၁။
ထမင်းတလုံးချင်း၊ ဟင်းတဖတ်ချင်း၊ အသားတမျှင်ချင်းကို ကို ဖြေးဖြေးချင်း သတိနှင့် ဝါးနေစဉ်… တစုံတခုသော အကြောင်းအရာက အတွေးထဲသို့ ရုတ်တရက် ဝင်ရောက်လာသည့် အခိုက်ဝယ်… ချွန်မြ ထက်ရှနေသော သွားစွယ်တို့သည် နူးညံ့ အိဖတ်လျှက်ရှိသော သူ၏ အောက် နှုတ်ခမ်းသား နုနုကို ကျိကနဲနေအောင် ထုပ်ချင်းပေါက် ကိုက်ဖောက် မိလိုက် လေသည်။ "အားးးးးးးးးးးးးးးးးးးးးးးးးးးးးး" နှုတ်ခမ်းဖျားမှ စူးနစ်သော ဝေဒနာကြောင့် မျက်လုံးများပင် ပြာဝေသွားသည်ဟု ထင်မိ၏။ နာကျင်ခြင်း နှင့်အတူ ပေါက်ကွဲ ထွက်သွားသော ဒဏ်ရာမှ စီးထန်းထန်း ပူနွေးနွေး ရှိသော သွေးစိမ်းများက ပါးစောင်အတွင်းသို့ တစိမ့်စိမ့် ယိုဆင်း ကျ နေ လေ တော့ ၏။ "ဟင်... သွေးတွေပါလား" ဒဏ်ရာကို လက်နှင့် တို့ကြည့်အပြီး မြင်လိုက်ရသော သွေးစ သွေးနတို့ကို လက်ကိုင်ပုဝါနှင့် သုတ်ပစ်ရန် အပြုမှာပင်... လျှာအာရုံခံ အဖုလေးများမှ တဆင့် အမျိုးအမည် မသိ ငံကျိကျိ ရှိသော အရသာကို ထူးထူးခြားခြား သူခံစားမိ၏။ “အဆန်းပါလား” သူ့အတွေးစတို့ မဆုံးခင်မှာပင် ညှီနံ့ တမျိုးနှင့် အရသာက သူ၏ လျှာဖျားမှတဆင့် ခန္ဓာကိုယ် တခုလုံးရှိ ထောင်ပေါင်းများစွာသော အာရုံကြောမျှင်များ ဆီသို့ အတားအဆီးမဲ့စွာ ဦးတည် သွားနေလေပြီ။ ဤသို့သော ရသကို သူ တကြိမ်တခါမျှ မသိခဲ့။ မခံစားဖူးခဲ့။ တကယ်တမ်း ပြောရလျှင် မည်သို့ သော အရသာမျိုးဟုပင် အမျိုးအမည် ခွဲခြားကြည့်ရန် မစွမ်းသာခဲ့။ အခုတော့ 'သွေး' ဆိုသည့် ဤအရသာထူးကို တခဏ အတွင်းမှာပင် သူ.. နှစ်သက်မိ၊ စွဲလန်းမိ၊ နှစ်ခြိုက်မိ သွားလေပြီ။ ရုန်းထွက်ရန် ခက်ခဲလှစွာ ဤမျှ စွဲမက်စရာ ကောင်းသော အရသာကို အရင်က ဘာကြောင့်များ မသိရှိ ခဲ့ရ ပါသလဲဟု မိမိဖာသာမိမိ တွေးတော နေရင်း… နှုတ်ခမ်းဝမှ စီးကျလာသော သွေးစ တို့ကို သတိလက်လွတ် စုပ်ယူ မြိုချ သဘောကျမိနေ လေတော့သည်။
၂။
