မိုးများ တအုန်းအုန်း ရွာသွန်းနေ၏။ တံခါးပေါက်တွေ အကုန်လုံး ပိတ်ထားပေမဲ့လည်း တံစပ်မြိတ်မှ ကျလာသော ရေသံကိုမူ အတိုင်းသား ကြားနေရသည်အထိပင် မိုးက သည်းထန်လှသည်။ သို့ပေရာ အပြင်မှာ မိုးသံလေသံများနှင့် ဆူညံနေသည်။ တစ်ခါတရံ မိုးချူန်းသံကိုပင် ကြားရသည်။ သို့သော်ငြား အိမ်၏ အတွင်းပိုင်းတစ်နေရာမှာတော့ အပြင်ဘက်က ဆူညံသံများနှင့် ခြားနားစွာ အရာရာသည် ပကတိ ငြိမ်သက်လျက်ရှိသည်။ လူနှစ်ယောက်၏ အသက်ရှုသံ သဲ့သဲ့ကသာ အခန်းတွင်း ကြီးစိုးနေလေ၏။ ထိုလူနှစ်ယောက်မှာ သူနှင့်ကျွန်မသာ ဖြစ်၏။ သူ အလုပ်က ပြန်ရောက်လာကတည်းက “ ကျွန်မ ပြောစရာရှိလို့ ” ဆိုကာ သူ့ကို ထမင်းစားခန်းထဲ ခေါ်လိုက်ရပေမဲ့ အခုချိန်ထိ ကျွန်မ ဘာစကားတစ်ခွန်းမှ မဆိုမိသေး … သူနှင့်ကျွန်မ သည်ထမင်းစားစားပွဲလေးတွင် ထိုင်နေခဲ့သည်ကတော့ ဆယ်မိနစ်လောက် ရှိသွားခဲ့ပါပြီ။ ထိုအချိန်အထိ ကျွန်မ သူ့ကို မျက်ဝန်းများဖြင့်သာ စူးစူးစိုက်စိုက် ကြည့်နေခဲ့မိပြီး နှုတ်ခမ်းကိုတော့ တင်းတင်းစေ့ထားမိလေသည်။ ကြာလာတော့ သူလည်း မနေတတ်တော့ဘူး ထင်၏။ “ ဘာပြောမလို့လဲ … ပြောလေ ညို ” တဲ့။ တကယ်တော့ ကျွန်မ သူ့ကို သည်စကားတွေ ပြောနိုင်ဖို့ရာ လွန်ခဲ့သည့် တစ်ပတ်လောက်ကတည်းက လေ့ကျင့်ထားခဲ့ပြီးသားပါ။ သည်စကားတွေကို ပြောလိုက်ခြင်းအားဖြင့် ပြောင်းလဲသွားတော့မည့် အခြေအနေတွေအတွက်လည်း ခံနိုင်ရည်ရှိအောင် ကျွန်မ ခွန်အားတွေ မွေးမြူထားခဲ့ပြီးသား။ ဖြစ်လာမည့် အကျိုးတရားတွေကိုလည်း အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းသွားဖို့ကို ကျွန်မ ကြိုတင်ပြင်ဆင်ထားသားပင်။ ဒါကို အခု ကျွန်မ ဘာဖြစ်နေသလဲ မသိ … ကျွန်မနှုတ်ခမ်းတွေ အားစေးကပ်နေသလို ဆွံ့အသွေ့ခြောက်နေသည်။ မဖြစ်သေးပါ … ကျွန်မ သည်စကားတွေကို ပြောကိုပြောနိုင်ရမည်။ ကိုယ် ပြောချင်နေသည့် စကားတွေကိုတောင်မှ ကျွန်မ မပြောနိုင်ခဲ့ဘူးဆိုလျှင် လောကကြီးမှာ “ နီညိုခင် ” လောက် ညံ့ဖျင်းလွန်းအားကြီးသည့် မိန်းမမျိုး ရှိတော့မည် မထင်။ ကျွန်မ ညံဖျင်းလွန်းသည့် မိန်းမတစ်ယောက်တော့ မဖြစ်ချင်ပါ။ သည်အတိုင်းတောင်မှ သူက ကျွန်မကို ဘာမှမသိနားမလည်လောက်သည့် ခပ်တုံးတုံးမိန်းမတစ်ယောက်ဟု ထင်နေပေရာ ကျွန်မ သည့်ထက်ပိုပြီး မတုံးမအချင်တော့ပါပေ။ “ ကျွန်မတို့ ကွာရှင်းကြရအောင် ” ** …………………………………………. ** သူ့ကို ချစ်မိသွားခဲ့မိသည့်အချိန်ကစပြီး ကျွန်မမှာ ဘာမှမသိနားမလည်တော့သည့် မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ရသည်ပင်။ တစ်ခါတစ်ခါ အရမ်းကို တုံးအလွန်းသူလည်း ဖြစ်သွားတတ်သေး၏။ ကုန်ကုန်ပြောရလျှင် သူ ကြည့်နေသည့် ပုစ္ဆာတစ်ပုဒ်သည် ကျွန်မ နားလည်တတ်မြောက်ထားသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေလျှင်တောင်မှ သူက “ ရလား ” ဟု မေးလိုက်လျှင် ကျွန်မမှာ ထိုပုစ္ဆာနှင့်ပတ်သက်ပြီး ဘာဆိုဘာမှမသိတော့ပါ။ သေချာသည်မှာ ထို့သို့ငြင်းလိုက်ခြင်းအတွက် ကျွန်မ နောင်တလည်း မရသလို ရှက်လည်းမရှက်မိပါပေ။ သူ့ဆီက တုံ့ပြန်လာမည့် “ ဟာ ဒါလေးတောင် မရဘူးလား ညိုရဲ့” ဆိုသော စကားအသံလေးနှင့်အတူ သည့်နောက်မှာ သူ စာရှင်းပြလာတော့မည့် အခွင့်အရေးလေးကိုသာ ကျွန်မ မျှော်လင့်မိပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် အချိန်တိုင်း ကျွန်မ သူ၏ တပည့်မလေးတစ်ယောက်သာ ဖြစ်ချင်နေမိသည်။ မရှက်တမ်း ဝန်ခံရလျှင်တော့ ထိုအချိန်လေးတွေမှာ သူ စာရှင်းပြနေသည်ကို အခွင့်ကောင်းယူပြီး ကျွန်မ သူ့ကို ခိုးငေးခွင့်ရသောကြောင့်ပင်။ တစ်ချက်တစ်ချက် “ နားလည်လား ” ဟု မေးသည့်အခါ သူနှင့် မျက်လုံးချင်းဆုံအောင် ကြည့်ခွင့်ရသည်။ နောက်ပြီး သူ ရှင်းပြလိုက်၍ ကျွန်မ နားလည်သွားပြီဖြစ်သော်လည်း သူ့အသံလေး ဆက်နားထောင်ချင်သေးသောအခါ “ ဟင် မရဘူး ” ဟု ဖြေခွင့်ရှိ၏။ ကျွန်မ အရူးထနေသည်ကိုတော့ သူ ဘာမှ သိမှာမဟုတ်။ ထူးတော့ထူးဆန်းပါသည်။ သူ့ကို ချစ်မိသွားရုံလေးနှင့် ကျွန်မ ဘာကြောင့် သည်လိုတုံးအအပုံစံမျိုးတွေ လုပ်နေမိပါလိမ့်။ သူနှင့် တစ်မိုးအောက်ထဲ ရောက်သွားလျှင်ကို ကျွန်မ တုံးအသွားချင်သည်မှာ ဘာကြောင့်မှန်းမသိပါ။ အခုလို ဖြစ်နေခဲ့သည်ကတော့ သူနှင့်ကျွန်မ စတင်ဆုံစည်းခဲ့သော နေ့လေးကတည်းကဟု ဆိုရမည်။ ကျွန်မ ထိုနေ့လေးကို မေ့ပျောက်၍ မရခဲ့ပါပေ။ ထိုနေ့ကလေးသည် ခါတိုင်းလိုနေ့များကဲ့သို့ပင် နေသာ၍ လေလာသော နေ့လေးတစ်နေ့ပင် ဖြစ်သည်။ သို့သော် အပင်အရိပ်နည်းပါးလွန်းသော ရမည်းသင်းဆိုသည့် မြို့လေးအတွက်တော့ ရာသီဥတု ဘယ်လောက်သာယာသာယာ ပူလှသည်ကတော့ အရမ်းပင်။ ဆောင်းတွင်းမှာတောင် နေ့လည်ခင်းရောက်ပြီဆိုလျှင် အတော့်ကို ပူလေသည်။ အခုက နွေရာသီလည်းဖြစ် … နေတက်ချိန် ဆယ်နှစ်နာရီ တစ်နာရီလောက်ကြီးဖြစ်ပေရာ လေ ဘယ်လောက်လာလာ ရာသီဥတုက ရက်ရက်စက်စက် ပူ၏။ ခါတိုင်းအချိန်တွေဆိုလျှင် အတန်းချိန်လစ်ပြီး အဆောင်မှာ ပန်ကာလေးနှင့် ငြိမ့်နေ၍ရပေမဲ့ သည်နေ့အချိန်ကတော့ မတက်၍မရတော့ပေ။ တစ်ပတ်မှာ နှစ်ရက်သာပါသည့် Drawing အချိန်အတွက် မနေ့က တစ်ချိန်လစ်ထားသည့် ကျွန်မမှာ ဒီနေ့ တက်ကိုတက်ရတော့မည် ဖြစ်သည်။ ဒီနေ့မှ မတက်လျှင် Drawing ဘာသာနှင့် ပတ်သက်ပြီး ကျွန်မ ဘာမှသိတော့မည် မဟုတ်။ Drawing ဘာသာရပ်သည် ကျွန်မတို့ မြို့ပြအင်ဂျင်နီယာမေဂျာတွင် အရေးကြီးဆုံးသော ဘာသာရပ်တစ်ခုပင် ဖြစ်သည်။ ထိုဘာသာရပ်ကိုမှ ကျွန်မက ဘာမှန်းမသိဘူးဆိုလျှင် နည်းပညာတက္ကသိုလ်ကြီး တက်ခဲ့သည်က ကျွန်မအတွက် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ဘွဲ့ရပြီး ဘာမှမတတ်သည့် ဘဝမျိုးတော့ ကျွန်မ မဖြစ်ချင်။ အခုတောင်မှ သူများတွေ ပုံတွေ ကိုယ်စီ ဆွဲနေကြပြီ … ကျွန်မမှာတော့ ဘယ်ပုံကို ဆွဲရမှန်း မသိသေးပေ။ ခဏနေ ဆရာကြီး ပုံတွေလာစစ်လျှင် ကျွန်မတော့ သေပြီ။ ကျွန်မ ဘာလုပ်ရမည်နည်း။ ကျွန်မ ထိုင်နေသည့်နေရာကနေ ဘေးဘက်ကို အသာလှမ်းကြည့်လိုက်သည်။ ကျွန်မခုံနှင့် ကပ်လျက် ဘေးခုံမှ ကောင်လေးတစ်ယောက်မှာ သူ တပ်ထားသည့် မျက်မှန်လေးကို ပင့်ကာပင့်ကာဖြင့် ပုံတွေကို ကြိုးစားပမ်းစား ရေးဆွဲနေသည်။ ကျွန်မ သူ့ကို အကူအညီ တောင်းလိုက်လျှင် ကောင်းမည်လား။ ကျွန်မ သူ ဆွဲထားသည့် ပုံကို တစ်ချက်လှမ်းရှိုးလိုက်ပါသည်။ သပ်ရပ်လှပသည့် သူ့ပုံလေးကို တွေ့လိုက်ရသည့်အခါမှာတော့ ကျွန်မ ပါးစပ်ပင် ဟသွားရလေသည်။ ဆွဲထားသည့်ပုံမှာ ခဲသားတွေ ညီညာသေသပ်လှသည်။ ပုံသည် ခဲမှုန်ခဲစတွေနှင့်လည်း ညစ်ပေနေသည်မရှိ။ ယောက်ျားလေးတစ်ယောက်ဖြစ်နေပြီး ဘာကြောင့် သည်လောက်တောင် သေသပ်သပ်ရပ်နေပါလိမ့်။ နည်းပညာတက္ကသိုလ်မှာက မိန်းကလေးတွေပဲ စွာလှသည်ဖြစ်ရာ သည်လောက်သပ်ရပ်လွန်းနေသည့် ယောက်ျားလေးတစ်ယောက် ရေးဆွဲထားသည့်ပုံကို မြင်တွေ့လိုက်ရသည်မှာ မိန်းကလေးတစ်ယောက်အနေနှင့် ကျွန်မ အံသြမိခဲ့သည်က အမှန်ပင်။
