဆက်တိုက် ကြားလာရသောအခါ ထိုကိစ္စကို အလုပ်ထဲမှ မိတ်ဆွေများအား ပြောပြမိသည်။ သီရိလင်္ကာ တမီးလ်လူမျိုး သူ့မိတ်ဆွေက … `တိရိစ္ဆာန်အစား အစား ရောင်းတဲ့ဆိုင်က ကြောင် စားတဲ့ အစား တစ်ထုတ်လောက် ၀ယ်လိုက်ကွာ … ပြီးတော့ ကားနဲ့ တက်ကြိတ်မိခဲ့တဲ့ အဲဒီနေရာမှာ .. .ရောဟေ့လို့ ပြောပြီး ပြစ်ချပေးခဲ့ကြည့်ပါလား …. ´ ပိုလန်လူမျိုး အဖိုးကြီးကတော့ … `မင်း ကားနဲ့ ကြိတ်မိခဲ့တဲ့ နေရာက ဟိုအရင်က ရိုးမေးနီးယား ဂျစ်ပစီ တွေ နေတယ်၊ အဲဒီတောထဲမှာ သူတို့ တရားမ၀င် ခိုး နေလိုက်၊ ဒိန်းမတ် ရဲက သိတာနဲ့ မောင်းထုတ်လိုက် ပေါ့၊ သူတို့ မွေးထားတဲ့ ကြောင် ဆိုရင်တော့ မင်း သတိတော့ထားရလိုက်မယ်၊ ရိုးမေးနီးယား ဂျစ်ပစီ အမျိုးသမီး တော်တော်များများ `မှော်´ ပညာကို တတ်တယ်ကွ၊ မင်းတို့ အာရှတိုက်က `မှော်´ တို့ `ကဝေ´ တို့ `စုန်း´ တို့ ဆိုတာ ရုပ်ရှင် ထဲမှာပဲ အစွမ်းရှိတာ၊ အပြင် လက်တွေ့မှာ ဘာမှ မစွမ်းဘူး၊ ရိုးမေးနီးယား မှော်ဆရာမတွေက အရမ်း စွမ်းတယ်၊ သူတို့ရဲ့ ကွန်မြူနစ် အာဏာရှင် နီကိုလိုင် ချောင်ရှက်စကူး လက်ထက်က ဆိုရင် အဲဒီ ဂျစ်ပစီ မှော် ပညာသည်တွေ နေတဲ့ ရွာကို သေနတ်နဲ့ ပြစ်ကြည့်တာ ကျည် မထွက်လို့ အမြှောက်နဲ့ ထုပြီး မြို့နံဘေး ကနေ မောင်းထုတ်ဖူးတယ်၊ ငါ့သူငယ်ချင်း တစ်ယောက်ရှိတယ်၊ သူ့မိန်းမက ရိုးမေးနီးယားသူ၊ ငါ မေးကြည့်ပေးမယ်၊ အကောင်းဆုံး ကတော့ အဲဒီ လမ်းကို ဒီရက်ပိုင်း အလုပ်သွား အလုပ်ပြန် အတွက် မသွားနဲ့ပေါ့ …. ´
ဤသို့ဖြင့် အလုပ်သို့ ၁၅ မိနစ် ကျော်ကျော် မောင်းရသော လမ်း ကို ကျောခိုင်းပြီး မိနစ် ၂၀ ကျော်ကျော် မောင်းရသော လမ်းကို သူ အသုံးပြုခဲ့ပါသည်။ နောက် လေးရက်ခန့် ကြာသောအခါ ပိုလန် အဖိုးကြီးက စာအိတ်တစ်အိတ်ကို ကိုင်လာပြီး …. `ငါ့သူငယ်ချင်းရဲ့ မိန်းမ ရိုးမေးနီးယားသူက စာ ရေးပေးလိုက်တယ်၊ အဲဒီစာအိတ်ကို မင်း တက်ကြိတ်ခဲ့တဲ့ အချိန်အတိုင်း အဲဒီနေရာကို သွားပြီး အဲဒီနေရာရောက်ရင် ဒီစာအိတ်ကို ပြစ်ချခဲ့လိုက် တဲ့ …. ´ ပိုလန် အဖိုးကြီး ပြောသည့်အတိုင်း သူ သေသေချာချာ ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ စာအိတ် ပြစ်ချခဲ့သည့် ညမှ စ၍ ထို တောလမ်း ကို ဖြတ်ပြီး အလုပ်သွား အလုပ်ပြန် ပုံမှန်အတိုင်း သူ သွားလာခဲ့ ပါသည်။ မည်သည့် ကြောင်အော်သံကိုမှ သူ မကြားရတော့ပါ။ ပိုလန်အဖိုးကြီးအား ကျေးဇူးများစွာတင်ကြောင်း သူ ပြောပြမိသည်။ အဖိုးကြီးက …. `သူတို့ဖက်က ကျေအေးသွားလို့ ဖြစ်မယ်၊ သို့ပေမယ့် သူတို့ ဘယ်လောက်အစွမ်းရှိကြောင်း တခါလောက်တော့ ပြ တတ်တယ်ကွ၊ စိုးရိမ်းစရာ မရှိပါဘူး၊ အစွမ်းပြတာပဲ ကြုံရင် ကြည့်လိုက်ပေါ့ ကွာ ….´ ….................. …............ …...
