ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 16, 2012

> -သီတင်းကျွတ်ရင်ခုန်တမ်းချင်း-
**ကျွန်မ အသက် (၄၅) နှစ်**
 ကျွန်မ ခေါင်းကို ဘယ်နှစ်ကြိမ် ကုတ်နေမိမှန်းတောင် မသိတော့။ လက်ထဲက ဘောပင်ကို အသာချ၊ ဂဏန်းပေါင်းစက်ကလေးနဲ့ စာရွက်ပေါ် ချရေးထားတဲ့ နာမည်တွေထဲက ဒီနှစ်သီတင်းကျွတ်မှာ မဖြစ်မနေ ကန်တော့ရတော့မယ့် သူတွေနဲ့ သူတို့အတွက် လျာထားတဲ့ ကန်တော့ဖွယ် ပစ္စည်းတွေရဲ့ ဘေးက ခန့်မှန်းကိန်းဂဏန်းများကို ကြည့်လို့ တစ်ခုချင်း နှိပ်ပြီး ပေါင်းလိုက်ပါတယ်။ အဖေနဲ့အမေ ၂၅၀၀၀/- ကိုသက်အောင်အဖေနဲ့အမေ ၂၅၀၀၀/- ကိုသက်အောင်အဘွား ၁၅၀၀၀/- ရုံးကန်တော့ပွဲအတွက်ထည့်ဝင်ငွေ ၁၅၀၀၀/- သမီးလေးရဲ့အတန်းပိုင်ဆရာမ ၁၅၀၀၀/- သမီးလေးရဲ့ ကျူရှင်ဆရာမ ၁၅၀၀၀/- မုန့်ဖိုးပြန်ပေးငွေ ၃၀၀၀၀/- “ဘုရားရေ.. ” ကျွန်မ ပါးစပ်က အသံတောင် ယောင်ပြီး ထွက်သွားရတယ်။ စုစုပေါင်း တစ်သိန်းခွဲနား နီးနေပါရော့လား။ ကျွန်မ ခေါင်းကို အသာလေးတောင် ယမ်းလိုက်မိသလား မသိ။ ကျွန်မအသံနဲ့ ကျွန်မဟန်ကြောင့် ကိုသက်အောင်က မလှမ်းမကမ်းမှာရှိနေတဲ့ ပက်လက်ကုလားထိုင်ပေါ် သတင်းစာ ထိုင်ဖတ်ရင်းကနေ ကျွန်မကို တစ်ခဏ မျက်လုံးလေး လှန်ကြည့်တယ်။ ဒီနှစ် သီတင်းကျွတ်တော့ ၀ိတ်လျှော့မှ ဖြစ်ချေတော့မယ်လို့ စိတ်ထဲက တွေးလိုက်တယ်။ နှစ်ဘက်မိဘတွေအတွက် လျာထားတဲ့ နှစ်သောင်းခွဲစီကတော့ လျော့လို့ မဖြစ်ရေးချ မဖြစ်။ ဟိုးအရင် အိမ်ထောင်ကျခါစကလို ဖောဖောသီသီ မကန်တော့နိုင်တာ ကြာပြီ။ ဆီတစ်ပုံးတို့၊ ဆန်တစ်အိတ်တို့ဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီဆိုပြီး စာရင်းတို့ထားလိုက်ရပြီ။ အမေကြိုက်တတ်တဲ့ ရွှေပုဇွန်ကိတ်လေးကတော့ မပါမဖြစ် ပါမှ။ ကော်ဖီမစ် အထုပ်ကြီးတစ်ထုပ်၊ အမေ့အတွက် အိင်္ကျီ ၀မ်းဆက်၊ အဖေ့အတွက် ပါနေကျ ပုဆိုးနဲ့ သားရေဖိနပ်ကလေးတော့ပါမှ အဖေ စိတ်ကောင်းမှာ။ နောက် အမေကြိုက်တတ်တဲ့ ပန်းသီးလှလှလေး ငါးလုံးလောက်လည်း ရံဦးမှ။ တော်ကြာ သီတင်းကျွတ် ကန်တော့ပစ္စည်း တဖြည်းဖြည်းနဲ့ နည်းနည်းလာတယ် ဆိုပြီး မောင်နှမတွေက ပြောလာပြန်ရင်လည်း မခံချင်သေး၊ အင်း.. စာရင်းချုပ်လိုက်တော့ နှစ်ဘက်မိဘကို နှစ်သောင်းခွဲလောက်စီကတော့ မှန်နေပြီ။ ကိုသက်အောင် လူပျိုထဲက ကန်တော့နေကျ သူ့အဘွားလေး ကိုလည်း တစ်သောင်းခွဲလောက်တော့ အလိုက်တသိ ကန်တော့ရဦးမယ်။ စိတ်ထဲကနေ ကိုယ်တိုင် ကန်တော့ခံချိန် မုန့်ဖိုးပေးရမယ့် အပျိုပေါက် လူပျိုပေါက် တူ၊ တူမတွေကို ကျွန်မ လက်ချိုး ရေတွက်ကြည့်လိုက်တော့ ခြောက်ယောက်။ တစ်ယောက်ကို သုံးထောင်လောက် သတ်မှတ်ထားတာတာင် ကြေးအိုးတစ်ပွဲကို အနည်းလေး နှစ်ထောင့်ငါးရာပေးနေရတဲ့ ခေတ်မှာ နည်းတယ်လို့များ ပြောနေဦးမလား မသိ။ အပျိုလူပျိုအရွယ် တူတူမတွေကိုတော့ ငါးထောင်လောက်စီ ပေးမှ ကောင်းမှာ။ သူတို့တွေ လာကန်တော့ရင် ပြန်ပေးရမယ့် မုန့်ဖိုးတင်မက ကျွေးမှာ မွေးမှာနဲ့က သုံးသောင်းလောက် ဖယ်ထားရမယ်။ မိသားစုဖို့ စဉ်းစားပြီးပြန်တော့ အလုပ်။ ကုမ္ပဏီမှာ သူဋ္ဌေးက စီးပွားရေးတွေ မကောင်းလို့ ဆိုပြီး လစာတိုး မပေးတာ၊ ဘောနပ်စ် မပေးတာလည်း ကြာကြာလှနေပြီ။ အရင်လို လစဉ်ပိုက်ဆံ စုဖို့ဆိုတာ ဝေလာမှ ဝေးရော၊ နှစ်နဲ့ကို ချီနေလေပြီ။ ကိုသက်အောင်ရဲ့ ရုံးကလည်း အရင်လို အောက်ဆိုက်တွေ မရတော့။ အစိုးရ၀န်ထမ်းတွေကို မျက်စေ့ဒေါက်ထောက် ကြည့်တာ ခံနေရချိန်မှာ ကံကောင်းတယ်ပဲ ပြောမလား၊ ကံဆိုးတယ်ပဲ ပြောမလား၊ အရင် အောက်ဆိုက်လေးတွေ ရနေရတဲ့ ဌာနကနေ နောက်ဌာနတစ်ခုကို အပြောင်း ခံထားရတာ နှစ်ဝက်လောက်ရှိနေပြီ။ တရိပ်ရိပ် အတက်ကြမ်းနေတဲ့ ကုန်ဈေးနှုန်းက လင်မယားနှစ်ယောက် ပေါင်းမှရတဲ့ လစာလေးကို ပြက်ရယ်ပြုချင်နေပြီ။ အရင်လို လကုန်ချိန် စုဆောင်းနိုင်ဖို့ နေနေသာသာ နေ့စဉ် မီးဖိုချောင် အသုံးစရိတ်နဲ့ လကုန်တိုင်း ပေးဆောင်ရမယ့် အခွန်အခတွေ ပေးလိုက်တာနဲ့ကို အိတ်ထဲမှာ ပြားချပ်လို့ သွားတော့တာ။ ဒါပေမယ့် ရုံးက သူဌေးကို ၀န်ထမ်းတွေ စုပြီး ကန်တော့ဖို့လည်း ငွေထည့်ရဦးမယ်။ ကိုယ့်ရာထူးနဲ့ဆို အနည်းဆုံး တစ်သောင်းလောက် ထည့်မှ၊ မဟုတ်ရင် စီမံရေးရာ တာဝန်ခံရဲ့ လက်ထဲက ပိုက်ဆံကောက်တဲ့ စာရင်းစာရွက်ထဲ နာမည်နဲ့ တကွ၊ အရှက်ရနေဦးမှာ။ ကိုသက်အောင်တို့ ဌာနကတော့ ငါးထောင်လောက် ထည့်ရင်ရပြီဆိုတော့ အလုပ်နဲ့ ပတ်သက်ပြီး ကန်တော့ရမှာက တစ်သောင်းခွဲဘိုး။ နောက်သမီးလေးကျောင်း။ သမီးလေး မျက်နှာမငယ်စေဖို့ သူ့ရဲ့ အတန်းပိုင်ဆရာမနဲ့ ကျူရှင်ဆရာမကိုလည်း သူများတွေလို ခြင်းကြီးခြင်းငယ် ပိုးဖဲဇာပ၀ါ မတတ်နိုင်တောင် အနည်းဆုံး ပါတိတ်ဝမ်းဆက်လေးနဲ့ ကိတ်မုန့်လေး၊ သစ်သီးလေးလောက်တော့ မဖြစ်မနေ ကန်တော့မှ သင့်တော်မှာ။ အင်း.. အဲဒါကလည်း တစ်ယောက် တစ်သောင်းခွဲက လျော့ရင် မဖြစ်ချေတော့။ ဟူးခနဲတောင် သက်ပြင်းချလိုက်မိသလား မသိတော့ဘူး။ သီတင်းကျွတ် အသုံးစရိတ်ကို ၀ိတ်လျှော့ဖို့ ကြိုးစားနေပေမယ့် မရပါလား။ ဆိုတော့ ဘာလိုလိုနဲ့ သီတင်းကျွတ် အကြို လျာထားငွေစာရင်းက တစ်သိန်းလေးသောင်း ဖြစ်သွားပြီ။ ဘယ်လိုမှ လျော့လို့ကို မရတော့။ ကြံရာ မရတော့တာမို့ ကျွန်မ ခေါင်းကို ဗျင်းခနဲ နေအောင် ထပ်ပြီး ကုတ်လိုက်မိတော့တယ်။ ကိုသက်အောင်က ဘာတွေများ ဖြစ်နေတာလဲဆိုတဲ့ ပုံစံနဲ့ ကျွန်မကို မျက်လုံးဝင့်ကြည့်ရင်း မေးဆတ်ပြီး လှမ်းမေးတယ်။ “တော်.. မသိပါဘူးတော်…၊ သီတင်းကျွတ်နီးလာရင် တစ်နှစ်ထက်တစ်နှစ် ပိုပြီး ကျပ်တည်းလာတာကို ပိုပြီး သိသိလာသလိုပဲ၊ တော်ပဲ ကောင်းတယ်၊ လစာလေး မှန်မှန်အပ်ပြီး သတင်းစာ စိတ်အေးလက်အေး ဖတ်နိုင်တယ် ” ဟုတ်တယ်။ သူ့လို အရာရာ စိတ်အေးလက်အေး နေတတ်သူအဖို့တော့ အပူအပင် နည်းပေလေမပေါ့။ ဟိုတစ်နေ့ကပဲ ကြည့်လေ၊ “သီတင်းကျွတ် နီးလာပြီနော်၊ လခလေးနဲ့ ရောင့်ရဲမနေနဲ့၊ သူများတွေလို ကြံဦးဖန်ဦး” ဆိုတော့ “ မင်းက ဇာချဲ့ချင်နေတာကို၊ ကိတ်မုန့်လောက်နဲ့ ကန်တော့လဲ ဘယ်သူကမှ ရိုက်မထုတ်ပါဘူး” တဲ့။ ပြောပုံက ကျွန်မကိုယ်၌က ပေါပေါပဲပဲ လက်ဖွာနေသလိုလို။ တစ်နှစ်မှတစ်ခါ ကန်တော့ရတာ တော်ရိရော်ရိလုပ်လို့ ဖြစ်ပါ့မလားဆိုတာကို သူမသိဘူး။ ဒီခေတ်ကြီးမှာ ပိုက်ဆံဆိုတာ ရေငွေ့ပျံသလို နေ့မြင်ညပျောက် အသုံးမခံတော့ဘူးဆိုတာ ကိုယ်တိုင် ငွေကိုင်ပြီး စီမံခန့်ခွဲကြည့်မှ သိနိုင်တာမျိုး ဆိုတော့လည်း သူ မစာနာတတ်တာ အပြစ် မပြောလိုတော့။ “ ဒီမယ် မိန်းမ.. သီတင်းကျွတ်မှာ ကန်တော့ဖို့ ပစ္စည်းစာရင်းတွေနဲ့ပဲ နပန်းသတ်မနေနဲ့၊ သီတင်း တစ်ခါကျွတ်ရင် သြော်… ငါ့ကို လာကန်တော့တဲ့သူတွေ၊ ငါက ပြန်ကန်တော့ရမယ့်သူတွေ များလာပြီ..၊ ငါ.. အသက်ကြီးလာပြီဆိုပြီးလဲ နှလုံးသွင်းဦး” ကျွန်မ ပွစိပွစိ လုပ်နေတာကို အိမ်ဦးနတ်ကြီးက သတင်းစာလေးယူပြီး အိပ်ခန်းထဲဝင်သွားရင်းက အဖျားခတ် ပြောသွားလို့ မျက်စောင်းကို နာနာထိုးရင်းက ချရေးထားတဲ့ ကိန်းဂဏန်းတွေကို လျော့သွားလို လျော့သွားငြားဆိုပြီး ဂဏန်းပေါင်းစက်နဲ့ နောက်တစ်ကြိမ် ထပ်ပေါင်း နေမိပါတော့တယ်။