ကျွန်မ သူ့ကို “ ဟိတ် ” ဆိုပြီး ခေါ်လိုက်မိသည်။ ပုံဆွဲနေရာက သူသည် ကျွန်မကို မော့ကြည့်လေသည်။ “ ငါ့ကို အဲ့ဒီပုံလေး ရှင်းပြလို့ ရမလားဟင် … ငါ မနေ့က ကျောင်းမတက်လို့ ” မထင်မှတ်ထားဘူး ထင်၏။ သူ ကျွန်မကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေသည်။ ပြီးမှ “ သြော် အင်း ၊ ရပါတယ် ” ဟု ဆိုကာ သူ့လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လေသည်။ Drawing စာအုပ် ဖြစ်သည်။ ကျွန်မ အရမ်းပျော်သွားမိသည်။ သူသည် စာအုပ်ကို တစ်ချက်လှန်လှောကြည့်လိုက်ကာ သူ ရှင်းပြရမည့်ပုံ ရှိနေသည့် စာမျက်နားသို့ ရောက်သည့်အခါတော့ စာအုပ်ကို သေချာခေါက်လိုက်ပြီး ကျွန်မကို ရှင်းပြဖို့ ဟန်ပြင်လေသည်။ ကျွန်မလည်း ကိုယ်လေးကို မတ်လိုက်ပြီး သူ ပြောလာမည့် အကြောင်းအရာတွေကို ခေါင်းထဲထည့်မှတ်ဖို့ လွင့်မျောနေသည့် စိတ်အာရုံတို့ကို စူးစိုက်လိုက်ပါသည်။ ကျွန်မ ဘယ်လိုမှ မထင်ထားမိခဲ့ပါ။ သူ သည်လောက် အရှင်းအပြကောင်းလိမ့်မည်ဟု။ အခု သူ ရှင်းပြနေသည်မှာ ကျွန်မတို့ဆရာကြီး ရှင်းပြနေသည့်အတိုင်းပင် အရမ်းကို နားထောင်ကောင်းပါသည်။ ခပ်သြသြသံလေးနှင့် ရှင်းပြနေသည်မှာ ကျွန်မကို သီချင်းတစ်ပုဒ် ဆိုပြနေသည့်အလားပင်။ ထိုကြောင့် ကျွန်မ ရှင်းပြခိုင်းသည့်ပုံ ရှင်းပြပြီးသွားသောအခါမှာ ကျွန်မ ထိုတစ်ပုံနှင့်တင် မရောင့်ရဲမတင်းတိမ်နိုင်တော့ဘဲ သူ့ကို နောက်ထပ် လေးငါးပုံလောက် ဆက်ရှင်းပြပေးဖို့ တောင်းဆိုမိလေသည်။ ထိုနေ့က ဆရာကြီး ပုံတွေ လာမစစ်၍သာ တော်တော့သည်။ သူ့မှာ ကျွန်မကြောင့် ဆွဲလက်စပုံကိုပင် သည်အတိုင်း ရပ်ထားရသည်။ “ ညို … ညို … ဟာ နင် ဘာတွေများ အဲ့လောက် ငေါင်နေရတာလဲ ၊ ငါ စကားတွေအများကြီး ပြောပြီးသွားပြီနော် ၊ နင် ငါ ပြောတာတွေရော ကြားလိုက်ရဲ့လား ” “ သြော် … အေး ၊ ဆောရီး ဥာဏ်ခရယ် … ငါ နည်းနည်းလေး ငေါင်သွားတယ် ၊ နင် ဘာပြောလိုက်တာလဲ ဟင် ” “ နင့်ကို ချစ်တယ်လို့ ပြောလိုက်တာလေ ၊ ကဲ … ဘယ်တော့ အဖြေပြန်ပေးမှာလဲ ပြော ” ဘုရားရေ … ဒါဆို စောနက ကျွန်မ တွေးငေးနေတုန်းမှာ သူ ကျွန်မကို ရည်းစားစကားပြောလိုက်သည်ပေါ့။ သူ့စကားကြောင့် ကျွန်မ ငူငိုင်နေရာမှ ချက်ချင်းပင် ထူမတ်လာရသည်။ ကြားကြားလိုက်ချင်းမှာ ကိုယ့်နားကိုတောင် မယုံချင်။ ကျွန်မမျက်လုံးကလေးတွေ ပြူးဝိုင်းသွားရပြီး ပါးစပ်လည်း အဟောင်းသား ဟသွားရပါသည်။ သူ တကယ်ပဲ ကျွန်မကို သည်လို ပြောလိုက်သည်တဲ့လား။ ကျွန်မ ရှက်ရှက်နှင့် ဖုန်းကို ချပစ်လိုက်မိပါတော့သည်။ ** …………………………………………. ** ကိုယ့်ကိုလည်း ချစ်မြတ်နိုးပြီး ကိုယ်ကလည်း အတိုင်းထက်အလွန် ချစ်မြတ်နိုးရသော သူတစ်ယောက်နှင့် ကျွန်မ လက်ထပ်ခွင့်ရခဲ့သည်မှာ ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး မိန်းမတစ်ယောက်ဟု ကျွန်မကိုယ်ကျွန်မ ဆိုချင်ပါသည်။ ကျွန်မ သူနှင့် လက်ထပ်လိုက်ပြီ ဖြစ်သည်။ ကျောင်းပြီးပြီးချင်းနှစ်မှာပင် ကျွန်မတို့နှစ်ယောက် လက်ထပ်လိုက်ကြခြင်း