တနေ့ညနေ၌ ကိုဂျွန်ထံမှ ဖုန်းဝင်လာပါသည် … `ဟေ့၊ အိမ်မှာ အမဲသားဟင်း ချက်ထားတာ ရှယ်ပဲ၊ အားရင် ထွက်လာခဲ့လေ၊ ခင်ဗျားရယ် ကျနော်ရယ် ဦးသောင်းရယ်ပဲ စားတာ၊ ကျနော်တို့အိမ်ကနေ အလုပ်ကို တန်းသွားလည်း ရတာပဲလေ …. ´ ထိုနေ့ညက ကိုဂျွန်တို့အိမ်မှ အလုပ်သို့ ယခင်အချိန်အတိုင်း သူ ထွက်လာခဲ့သည်။ ၀ဏ္ဏ အိမ်မှ အလုပ်သို့ သွားသောလမ်း၌ ထိုတောသို့ ဖြတ်ရသည်မှာ ခဏလောက်သာ ဖြစ်သောလည်း ကိုဂျွန်တို့အိမ်မှ သွားသောလမ်း၌ ထိုတောသို့ ဖြတ်သန်းရသည် မှာ အနည်းငယ်ထက် ပိုကြာပါသည်။ ကားမီးကြီးကို ဖွင့်ပြီး `မြူ´ အနည်းငယ်ကျနေသော တောလမ်းအတိုင်း ကီလိုမီတာ (၆၀) မပြည့်တပြည့် နှုန်းဖြင့် သူ မောင်းနှင်လာခဲ့ပါသည်။ သူ့ကား၏ မီးရောင်အောက်တွင် ဟိုးရှေ့ ခပ်လှမ်းလှမ်း၌ သမင်တစ်ကောင် ကားလမ်းကို ဖြတ်ပြေးလိုက်သည်ကို တွေ့လိုက်ရပါသည်။ သူ့ကား အနောက်ဖက်၌ မည်သည့်ကားမျှ ပါမလာသောကြောင့် ကား အရှိန်ကို အနိမ့်ဆုံးနီးပါး လျှော့ချလိုက်ပါသည်။ သမင်သည် သူ့ကား မီးရောင်အောက်မှာပင် တဖက်ကမ်းသို့ အောင်အောင်မြင်မြင် ကူးဖြတ် သွားပါသည်။ ကားမောင်းရင် လမ်းတဖက်ဆီသို့ လှမ်းကြည့် မိလိုက်သည်။ သမင်သည် တောထဲသို့ မ၀င်သေးပဲ သူ့ကားကို ကြည့်နေပါသည်။ သမင် ရပ်နေသော နေရာနံဘေးမှ ကားကို ဖြတ်မောင်းခဲ့ပါသည်။ ရုတ်တရက် နောက်ကြည့်မှန်မှ သမင်ကို ကြည့်လိုက်မိသည်။ သူ့ပါးစပ်သည် အလိုလို ပွင့်သွားပြီး သူ့ဆံပင် များလည်း ထိုးထောင်သွားသည်ဟု သူ ခံစားမိသည်။ သူ့ကား၏ နောက်ကြည့်မှန်၌ ခုနက သမင်ကို မမြင်ရပဲ လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ နောက်ကြည့်မှန်ကို သူ သေသေချာချာ ထပ်ကြည့်လိုက်ပါသေးသည်။ ဂျင်းဘောင်းဘီ ၀တ်ထားသော အမျိုးသမီးတစ်ယောက်ကို သူ့ တွေ့လိုက်ရသည်။ သူ့ညာဖက်ခြေဖ၀ါးသည် ကားအရှိန်မြင့် `လီဗာ´ အား အလိုလို ဖိနင်း လိုက်မိပါတော့သည် ….....
**စစ်ငြိမ်းဒီရေ**
Posted by ကိုအောင်
- ကြောင်သရဲ-

No comments:
Post a Comment