ထိုနေ့က ခရီးဝေးမသွားခင် တခုခု ချက်စားရင်း ညနေချိန်ကို အတူတူ ကုန်လွန်ကြမည် ဟုဆိုကာ သူ့အခန်းသို့ ချစ်သူကောင်မလေး ရောက်ရှိနေသည့် အချိန်ဖြစ်သည်။ ထမင်းစားဝိုင်းတွင် သူ၏ အတွေ့ အကြုံသစ်ကို ပြောပြမည်ဟု ကြံရွယ်မိသော်လည်း တစုံတရာက တားဆီးထားသလို ရှိသည်မို့ စိတ်ထဲတွင်သာ သိမ်းဆည်းထားရန် ဆုံးဖြတ်ထားလိုက် တော့သည်။ မိန်းကလေးက သူကိုယ်တိုင်ပင် ဈေးဝယ်၊ သူကိုယ်တိုင် လှီးချွတ်ပြီး၊ သူကိုယ်တိုင် ကြော်လှော် ချက်ပြုတ်ရန် မီးဖိုထဲမှာ ရှိနေခိုက်… "အမေလေး... လုပ်ပါအုံး ကိုရေ... ဒီမှာ လက်ကို ဓားထိလို့" သူ့ချစ်သူ၏ အလန့်တကြား အော်ခေါ်လိုက်သံ အကြားမှာ သူ့စိတ်တွေ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ရသည်။ စိုးရိမ်စိတ်နှင့် အတူ ချစ်သူလက်ကို ဖမ်းကိုင်အပြီး သူထအော်မိ၏။ “ဟင်.. သွေးတွေပါလား...” ပြောရင်းဆိုရင်း စိတ်အစဉ်ထဲသို့ တဒင်္ဂ ဝင်လာသော ရမ္မက်ကြောင့် ကောင်မလေး၏ လက်ကို သူ့နှုတ်ခမ်းဝသို့ ဆွဲယူကာ ပေကျံနေသော သွေးစတို့ကို စုတ်ယူ မိလိုက်သည်။ "အို.. နေအုံးလေ..." ဓါးရှဒဏ်ရာမှ သွေးစိမ်းများ၊ အသားစိမ်းမှ ပျစ်ချွဲချွဲ အရည်များနှင့် စီးထန်း ပေကျံနေသေး သည်မို့ လက်ကို အတင်းရုန်းကာ ပြန်ဆွဲယူသော်လည်း သူ၏ လျှင်မြန်မှုကို သူမ ဘယ်လိုမှ လိုက်မမှီခဲ့။ သွေးစိမ်းများဖြင့် ချင်းချင်းနီနေသည့် သူ၏ လက်တဘက်မှာ ချစ်သူကောင်လေး၏ နှုတ်ခမ်း အစုံကြားမှာ မရုန်းသာ၊ မလှုပ်သာ ရှိနေ လေတော့၏။ “ဒီလောက်ညစ်ပတ်တာ.. ရေဆေးပါရစေဦး” …ဟု ဆိုကာ အတင်း ဆောင့်ရုန်းမှသာ သူ သတိဝင်ပြန်လာခြင်း ဖြစ်၏။ “ဟို..ဟို.. သွား.. သွား.. ရေချိုးခန်းထဲမှာ လက်ဆေးပြီး ပလာစတာ ကပ်ထားလိုက်။ ဟင်းတွေကိုတော့ ကို ပဲ ကြည့် စီစဉ် လိုက်တော့မယ်" ပြောပြောဆိုဆို ကောင်မလေး ရေချိုးခန်းထဲ ဝင်သွားသည်။ ဖြစ်ပျက်ခဲ့သော အဖြစ်တို့ကို သူကိုယ်သူ မယုံ။ ဘာတွေဖြစ်သွားတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။ သူစိတ်ကိုယ်သူ မလုံ။ တချိန်ထဲမှာပင် သူ၏ ရင်အစုံတို့သည် ဗြောင်းဆန်အောင် ခုန်လျှက်ရှိ၏။ ရင်ကို လက်တဖက်နှင့် ဖိရင်း မီးဖိုထဲသို့ မလုံမလဲ ပြန်အဝင်… သွေးစိမ်းများဖြင့် ပေပွနေသေးသော ဝက်သား အစိမ်းတုံးများကို မြင်တွေ့လိုက်ရချိန်တွင်… သူသည် သူ့စိတ်ကိုသူ အလျဉ်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ထို အသားစိုင်များကို နှုတ်ခမ်းဝသို့ တေ့ကာ တေ့ကာနှင့် သွေးတို့ကို အငမ်းမရ အားရပါးရ စုပ်ယူလိုက်မိ ပါတော့သည်။