ဖြစ်ပေသည်။ အခုဆိုလျှင် ကျွန်မတို့၏ သားလေး “ ဥာဏ်ခညို ” တောင် သုံးနှစ်ထဲ ဝင်လာနေပြီ။ သို့ပေရာ ကျွန်မတို့၏ မင်္ဂလာသက်တမ်းကို တွက်ကြည့်မည်ဆိုလျှင် လေးနှစ်လောက် ရှိသွားပြီ ထင်၏။ ချစ်သက်တမ်းကိုပါ ပေါင်းထည့်ကြည့်လိုက်လျှင်တော့ ရှစ်နှစ်ပင် … အချိန်တွေသည် ရေတွက်ကြည့်၍ ရနေသောကြောင့်သာ အတော့်ကို ကြာသွားပြီဟု ထင်ရသော်လည်း ကျွန်မစိတ်ထဲတွင်တော့ ပြန်တွေးကြည့်လျှင် မနေ့တစ်နေ့ကလိုပင်။ အခုချိန်ထိ သူ့အပေါ် ထားရှိသည့် ကျွန်မ၏အချစ်တွေမှာ ရွေးစေ့မှ မလျော့သေးပေ။ အေဂျီတီအိုင် ဒုတိယနှစ်ကတည်းက ချစ်ခဲ့ကြသည့် အချစ်တွေ ကျွန်မရင်ထဲမှာ ကျန်ရှိနေပါသေးသည်။ အခုချိန် ထိုအကြောင်းတွေကို ပြန်စဉ်းစားကြည့်မည်ဆိုလျှင်တောင် အတိတ်က အငွေ့အသက်လေးတွေကို ခံစားမိပြီး ကျွန်မရင်ထဲ ဆွတ်ပျံ့ကြည်နူးလာရသည်။ ကျွန်မတို့နှစ်ယောက်၏ အချစ်ဇာတ်လမ်းလေးမှာ ပျော်ရွှင်မှုတွေဖြင့်သာ အတိပြီးခဲ့ပါသည်။ တစ်ယောက်ကိုတစ်ယောက် နားလည်ယုံကြည်မှုများဖြင့် ချစ်ခရီးလမ်းကို လျှောက်လှမ်းခဲ့လာကြသည်ဖြစ်ရာ တစ်ခါတစ်ရံ ကတောက်ကဆဖြစ်မှုလေးတွေကလွဲ၍ တစ်ယောက်နှင့်တစ်ယောက် ကြီးကြီးမားမား စိတ်ဆိုးစိတ်ကောက်ခြင်း မရှိဖူးခဲ့။ အလိုလိုက်တတ်သည့် ကျွန်မနှင့် အလျော့ပေးတတ်သည့် သူမှာ အများဆုံး စိတ်ကောက်ကြပါစေဦး … နေ့တစ်ပိုင်းထက် မပိုပေ။ မနက်ခင်း စိတ်ကောက်လျှင် ညနေခင်း ပြန်ခေါ်သည်။ ညနေခင်းပိုင်း စိတ်ကောက်လျှင် မနက်ဖြန် ကျောင်းမှာ တွေ့သည်နှင့် ချက်ချင်းကို ပြန်ခေါ်လေ့ရှိသည်။ အချစ်ကြောင့် တစ်ယောက်ကိုတစ်ယောက် မပူလောင်စေရ။ ချစ်သက်တမ်းတစ်လျှောက်မှာ ကျွန်မသည် မိန်းကလေးတန်မဲ့ စိတ်ဆိုးစိတ်ကောက်ခြင်း နည်းခဲ့သည်။ စိတ်မကောက်တတ်ခဲ့သည်တော့ မဟုတ်။ စိတ်ကောက်လိုက်ခြင်းဖြင့် ကျွန်မချစ်သူအပေါ် သက်ရောက်လာမည့် ပူပန်မှုတွေကို ကျွန်မ မလိုလားခြင်းပင်။ ဖြစ်နိုင်လျှင် သူ စိတ်ကောက်နေသည်ကို ကျွန်မကသာ ချော့မော့ချင်ခဲ့သည်။ မိန်းမဈေး ၊ မိန်းမမာန ဆိုတာတွေ ကျွန်မ နားမလည်။ သူ စိတ်ချမ်းသာလျှင် ပြီးရော … ဘာလုပ်လုပ် ကျွန်မ သူ့ကိုသာ အမြဲ ဦးစားပေးခဲ့ပါသည်။ ဤသည်မှာ ကျွန်မ၏အချစ်ပင် ဖြစ်လေသည်။ ကျွန်မ သူ့ကို အရမ်းချစ်မြတ်နိုးရပါသည်။ ချစ်သူဘဝတုန်းကလည်း ချစ်သူဘဝတုန်းကမို့ … အခု အိမ်ထောင်သည်ဘဝကျပြန်တော့လည်း မယားဝတ္တရားငါးပါးကို ကျေပွန်စွာ ကျွန်မ ထမ်းဆောင်နေပါသည်။ သူ့ အပေါင်းအဖော်တွေနှင့် အိမ်က ဇနီးမယားတွေအကြောင်း ပြောကြပြီဆိုလျှင်တောင်မှ ကျွန်မနှင့်ပတ်သက်ပြီး “ အိမ်က … မိန်းမတော့ကွာ ” ဆိုပြီး သူ မညည်းညူစေရပါ။ ကျွန်မ သူ့ကို သူ့အပေါင်းအဖော်တွေ အားကျလောက်ရသည့် အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်သာ ဖြစ်စေချင်ပါသည်။ ထို့ကြောင့် သူ မျက်စိမျက်နှာပျက်ရမည့် ကိစ္စဆိုလျှင် တွေးတောင် မကြည့်တော့ပေ။ သူ ပျော်နေလျှင် သူ့ကို ချစ်ရသည့် ကျွန်မလည်း ပျော်ရသည်ဖြစ်ရာ ကျွန်မ သူ ပျော်ရွှင်မည့် ကိစ္စရပ်များကိုသာ ဖန်တီးပေးခဲ့ပါသည်။ ဒါနှင့်ပတ်သက်ပြီး ကျွန်မ သားလေးကိုယ်ဝန်ဆောင်စဉ်တုန်းက အချိန်လေးကို သွားသတိရမိသည်။ ထိုအချိန်တုန်းက သူသည် သားယောက်ျားလေးကို အရူအမူး လိုချင်ခဲ့သူ ဖြစ်သည်။ “ ကို … ကျွန်မ ဘာလေး မွေးပေးရမလဲ ဟင် ” ဆိုပြီး ကျွန်မ သူ့ကို မေးလိုက်တိုင်း ယောက်ျားလေးသာ မွေးပေးဖို့ ပြောသည်။ ကျွန်မက အတွန့်ထပ်တက်ပြီး “ သမီးလေး မွေးလာခဲ့မယ်ဆိုရင်ကော ” ဟု ဆိုမိလျှင် “ သားလေးပဲ မွေးပေးပါ ညိုရယ် ” ဟု မျက်နှာလေး ညှိုးငယ်စွာ တောင်းဆိုလေသည်။ ထိုမျက်နှာလေးကို ကြည့်ပြီး ကျွန်မ အတော့်ကို စိတ်မကောင်းဖြစ်သွားမိသည်။ ထိုကြောင့် တိုးတိုးဖော် သမီးလေးတစ်ယောက် လိုချင်ခဲ့သော ကျွန်မသည် ကိုယ့်ဆန္ဒတွေကို ချုပ်တည်းထားလိုက်ပြီး “ သားယောက်ျားလေးသာ မွေးဖွားပါစေ အရှင်ဘုရား ” ဆိုသော ဆုတောင်းကိုသာ မိုးလင်းကမိုးချုပ် ဆုတောင်းနေမိတော့သည်။ နောက်ဆုံး မွေးခန်းထဲ ဝင်တော့မည့်အချိန်အထိတောင် နှုတ်က မရပ်မနားဘဲ ဘုရားစာတွေ ရွတ်ဆိုနေခဲ့ပြီး သားဆုသာ ပန်မိနေမိခဲ့ပါသည်။ တော်သေးသည် … ကျွန်မ သူ လိုချင်သည့် သားယောက်ျားလေး မွေးပေးနိုင်ခဲ့သည်ပင်။ ထို့အတွက် ကျွန်မကိုယ်ကျွန်မ အရမ်းကို ဂုဏ်ယူကျေနပ်မိပါ၏။ အခုဆိုလျှင် ကျွန်မတို့ မိသားစုကလေးသည် သူရယ် ကျွန်မရယ် အိမ်ဆည်းလည်းကလေးရယ်နှင့် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ရှိလှသည်။ ငွေရေးကြေးရေးကအစ ပူပန်နေစရာမလို။ အင်ဂျင်နီယာဆိုသည့် သူ့ဂုဏ်ပုဒ်ကြီးအောက်မှာ အချမ်းသာကြီးမဟုတ်တောင် စားနိုင်သောက်နိုင်သုံးနိုင်သည်ဖြစ်ရာ သည်ဘဝလေးသည် အဖိုးမဖြတ်နိုင်သည့် ပြီးပြည့်စုံလှသော ဘဝလေးတစ်ခုပင် ဖြစ်သည်။ ကျွန်မ သည်ဘဝလေးကို မက်မောတွယ်တာလှပါ၏။ ဘယ်လိုအကြောင်းမျိုးနှင့်မှ အပြိုအပျက်မခံနိုင်ပေ။ ရှိရှိသမျှ ချစ်ခြင်းမေတ္တာ နားလည်ယုံကြည်မှုများဖြင့် သည်ဘဝလေး သည့်ထက်ပိုပြီး သာယာလာအောင်ပင် ကျွန်မ ဖန်တီးသွားပါမည်။ ကျွန်မကို ခွန်အားတွေသာ ပေးသနားတော်မူပါ။ သို့သော် လောကကြီးက ကျွန်မကို အညိုရောင်စာအိတ်လေးတစ်အိတ်သာ ပေးလာခဲ့ပါသည်။ ** …………………………………………. ** သူ ကျွန်မကို သည်လောက် ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ သည်လိုအလုပ်မျိုး လုပ်ရက်လိမ့်မည်ဟုလည်း ကျွန်မ ဘယ်တုန်းကမှ မတွေးမိခဲ့။ ကျွန်မ သူ့ကို ချစ်လွန်း၍ အကြွင်းမဲ့ ယုံကြည်ထားခဲ့ပါသည်။ သို့သော် အခု ကျွန်မရှေ့တွင် တွေ့မြင်နေရသော အညိုရောင်စာအိတ်ကလေးသည် ကျွန်မ၏ယုံကြည်မှုတွေကို တစ်စစီ ချိုးဖောက်ဖျက်ဆီးလိုက်ပြီ။ ကျွန်မ ရင်ဘတ်ကြီးတစ်ခုလုံး နာကျင်လွန်း၍ အောင့်မျက်နေ၏။ မျက်ရည်များကလည်း ပါးပြင်ထက်ကို တသွင်သွင် စီးကျလာလေ၏။ ချစ်သက်တမ်းတစ်လျှောက် မင်္ဂလာသက်တမ်းတစ်လျှောက်မှာ ကျွန်မ ဘာအမှားတွေများ လုပ်ခဲ့မိ၍ သူ သည်လိုမျိုး လုပ်ရက်ရဲခဲ့ပါလိမ့်။ အညိုရောင်စာအိတ်ကလေးထဲက ဓာတ်ပုံတွေသည် ကျွန်မအား အရမ်းကို တုံလှုပ်ခြောက်ခြားစေသည်။ နောက်တစ်ခါထပ်ပြီး ထုတ်မကြည့်ရဲလောက်အောင်ပင် ကျွန်မ၏ ရှုံးနိမ့်မှုတွေကို ပြသနေသယောင်ယောင်။ ထိုဓာတ်ပုံလေးတွေသည် သူ၏ ကိုယ်ကျင့်တရားဖောက်ဖျက်မှုထက် ကျွန်မ၏ တုံးအမှုတွေကို ပြနေပေရာ ကျွန်မ ပိုပြီးထိခိုက်ကြေကွဲရ၏။ ကျွန်မ သည်လောက်တောင် တုံးအခဲ့ရသလား။ သူ ခြေလှမ်းတွေပျက်နေသည်ကို ကျွန်မ အဘယ့်ကြောင့် မသိခဲ့ရပါသလဲ။ သည်စာအိတ်ကလေးသာ ကျွန်မဆီ ရောက်မလာဘူးဆိုလျှင် သူ ခြေလှမ်းတွေမှားနေသည်ကို ကျွန်မ ဘယ်လိုမှ သိနိုင်မည် မဟုတ်။ ယုံကြည်နားလည်မှုတွေနှင့်သာ ကျွန်မ သူ့ကို ကိုးကွယ်နေမည် ဖြစ်ပြီး သူ ပြောသမျှတွေကိုသာ ကျွန်မ ယုံကြည်နေမည် ဖြစ်သည်။ အခုလောက်ဆို သူ့အပေါင်းအဖော်တွေနှင့် ကျွန်မ၏ တုံးအမှုကို ဘယ်လောက်တောင် ပြောဆိုနေလိုက်မလဲ မသိ။ ကျွန်မ အညိုရောင်စာအိတ်လေးကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ စာအိတ်ကလေးထဲမှ ရောင်စုံဓာတ်ပုံလေးတွေသည် အပြင်သို့ ထွက်ကျလာပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကုန်၏။ ဓာတ်ပုံတွေထဲတွင် ကျွန်မ သိပ်ချစ်မြတ်နိုးရပါသော သူသည် ကျွန်မထက် အပုံကြီး လှပလွန်းပါသော ကောင်မလေးတစ်ယောက်နှင့် အရမ်းကို ရိုမန်တစ်ဆန်လှသည့် လမ်းကလေးမှာ လက်ချင်းတွဲ လမ်းလျှောက်နေကြသည်။ ကော်ဖီဆိုင်တစ်ဆိုင်တွင်လည်း နှစ်ယောက်သား ဘေးချင်းကပ်ထိုင်ပြီး ချစ်ရည်လူးသော မျက်ဝန်းများဖြင့် ( တစ်ချိန်က ကျွန်မတို့နှစ်ယောက် အပြန်အလှန်ကြည့်ခဲ့ဖူးသော ) တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ တစ်ခါတစ်ခါ ကောင်မလေးက သူ့ပခုံးကို ( တစ်ချိန်က ကျွန်မ အားကိုးတကြီး မှီတွယ်ခဲ့ဖူးသော ) အားကိုးတကြီး ဆုပ်ကိုင်ထားသည်။ သူသည်လည်း ထိုဓာတ်ပုံလေးထဲတွင် ပြုံးရွှင်ရယ်မောနေခဲ့ပြီး အရမ်းကို နုပျိုသစ်ဆန်းနေသည်။ ကျွန်မ ထိုဓာတ်ပုံတွေကို ကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိပါသည်။ ကျွန်မ ဘာလုပ်ရမည်နည်း။ သည်ဓာတ်ပုံကိစ္စနှင့်ပတ်သက်ပြီး ကျွန်မ သူ့ကို ပွင့်ပွင့်လင်းလင်း မေးမြန်းပြီး ရန်တွေ့ပစ်လိုက်ရမည်လား။ ကျွန်မ နှစ်ခါတော့ မရှုံးချင်ပါပေ။ ** …………………………………………. ** “ ကျွန်မတို့ ကွာရှင်းကြရအောင် ” ကွာရှင်းစာချုပ်နှစ်ခုကို စားပွဲပေါ် တင်လိုက်ကာ ကျွန်မ သူ့ရှေ့တည့်တည့်ကို ထိုးပေးလိုက်ပါသည်။ သူက မျက်ကလဲဆန်ပြာဖြင့် “ ဘာဖြစ်လို့လဲ ” ဟု မေးသည်။ “ ရှင် ဒီလောက် တုန်လှုပ်စရာ မလိုပါဘူး ၊ ကျွန်မကို စိတ်ပျက်လို့ ရှင် နောက်တစ်ယောက် ရှာပြီးပြီးပဲ ၊ ကျွန်မ ကွာရှင်းခွင့်တောင်းတာကို ရှင် ဝမ်းသာလိုက်တော့ပေါ့ ” ကျွန်မ သည်လိုသာ ပြောတတ်ခဲ့လိမ့်မည်ဆိုလျှင် ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူကျေနပ်မိမည်မှာ အမှန်ပင်။ တကယ်တော့ ကျွန်မ သည်စကားတွေကို စိတ်ထဲကသာ ပြောနေမိခြင်း ဖြစ်ပါသည်။ တစ်ခါမှ သူ့ကို သည်လို “ ရှင် ” တွေ ဘာတွေနှင့် မပြောဖူးသည့်အတွက် ကျွန်မနှုတ်က ပြောနိုင်ဖို့ မဝံ့ရဲပေ။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသော ရောင်စုံဓာတ်ပုံအထပ်လိုက်ကိုသာ ကျွန်မ သူ့ရှေ့ ချပေးလိုက်သည်။ သူက ဓာတ်ပုံတွေကို ကမန်းကတန်း ယူကြည့်လေသည်။ သူ ဘာပြောနိုင်မှာလဲ … သူ ကျွန်မကို ဘာမှပြန်ပြောနိုင်မည် မထင်ပါ။ ဓာတ်ပုံရိုက်သည့်သူက သူ့မျက်နှာကြီးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရိုက်ပြထားပေရာ သူ ငြင်းချင်လျှင်တောင် ငြင်းနိုင်ဖို့ အခွင့်အရေး လုံးဝမရှိတော့။ သူ မငြင်းပါနှင့်။ “ ဝန်ခံလိုက်ပါ ကို ” သို့သော် ကျွန်မနှုတ်က ထွက်ကျလာသည့် စကားမှာ ထိုစကားမဟုတ်ခဲ့ဘဲ “ ကျွန်မကို ကွာရှင်းခွင့်ပေးပါ ကို ” ဆိုသော စကားပင် ဖြစ်သည်။ သူ ပြုံးသည်။ သရော်တော်တော်အပြုံး … ထိုအပြုံးကို ကျွန်မ မြင်ရလိုက်ရသည့်အချိန်မှာ တစ်ကိုယ်လုံး နုံးချိသွားရပြီး လဲမကျသွားအောင်ပင် မနည်းထိန်းထားလိုက်ရသည်။ သူ ဘာကြောင့် သည်လို ရက်စက်သော အပြုံးမျိုးကို ပြုံးရသနည်း။ ကျွန်မ အံကို ခပ်တင်းတင်း ကြိတ်လိုက်မိပါသည်။ ထို့အတူ ပါးပြင်ထက်ကို မျက်ရည်တွေ မကျလာအောင်လည်း ခက်ခဲပင်ပန်းစွာ ထိန်းလိုက်ရသည်။ တစ်ပတ်လုံး ငိုခဲ့ပြီးပြီ မဟုတ်လား။ ကျွန်မ ဆက်ပြီး မငိုချင်တော့ပါပေ။ အထူးသဖြင့် ကျွန်မ လှောင်ပြုံးပြုံးနေသော သူရှေ့တွင် ကျွန်မ ပိုပြီးမငိုချင်။ ကျွန်မအတွက် အရှုံးဟု သတ်မှတ်ထားသော ကျွန်မမျက်ရည်တွေကို သူ ဘယ်တော့မှ မမြင်စေရ။ သူက ကျွန်မကို တစ်ချက် လှမ်းကြည့်လေသည်။ ကျွန်မလည်း မျက်ဝန်းက မျက်ရည်ကြည်တွေကို မြင်သွားမှာ စိုးသောကြောင့် အောက်ကို ဆတ်ခနဲ ငုံ့လိုက်မိ၏။ ကျွန်မ ငုံ့လိုက်သည့်အချိန်မှာတော့ သူ့ဆီက အသံတစ်သံ ထွက်လာပါသည်။ ထိုအသံသည် ကျွန်မ မျှော်လင့်နေသော အသံ မဟုတ်ခဲ့ပါချေ။ “ ဟေ့ … မောင်ဥာဏ်ခ၏ စီမံကိန်းကြီး အောင်မြင်သွားပါပြီ ခင်ဗျာ ” ကြားကြားလိုက်ရခြင်းမှာ ကျွန်မပင် ကြောင်သွားပြီး အောက်ကို ငုံ့နေရာမှ ချက်ချင်းသလို ပြန်မော့လာမိတော့သည်။ သူ ဘာတွေလျှောက်အော်နေပါလိမ့်။ တကယ်ဆို သူ ကျွန်မကို တောင်းပန်စကား ဆိုရမည် မဟုတ်လား။ “ မိန်းမ … ကို တောင်းပန်ပါတယ် ” ဆိုသော စကားသည် အခုချိန်မှာ သူ အပြောသင့်ဆုံးသော ပြောကိုပြောရမည်ဖြစ်သော စကားတစ်ခွန်း ဖြစ်သည်။ အခုတော့ သူက သူ့စီမံကိန်းကြီး အောင်မြင်သွားပြီ တဲ့။ ကွာရှင်းရအောင် ဟု ပြောလိုက်သော ကျွန်မ၏ စကားအတွက် အခု သူ ပြောလိုက်သည့် စကားမှာ စဉ်းစားကြည့်လျှင် ဘယ်လိုမှ အံဝင်ခွင်ကျ မဖြစ်ပါပေ။ ကျွန်မ သူ့ကို မေးလိုက်ပါသည်။ “ ဘာတွေလျှောက်ပြောနေတာလဲ ကို ၊ ကျွန်မ ရှင့်ကို ကွာရှင်းခွင့်တောင်းတာ မဟုတ်ဘူးလား ” “ ဟုတ်တယ်လေ ၊ ကိုယ်လည်း အခု အဲ့အကြောင်း ပြောနေတာပဲ ညိုရ” “ ဘာဆိုင်လို့လဲ … ဘာမှမဆိုင်ဘူး ၊ ကွာရှင်းရအောင် ဆိုတဲ့ စကားနဲ့ စီမံကိန်း အောင်မြင်တာ လုံးဝတခြားစီ ” “ သြော် … ဒီလိုပါ ညိုရ ၊ ကိုယ့်စီမံကိန်း အောင်မြင်သွားပြီဆိုတာ မင်း သဝန်တိုသလား မတိုတတ်ဘူးလား စမ်းသပ်တာ အောင်မြင်သွားပြီလို့ ပြောတာပါ ” “ ဘာ … ဘယ်လို ၊ ကျွန်မ သဝန်တိုသလား မတိုသလား စမ်းသပ်တာ ! ” “ ဟုတ်တယ် ညို ၊ မင်းက အမြဲတမ်း အေးတိအေးစက် ဖြစ်နေတော့ မင်း ကို့ကိုများ တကယ်မချစ်ဘူးလားလို့ ၊ လူတစ်ယောက်က တကယ်ချစ်ပြီဆိုရင် သဝန်တိုတတ်လာတယ်တဲ့ ၊ မင်းက ရည်းစားဘဝကတည်းက သဝန်တိုဖို့ နေနေသာသာ စိတ်တောင်မကောက်တတ်ဘူးဆိုတော့ အဲ့ဒါ မင်း ကိုယ့်ကို တကယ်မချစ်ဘူးထင်ပြီး ဒီနည်းကို စမ်းသပ်လိုက်တာ ” ကျွန်မ သူ့စကားတွေ နားထောင်ပြီး သူ့ကို ကြောင်ပြီး ကြည့်နေမိပါသည်။ စမ်းသပ်ခြင်းတဲ့ … ကျွန်မ သဝန်တိုတတ်သလား မတိုတတ်ဘူးလား သိရအောင် စိမ်းသပ်လိုက်ခြင်း ဖြစ်သည်တဲ့။ “ ဒါဆိုရင် အရမ်းကို အသက်ဝင်နေတဲ့ ဓာတ်ပုံတွေကရော ” “ ကိုယ် မော်ဒယ်တစ်ယောက် ငှားလိုက်ရတယ် ညို ” ဘုရားရေ … သူ ကျွန်မကို စနောက်ဖို့အတွက် မော်ဒယ်တစ်ယောက်တောင် ငှားလိုက်ရသည်လား။ ကျွန်မ ယုံနိုင်ဖို့ သတ္တိမရှိပါပေ။ “ အရမ်းနာမည်ကြီးနေတဲ့ မော်ဒယ်တော့ မဟုတ်ဘူးပေါ့ ညိုရယ် ၊ ပိုက်ဆံလည်း သက်သာ မင်းလည်း မသိရအောင် အခု တက်သစ်စ မော်ဒယ်လေးတွေထဲက ငှားလိုက်ရတာ ၊ ညို မယုံရင် ကိုဆွေနဲ့နီလာ မေးကြည့်လို့ရတယ် ၊ သူတို့ကိုယ်တိုင် ကိုယ့်ကို ဓာတ်ပုံရိုက်ပေးတာပါ ” ကိုဆွေနှင့်နီလာကတော့ လုပ်ချလိုက်ပြန်ပြီ။ တက္ကသိုလ်တုန်းက ကျွန်မတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့တာတောင် အားမရသေးဘူးလား မသိ … အိမ်ထောင်သည်ဘဝ အထိတောင် အကူအညီတွေပေးနေသည်။ သူတို့နှစ်ယောက်သည် ကျောင်းတုန်းက ကျွန်မတို့နှစ်ယောက် သမီးရည်းစားကိစ္စတွေနှင့် ပတ်သက်လျှင် မအိပ်မစားဘဲနှင့်တောင် ကူညီတတ်ခဲ့သူတွေ ဖြစ်သည်။ အခုလည်း ကြည့် … သူတို့ကိုယ်တိုင်တောင် ဓာတ်ပုံရိုက်ပေးလိုက်သည်တဲ့။ သူသည် အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး ဂဏန်းအချို့ကို ရိုက်နှိပ်ကာ ကျွန်မကို ပေးလေသည်။ ကျွန်မလည်း အူကြောင်ကြောင်နှင့် ယူလိုက်မိပြီး ဖုန်းနံပါတ်ကို ကြည့်လိုက်ရာ ဖုန်းစကရင်ပေါ်တွင် ကိုဆွေဆိုသည့် နာမည်ကြီးကို တွေ့ရပါသည်။ ဘာလဲ … မေးကြည့် ဆိုသည့် သဘောလား။ “ ဟဲလို … ကိုယ်တော်ချောလား ၊ ဘယ်လိုလဲ အဆင်ပြေရဲ့လားကွ ” “ ဒီမယ် ကိုဆွေကြီး ၊ ဘယ်ကိုယ်တော်ချောမှ မဟုတ်ဘူး ၊ ညို ၊ နီလာနဲ့ စကားပြောချင်လို့ နီလာကို ဖုန်းပေးလိုက်ဦး ” “ အေး ပြော ညိုရေ ၊ ဘေးမှာ ရှိတယ် ၊ ဥာဏ်ခဖုန်းဝင်လာကတည်းက ဘေးမှာ ရောက်နေတာ ၊ ဘယ်လိုလဲ အဆင်ပြေသွားကြပြီလား ” “ သြော် … တကယ်ကူညီပေးလိုက်ကြတာကိုး ” “ အေးဟယ် … အိမ်လာပြီး တပူပူ တဂျီဂျီ လုပ်နေတာနဲ့ မထူးပါဘူး ဆိုပြီး စမ်းသပ်ခိုင်းလိုက်တာ ၊ သူ့မှာ သနားပါတယ်အေ ၊ တစ်နေ့နဲ့တစ်နေ့ အိမ်လာပြီး နင့်အကြောင်းတွေပဲ လာလာပြောနေတာ ၊ ကျွန်တော့်မိန်းမက သဝန်မတိုတတ်ဘူး ၊ ကျွန်တော့်ကို တကယ်မချစ်ဘူး ထင်တယ် ဘာတယ်နဲ့ ၊ ကိုဆွေကြီးမှာ နားတွေငြီးလို့ ၊ ငါလည်း သူ့ကို သနားလာတာနဲ့ ဆိုင်မှာ ဓာတ်ပုံလာလာရိုက်နေတဲ့ မော်ဒယ်လေးတစ်ယောက်ကို အကူအညီတောင်းပြီး ဓာတ်ပုံရိုက်ပေးလိုက်တာပဲ … ” ကျွန်မမှာတော့ သူ ကျွန်မအပေါ် သစ္စာဖောက်သည်ထင်ပြီး ချောက်ချားတုန်လှုပ်လိုက်ရသည်မှာ ရူးမတတ်ပင်။ ငိုလိုက်ရသည်ကလည်း မျက်လုံးတွေပင် ရဲစပ်နေသည်။ သူ တကယ်ပဲ ကျွန်မကို စနောက်သည်ပေါ့။ ကျွန်မ ငိုချင်လာ၏။ နီလာ့စကားတွေကိုပင် မကြားတစ်ချက် ကြားတစ်ချက်။ ကျွန်မ ငိုချပစ်လိုက်ပါတော့သည်။ သူ ကျွန်မကို ပွေ့ဖက်လာသည်။ “ တောင်းပန်ပါတယ် ညို ၊ မင်း ဒီလိုခံစားသွားရအောင်ဆိုပြီး ကို ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး ၊ ကို မင်းစိတ်လေးကို သိချင်ရုံသက်သက်ပါ ၊ ကိုယ့်ကို ခွင့်လွှတ်ပါ ညိုရယ် နော်” ကျွန်မ ဘာမှပြန်မပြောနိုင်တော့ဘဲ ငိုပြီးရင်းသာ ငိုမိနေတော့သည်။ ** …………………………………………. ** မိုးတိတ်သွားပြီ ဖြစ်၏။ ပတ်ဝန်းကျင်သည် ပက်ဖျန်းထားသော မိုးရေတို့နှင့် စိမ်းစိုလန်းဆန်းနေလေ၏။ ကျွန်မ ပြတင်းပေါက်တွေကို ပြန်ဖွင့်လိုက်ရာ နူးညံလတ်ဆတ်သော လေညင်းလေး တိုးဝင်လာပါသည်။ ကျွန်မ မျက်နှာပြင်တစ်ခုလုံး အေးမြသွားရပြီး စောနက ငိုထားသောကြောင့် လေးလံနေသော စိတ်တို့ပင်လျှင် ပေါ့ပါးသွားရသည်။ မြင်မြင်သမျှ အရာအားလုံးသည်လည်း လှပနေတော့၏။
**နွေလ**
-မိုးခြွေလေညင်း-

No comments:
Post a Comment