-စိုးထိတ်ည-

အင့်ကနဲ ပင့်သက်တစ်ရှိုက်က အိပ်မက်ကို နိုးထစေခဲ့သလို ဘေးမှာ အိပ်နေတဲ့ ကိုကို့ကိုလည်း စိုးထိတ်အားနာမိခဲ့တယ်.. မေ့ထားခဲ့တာ ကြာပြီဖြစ်တဲ့ အတိတ်ဇာတ်လမ်းက ညနေ ဖုန်းဝင်အလာမှာ ညအိပ်မက်ကို ထိုးနှက်ခဲ့ပြန်ပြီလေ.. “ မေသီ.. မောင် လက်ထပ်တော့မယ်” ဆိုတဲ့ ဖုန်းထဲက မောင့်စကားက စောစောစီးစီး ကျောခိုင်းပြတ်သားခဲ့တဲ့ မေသီ့စိတ်ကို ဖျက်ဆီးလိုက်ပြန်ပါပေါ့လား.. မဖြစ်နိုင်တော့လို့ ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ မေသီ့အတွက်တော့ ကိုကိုနဲ့ အိမ်ထောင်ပြုခဲ့ခြင်းကို လျှောက်တဲ့လမ်း မှန်ကန်ခဲ့တယ်လို့ ထင်ခဲ့မိတယ်.. ၄နှစ်ကျော် လက်တွဲခဲ့တဲ့ အချစ်ဦး မောင့်အတွက်တော့ အကြောင်းပြချက်မျိုးစုံနဲ့ ထားရက်နိုင်ခဲ့သလို .. “မေသီ့ကို နားလည်ရင် လက်ထပ်ပွဲကို မလာခဲ့ပါနဲ့” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရက်စက်စွာ နှုတ်ဆက်နိုင်ခဲ့ပြန်တယ်လေ.. ရေတမာလမ်းတစ်လျှောက်က မေသီနဲ့ မောင့်ရဲ့ ကြည်နူးစရာ ခြေရာဟောင်းတွေက ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ဝင် စီးပွားရှာတဲ့အချိန်မှာတော့ ကတောက်ကဆပေါင်းများစွာ၊ အဆင်မပြေမှုများစွာနဲ့ ကြုံဆုံခဲ့ရတယ်.. ဘဝကို အလှပဆုံး ထုဆစ်ချင်သူ မေသီနဲ့ ဘဝက ဘာမှန်း မရေရာတဲ့ မောင်တို့ရဲ့ ညှိမရတဲ့ ဇာတ်လမ်းအဆုံးက မေသီ.. မောင့်ကို ချန်ထားခဲ့ရတာပါပဲ.. “ကြိုးစားဆဲမို့ ဘာမှန်းမရေရာသေးတဲ့ ငါ့ဘဝကို မင်းမို့ ဒီလိုဆုံးဖြတ်ရက်တယ်” ဆိုတဲ့ မောင့်ရဲ့ မချိတင်ကဲ စကားတွေရယ်.. “မင်းရွေးချယ်တဲ့လမ်းမှာ မင်းပျော်နိုင်ပါစေ” ဆိုတဲ့ ခနဲ့တဲ့တဲ့ ဆုတောင်းစကားရယ်က ခွဲခွာခြင်းရဲ့ နှုတ်ဆက်စကားတွေအဖြစ် ရင်ထဲရိုက်ခတ်စေခဲ့တယ်.. အဲဒီအချိန်က မေသီ မောင့်အပေါ် တကယ့်ကို ရက်စက်ခဲ့တယ်လေ.. မောင်နဲ့လမ်းခွဲပြီး မောင်ဘာတွေလုပ်နေလဲ မေသီ မစုံစမ်းခဲ့သလို.. မောင့်ဆီက၊ မောင်နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ဆီက ဘာသတင်းအစအနမှ မရခဲ့လို့ မေ့နိုင်ခဲ့ပြီလို့ ထင်ခဲ့မိတယ်.. ဒီလိုနဲ့ မေသီ လက်ထပ်ခဲ့တာ နှစ်နှစ်စွန်းစွန်း ရှိခဲ့သလို ကိုယ်ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရေးကိုလည်း စိတ်တိုင်းကျ ကျေနပ်ခဲ့တယ်.. အစစအရာရာ ဂရုစိုက်လွန်းတဲ့ ကိုကိုနဲ့ အရာရာ မေသီ့သဘောဖြစ်ခဲ့တဲ့ အိမ်ထောင်ရေးကို မေသီ နေပျော်ခဲ့သလို မောင်ဆိုတဲ့ ဝေါဟာရတစ်ခုကိုလည်း အိမ်ထောင်သည်တစ်ယောက်အနေနဲ့ မေ့ပျောက်နိုင်စွမ်း ရှိခဲ့တယ်လို့ ထင်ခဲ့မိတယ်.. ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ လလောက်ရယ်ကမှ မေသီ့ညီမဝမ်းကွဲ သယ်ဆောင်လာတဲ့ သတင်းကြောင့် မောင်တစ်ယောက် ဓာတ်ပုံလောကမှာ အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်နေပြီဆိုတာ သိခဲ့ရသလို .. မေသီ့ဘဝရဲ့ အတိတ်ဟောင်းကိုလည်း မှတ်မှတ်ထင်ထင် သတိရလို့ နေခဲ့ပြန်တယ်.. ဒါပေမဲ့ မောင်နဲ့ ခွဲခဲ့ရခြင်းကို မေသီ နောင်တမရခဲ့ပါဘူး.. ရေတမာလမ်းက အိပ်မက်ကို ရေတမာလမ်းမှာ ပြန်ထားခဲ့ရပြီမို့ မောင်နဲ့ရဲ့ အတိတ်တွေ မေသီ့ဘဝမှာ ဝေဝါးနေပြီ ထင်ခဲ့ပေမဲ့ ဒီနေ့ ညနေစောင်းကမှ ဝင်လာတဲ့ ဖုန်းကောလ်က မေသီ့အတိတ်ကို ခြောက်ခြားစေခဲ့တယ်.. ကြားခဲ့ဖူးတဲ့ နာမ်စားတွေနဲ့အတူ.. “မေသီ.. မောင် လက်ထပ်တော့မယ်” ဆိုတဲ့ စကားတစ်ခွန်းက ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲတစ်လုံး ကျသွားသလို ဖြစ်ခဲ့ရပြန်တယ်.. အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ “ဘယ်သူနဲ့လဲဟင်” ဆိုတဲ့ ယိုင်နဲ့နဲ့ အသံက မောင်နဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်မှု မရှိသေးပါလားလို့ သိလိုက်ရပြန်တယ်.. “မောင့်ဆရာရဲ့သမီး.. မောင့်လုပ်ငန်းကို အပြည့်အဝ နားလည်ပေးတဲ့သူ” လို့ ဆိုလာတဲ့ မောင့်စကားသံက မေသီ့ရွေးချယ်မှုကို တမင် ကလဲ့စား ချေလိုက်သလိုပါပဲ.. “သြော်” တစ်လုံးသာ ရေရွတ်နိုင်ခဲ့တဲ့ မေသီ့အခြေအနေက မောင့်စကားသံတွေကို ဆက်လက် နားထောင်နိုင်စွမ်း မရှိတော့ပဲ.. “အင်း.. မေသီ နေမကောင်းလို့ .. နောက်မှတွေ့တာပေါ့” ဆိုတဲ့ အဆုံးသတ်နဲ့ ဖုန်းခွက်ကို ဖုန်းစင်ပေါ်သို့ ချလိုက်မိတော့တယ်..
**ကေပိုး**

No comments:
Post a Comment