၃။
သူသည် နှစ်ရှည်လများ လုပ်ကိုင်ခဲ့သော နေ့ကလေးထိန်းကျောင်းမှ အကြောင်းပြချက် တစုံတရာမရှိဘဲ ဆိုင်းမဆင့် ဗုံမဆင့် အလုပ်ထွက်ခဲ့လေသည်။ စိတ်သဘောထား နူးညံ့သော ကလေးများ၊ သခင့်အလိုက် သိတတ်သော ခွေးများနှင့်သာ ရောထွေး လုံးပုတ် ကစားတတ်သော သူသည် နေ့ကလေးထိန်း အလုပ်ကို ကြောခိုင်းကာ “သားသတ်ရုံမှာ အလုပ်ပြောင်း လုပ်နေသည်” ဆိုတော့ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ အိမ်နီးချင်းများ အားလုံးက အံ့သြကြလေ၏။ သူကိုယ်တိုင်သည်လည်း တစတစ အပြုံးအရယ် နည်းလာကာ၊ တစုံတယောက် သူ့ကို နုတ်ဆက်လာသည် ဆိုလျှင်ပင် တုန့်ပြန် ပြောဆိုခြင်း မရှိတော့သည်အထိ ပြောင်းလဲ၍လာ၏။ အိမ်ခန်းထဲရှိ ဖြူလွလွ ခန်းဆီး တို့ကို အနီတောက်တောက် အရောင်ရှိသော အဝတ်စများဖြင့် လဲလှယ် တပ်ဆင်လိုက်သည်။ ခန်းဆီး စေ့စေ့ချထားသော သူ့အိမ်ခန်းသည် ဖယောင်းတိုင်း မီး မှိန်မှိန်အောက်မှာ အကျဉ်းတန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ညနေ ညချမ်း များတွင် ခွေးတို့ ထိုးထိုးဟောင် တတ်ပြီး ဧည့်သည် အဝင်အထွက် မရှိ တော့သော သူ့အိမ်ခန်းမှာ ပကတိ ခြောက်သွေ့လျက် ရှိလို့နေလေပြီ။ အလုပ်အကိုင် အနေအထိုင် ပြောင်းလဲရုံသာမက သူ၏ အစားအသောက် အကျင့်စရိုက် တို့သည်လည်း တစထက် တစ အရင်တုန်းကနှင့် မတူ တမူထားခြား၍ လာလေတော့၏။ သူသည် သားငါးတို့ကို ချက်ပြုတ် စားသောက် ရသည်ထက် တစတစ အစိမ်းအတိုင်း စားသောက်ရသည်ကို ပိုမို သဘောတွေ့ နှစ်ခြိုက် လာလေ၏။ သားသတ်ရုံမှ ပြန်လာတိုင်းလည်း နှလုံး၊ အသည်း၊ ကလီစာတို့ကို အိတ်ကြီးကြီး တလုံးနှင့် မနိုင်မနင်း သယ်ပိုး တတ်လာ၏။ အိမ်ရောက်လျှင် ရောက်ချင်း နှလုံးစိမ်းမှ သွေးများကို အလျှင်စလို မစုပ်ယူ မသောက်သုံး လိုက်ရလျှင်ဖြင့် တနေကုန် ပင်ပမ်းသမျှ အမောပြေသည်ဟု မထင်။ အတွေးနှင့်ပင် သူသည် မီးဖိုချောင် စားပွဲပေါ်တွင် တင်ထားသော ကလီစာ အိတ်ကြီးကို အငမ်းမရ ဖွင့်ကာ ချင်းချင်းနီနေသော ဝက်နှလုံးကြီးကို ထုပ်၊ ငုပ်စေ့မျှ ကျန်ရှိ နေသေးသော သွေးကြောမကြီး၏ အပေါက်ဝသို့ နှုတ်ခမ်းတစုံကို တေ့လိုက်ကာ...... “ရှ.. ရှရှ.. ရှရှရှ... ရှလွတ်” ဟု မြည်အောင် စိတ်ရှိလက်ရှိ တရစပ် စုပ်ယူလိုက်လေ တော့သည်။
၎။
သူငယ်ချင်းများ အဝင်အထွက် နည်းကာ ပျင်းရိဖွယ် ကောင်းလာသလို၊ နေရသည်မှာ အူတူတူ နိုင်သလို ရှိလာသည်မို့ ပွဲဈေးတမ်းရှိရာ မြို့လည်ခေါင်သို့ တယောက်ထဲ ထွက်လာခဲ့လေသည်။ အချိန်က မှောင်ရီပျိုးစ၊ မြို့လည်ခေါင်မှ နီယွန် မီးသီးလုံးကြီးများ စတင် ထွန်းညှိချိန် ဖြစ်သည်။ အင်္ကျီနှင့် တွဲလျှက် ခေါင်းစွပ် အမည်းရောင်ကို ခေါင်းမှာ အုပ်ဆောင်းထားသည့် သူ့ပုံစံက ရုပ်ရှင်ထဲမှ လူသတ်သမား ပုံနှင့်ပင် တူနေ သေးတော့သည်။ ပွဲဈေးတန်း အတွင်းရှိ သကြားလုံး ဆိုင်တန်းများဘက် အရောက် သူအရင်က အလုပ် လုပ်ခဲ့သော မူကြိုကျောင်းမှ ကလေး တယောက်က သူ့ကို မြင်ကာ အပြေး လိုက်လာသည်ကို တွေ့လိုက်ရ၏။ ဦးထုပ်ကို မျက်နှာပေါ်သို့ အတင်းဆွဲချကာ မမြင်ချင်ယောင် ဆောင်၍ သူရှောင်ထွက်သွားမည် အလုပ် ပြေးလိုက်လာသော ကလေးက သူ့ရှေ့တွင်ပင် အုတ်ခဲတလုံးကို ခလုပ်တိုက်ကာ မှောက်လျှက် လဲကျ သွားလေသည်။ ကလေး၏ ဒူခေါင်းနေရာမှ ထွက်ကျလာသော သွေးများကို မြင်သောအခါမှ လှည့်ထွက်သွားမည် ဟူသည့် သူ့ခြေလှမ်းများက တုံ့ကနဲ ရပ်တန်းသွားခြင်း ဖြစ်သည်။ ထို့နောက်မှ လဲကျနေသော ကလေး၏ ပါးစပ်ကို လက်ဝါးဖြင့်ပိတ် ကလေးကို အမိအရ ချီပိုးကာ ဘယ်သူမှ သတိမထား မိလိုက် ခင်မှာပင် ပွဲဈေးတန်းမှ အမြန်ဆုံး လစ်ထွက်လာခဲ့ လေတော့သည်။ ထိုနေ့ညက မုတ်ဆိတ်ပျားစွဲကာ ပွဲတော်တည်ခွင့် ရခဲ့သော ကလေးသား နုနုထွတ်ထွတ်သည် သူ့ဘဝအတွက် အရသာအရှိဆုံး၊ ချိုမြိန်ဖွယ် အကောင်းဆုံး၊ တန်ဖိုးအရှိဆုံး အစားအစာတခု ဖြစ်ခဲ့သည်ဟု ဆိုရလျှင်ဖြင့် မှားလိမ့်မည် မထင်။
၅။
သည်လိုဆိုတော့ သူနေ့စဉ် သုံးဆောင်နေကျ သားသတ်ရုံမှ တိရိစ္ဆာန်အသားတို့မှာ သူ့အတွက် သြဂလီဆန်စရာ ဖြစ်လို့ လာခဲ့လေပြီ။ နေ့စဉ်နေ့တိုင်း အသားစိမ်းများကို အရိုးမှထွင်ရင်း ဘေးမှ လုပ်ဖော်ကိုင်ဖက်များ မမြင်ခင် ပါးစောင်ထဲသို့ ပစ်ထည့်ကာ တမြုံ့မြုံ့ ဝါးခဲ့ရသည့် အကြောအရွတ်များက အခုတော့ အရင်လို ချိုအိ နူးညံ့သည့် အရသာကို မပေးစွမ်းတော့ပြီ။ သွေးခဲ ဝက်အူချောင်း အတွက်ဟု ဆိုကာ ပုံးအပြည့် ထည့်ထားသော သွေးများကို တကျိကျိ လည်နေသော စက်ခေါင်းကြီးထဲသို့ လောင်းမထည့်ခင် လက်ဝါးတခုပ်စာ ခပ်သောက်ခဲ့ရသော ဝက်သွေးများမှလည်း ခါတိုင်းလို ချိုစိမ့် ထူးကဲသည့် အရသာကို မရရှိတော့ပြီ။ သူ့အတွက်... သူ့ဦးနှောက်အတွက်... သူ့အာရုံကြော မျှင်များ အတွက်... အမှန်တကယ် လိုအပ်နေသည်မှာ လူသားစစ်စစ် တို့၏ အသွေး၊ အသားနှင့် အဆီအနှစ် တို့ပင် ဖြစ်ကြောင်း အခုတော့ သူကောင်းကောင်းကြီး သိရှိ သဘောပေါက် သွားခဲ့လေပြီ။ ထိုနေ့မှစ၍ သူသည် သားသတ်ရုံမှ အလုပ်ကိုထွက်ပြီး ဆေးရုံရှိ ခွဲစိပ်ခန်းများထဲတွင် သန့်ရှင်းရေး လုပ်ရသော အလုပ်ကို ပြောင်းလုပ်ပါတော့သည်။ ဒီလိုနှင့် တနေ့တနေ့ ခွဲစိပ်ခန်းမှ ထွက်သည့် အဆီခဲ၊ သွေးခဲများ၊ အယိအရွဲများ၊ ကျောက်ကပ် တခြမ်းပုတ်များ၊ အူမကြီး အပိုင်းအစများသည် သူ၏ နေ့စဉ်သုံးဆောင်ရာ ဟင်းလျာများ ဖြစ်လို့လာခဲ့ လေပြီ။ တခါ တခါလည်း လူလစ်လျှင် လစ်သလို ဖောက်ပြီးသား သွေးပုလင်းတို့ကို ခိုးယူကာ တပုလင်းလုံး ကုန်သည်အထိ မော့သောက်ပစ် တတ်သေး၏။ ယင်းသို့ ပုံမှန် စားနေ သောက်နေရသည် ဆိုသော်လည်း ဆေးရုံမှ နေ့စဉ်ရရှိနေသည့် စားကောင်း သောက်ဖွယ်များသည် တစတစနှင့် သူ့အတွက် လောက်ငမှု မရှိဟု ခံစားမိလေသည်။ သူ၏ စားကျက်ကို လူစည်ကားရာ အရပ်များတွင် သွားရောက် ရှာဖွေခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု သူဆုံးဖြတ်ချက် ချမိသောအခါ သူသည် နိုက်ကလပ်များ၊ ပါတီပွဲများ ရှိရာသို့ ခြေဦးလှည့်မိ ပြန်လေ၏။ သူ၏ နည်းပရိယာယ်မှာကား သူနှင့် တွဲကသော အဖော်မိန်းကလေးကို အရက်မူးအောင် တိုက်ပြီး လူမှန်းသူမှန်း မသိတော့သည့် အချိန်သို့ ရောက်သောအခါမှ သူ့အိမ်သို့ အပါခေါ်ခြင်းဖြစ်သည်။ အရွယ်ရောက်ပြီး မိန်းမပျိုတဦးကို ရပြီဆိုလျှင် သူ့အတွက် ရိက္ခာသည် ၁၀ ရက်စာမျှ ဖူလုံသည် ဆိုရအံ့။ ၁၁ ရက်ပြည့်မြောက်သော နေ့ဝယ် စားကျက်အသစ်တွင် သားကောင်အသစ်ကို တဖန် ရှာရပြန်တော့သည်။
၆။
လူသားအစစ်ကို မချက်မပြုတ် မသုတ်မသင်ဘဲ အစိမ်းအတိုင်း စားဖန်များလာသော သူ၏ ပြင်ပရုပ်သွင် လက္ခဏာသည် တဖြည်းဖြည်းနှင့် ကြမ်းတမ်း ခက်ထန်၍ လာခြေပြီ။ မဖီးမသင်တာ ကြာပြီဖြစ်သော ရှည်လျား ခြောက်သွေ့နေသည့် သူ့ ဆံခြည်မျှင် များကလည်း တစစနှင့် သူ၏ပုခုံးထက်မှာ ရှုပ်ပွညစ်ထေး၍ နေချေပြီ။ သူ၏မျက်လုံးများမှာ နီရဲတောက်ပ၍ လာသလို၊ သူ၏ စွယ်သားများမှာလည်း တနေ့ထက်တနေ့ သိသိသာသာ ချွန်မြထက်ရှ၍ လာချေပြီ။ လူတွေက သူ့ကို မြင်လျှင် ကြောက်လန့် တုန်လှုပ်၍ လာ၏။ ခပ်ဝေးဝေးမှ လှမ်းမြင်ကတည်းကပင် ရှောင်ကြ ရှားကြ၏။ ထိုသို့ဖြင့် သွေးသား မုဆိုးကြီး အတွက် သားကောင်ရှာရသော အကွက် အကွင်းများမှာလည်း တစနှင့်တစ ကျုံလှီ ကျဉ်းမြောင်း၍ လာတော့သည်။ ဒီလိုနှင့် ကြံရာမရတော့သည့် နောက်ဆုံး ဥာဏ်နီ ဥာဏ်နက်များကို ထုတ်သုံးရလေပြီ။ လူသူအသွားအလာ နည်းပါးသော လမ်းကြိုလမ်းကြား တခုတွင် အိတ်တလုံးကို ချထားကာ အကွယ်တခုမှာ မသိမသာ စောင့်ကြည့်၏။ လမ်းသွားလမ်းလာ တဦးက အိတ်ကို ပိုင်ရှင်မဲ့အဖြစ် လာကောက်ပြီဆိုလျှင် သူကအရင် လက်ဦးမှုရအောင် ပြေး၍ လု၏။ ထို့နောက် ဝေစုခွဲရန် ဟု ဆိုကာ အဆိုပါ ပုဂ္ဂိုလ်ကို သူ၏ အခန်းသို့ အပါ ခေါ်ဆောင်သွားခြင်းဖြင့် သူ၏ တပတ်စာ ရိက္ခာကို ဖြေရှင်းရလေ၏။ တကယ်တမ်းမှာတော့ ဤနည်းဖြင့် သားကောင် ရှာဖွေရခြင်း သည်လည်း လွယ်ကူ လွန်းလှသည်တော့ မဟုတ်။ ထူးဆန်းသည့် လူပျောက်သတင်း များကလည်း သတင်းစာ ခေါင်းကြီးပိုင်းများမှာ အကြိမ်ကြိမ် နေရာဝင်ယူ နေကြပြီ။ ရဲများ၊ စုံထောက်များကလည်း သူ့နောက်သို့ အပြင်းအထန် နောက်ယောင်ခံ လိုက်နေကြပြီ။ သူ့ကိုယ်သူ ရုပ်ဖျက်ပြီး မြို့တမြို့နှင့် တမြို့သို့ ပြောင်းရွှေ့ရသည့် စရိတ်စက ကလည်း အတော်ကို ထောင်းထောင်း ကျေ၍ နေချေပြီ။
၇။
လမ်းပေါ်မှာ သားကောင် ရှာရသည်မှာ ခက်ခဲ ပင်ပန်း၍ လာသည့်အခါ သူအကြံသစ်တခုကို ထုတ်ရ ပြန်လေသည်။ ထိုသို့ဖြင့် ယခင်အချိန် ကာလများက ကိုင်တွယ် အသုံးပြု ခဲ့ဖူးသော သူ့လက်ကိုင် ကွန်ပြူတာလေးကို ဖုန်မှုန့် အလိမ်းလိမ်းကြာမှ ပြန်၍ ရှာဖွေယူခဲ့သည်။ သူ့အခန်းထောင့်မှ ဖြတ်သွားသော တဘက်အိမ်မှာ တယ်လီဖုံးကြိုးကို ကြားမှ ဖြတ်ယူကာ သူ့နည်းသူ့ဟန်ဖြင့် အင်တာနက်ရအောင် ချိတ်ယူသည်။ နာမည်အတု၊ လိပ်စာအတုများဖြင့် အီးလေးလိပ်စာ အသစ် ဖွင့်သည်။ ချက်တင်ခန်းများ၊ ဖိုရမ်များ၊ ဝက်ဘ် စာမျက်နှာ များတွင် နာမည် အမျိုးမျိုးဖြင့် မှတ်ပုံတင်သည်။ ယခုအခါသော် သူ၏ သားကောင်သစ်များမှာ အွန်လိုင်းပေါ်မှ ရရှိသော မိတ်ဆွေများ ဖြစ်၍ နေလေပြီ။ ညနေစာ အတူစားရန်၊ ပွဲတော်သို့ အတူသွားရန်၊ အတူတူ ဈေးဝယ်ထွက်ရန်၊ ဝိုင်းဖွဲ့ကစားရန် ဟူသော အကြောင်းပြချက် မျိုးစုံဖြင့် သူ၏ အခန်းရှိရာသို့ ရောက်ရှိလာသူသည် “ကံဆိုးသူ” ဖြစ်သွားရုံ မှတပါး အခြားမရှိ နိုင်တော့ပြီ။ ထိုသို့ဖြင့် သူ၏ အပတ်စဉ် ရိက္ခာ ဖူလုံရေးအတွက် အွန်လိုင်းမိတ်ဆွေ များနိုင်သမျှ များများ ရရှိရေးသည် သူ၏ အဓိက ရည်ရွယ်ချက် ဖြစ်၍လာ၏။ သူတတ်သမျှ မှတ်သမျှ နည်းပညာများကို သုံးကာ သူငယ်ချင်းအသစ်များကို ရရှိရန် ချဉ်းကပ်၏။ ဘလော့တခုဖွင့်ကာ ပရိတ်သတ် စိတ်ဝင်စားနိုင်သည့် အကြောင်းအရာများကို ရှာဖွေတင်ဆက်၏။ ပျော်စရာ ရွှင်စရာ ရယ်စရာ ဟာသများကို ခုတုံးလုပ်၍ သူ၏စာမျက်နှာကို လူစည်ကားစေ၏။ အခြား စာရေးသူများ၏ စာမျက်နှာများထံသို့ မကြာခဏ သွားရောက် လည်ပတ်ကာ မှတ်ချက်များ မကြာခဏ ရေးမှတ်ခြင်းဖြင့် သူကို လူသိများလာအောင် စွမ်းဆောင်၏။ ထို့ထက် တဆင့်တက်လာပြီ ဆိုလျှင်တော့ သူ့ဘလော့သို့ လာလည်သူများထဲမှ အပေါင်းအသင်း အချို့ကို ဂျီတော့မှ တဆင့် ဆက်သွယ်ကာ ပိုမိုရင်းနှီးမှုကို အရယူ၏။ ထိုအထဲမှာမှ အညှာ လွယ်သော၊ လွတ်လပ် ပွင့်လင်းသော၊ သနားတတ်သော လူတချို့မှာ သူ၏ စကားလုံးများအောက် ဝပ်စင်းကာ သားကောင်ဘဝသို့ ပြားပြားမှောက် ရောက်ကြရ လေတော့၏။ ၈။ အခုလည်း သူသည် သူ၏ ဘလော့စာမျက်နှာမှ လူ အဝင်အထွက် စာရင်းကို တိတ်တဆိတ် စောင့်ကြည့်ရင်း သဘောကျစွာဖြင့် မိန့် မိန့် ကြီး ပြုံး လျှက် ရှိ နေ လေ သည်။ ယင်းသို့ ပြုံးရသော အကြောင်းမှာကား... သူ၏ “ညနေစာ” ဖြစ်နိုင်သည်ဟု ယူဆ၍ရသော သက်ရှိလူသား တယောက်သည် သူ့စာမျက်နှာကို လာလည်ရင်း သူရေးထားသော စာ၊ သူတင်ထားသော ပိုစ့်ကို အစအဆုံး တလုံးမကျန် ကုန်စင်အောင် ဖတ်သွားကြောင်း သတိထား ရိပ်စား မိလိုက်ခြင်း ကြောင့်ပင် ဖြစ် ပါ လေ တော့ သ တည်း။
အားလုံးကို ခင်တဲ့
**ကိုလူထွေး**
-စိတ် ၏ စေ ရာ -

No comments:
Post a Comment