 **ကျွန်မ အသက် (၃၅) နှစ်**
 “သာဓု သာဓု သာဓု..၊ သမီးနဲ့သား အိုအောင်မင်းအောင် ပေါင်းရပါစေ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ၊ စိတ်သွားတိုင်း ကိုယ်ပါလိုရာဆန္ဒ ပြည့်ဝကြပါစေ၊ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ကြပါစေ” အမေ့ ဆုပေးသံက ကျွန်မတို့ လင်မယားရဲ့ နားဝကနေ ရင်အထဲအထိ ရောက်သွားတယ်။ ထိခြင်းငါးပါးနဲ့ ရိုကျိုးရှိခိုးပြီးချိန်မှာတော့ နှစ်ဦးသား ရင်ထဲမယ် ကြည်နူးချမ်းမြေ့သွားပါတယ်။ အဖေကတော့ စကားနည်းသူပီပီ မျက်လုံးလေး မှိတ်ရင်းနဲ့ ပါးစပ် တရွရွနဲ့ အသံတိတ် ရွတ်ဆိုပြီး ဆုတောင်းပေးနေတယ်။ ကိုသက်အောင်ကတော့ သူ့ဝသီအတိုင်း အနေအေးသူလည်းဖြစ်ပြန်၊ လက်ထပ်ပြီး ဒီလောက်အချိန်တွေ ကြာလာတာတောင် အခုလိုမျိုး အမေတို့အိမ်ကို အလည်လာရင်ဖြင့် သူ့မှာ အသားမကျနိုင်သေးပဲ သူစိမ်းတစ်ယောက်လို ရှိန်းတိမ်းဖိန်းတိမ်း အမူအရာ ရှိနေတုန်း။ ကျွန်မတို့က မောင်နှမ ခုနစ်ယောက်ရှိပြီး အစ်ကို အကြီးဆုံး လူပျိုကြီးနဲ့ အငယ်ဆုံး ညီမငယ်တို့ မောင်နှမ နှစ်ယောက်က လွဲလို့ ကျန်တဲ့ ငါးယောက်လုံးက အိမ်ထောင် ကိုယ်စီ ကျကုန်ကြပြီ။ အိမ်ထောင်ကျတဲ့ ငါးယောက်ထဲမှာ တတိယမြောက် ကျွန်မက နောက်အကျဆုံး အိမ်ထောင်ကျသူဖြစ်ပြီး၊ ကျန်လေးယောက်ကတော့ သားသမီးတွေ ပွားစည်းနေကြပြေီ။ ကျွန်မမှာသာ အခုအချိန်အထိ သားသမီး မရနိုင်သေး။ ကျွန်မအပါအ၀င် အိမ်ထောင်ကျတဲ့ မောင်နှမ ငါးယောက်လုံး ဆံထုံးနောက် သျှောင်ပါသူပါ၊ သျှောင်နောက် ဆံထုံး လိုက်သူလိုက်နဲ့။ အမေတို့က အိမ်ထောင်ကျရင် ဘယ်သားသမီးကိုမှ အိမ်မှာ လက်မခံတော့ဘူးလို့ ကြိုတင် အသိပေးထားပြီးသား။ အခုလို တနင်္ဂနွေလည်းဖြစ်ပြန်၊ သီတင်းကျွတ် လပြည့်နေ့နဲ့လည်း ကြုံကြိုက်ပြန်ဆိုတော့ အမေတို့ အိမ်မှာ မောင်နှမတွေ အမေ့ကို ကန်တော့ဖို့ ရောက်နေကြတယ်။ တူလေး တူမလေးတွေက ခန်းဆီးကြားကနေ ကျွန်မတို့ကို လင်မယား ကန်တော့တာကို ချောင်းကြည့်နေကြတယ်။ တစ်ဦးတည်းသား ကျွန်မခင်ပွန်းက မောင်နှမများတဲ့ ကျွန်မတို့အိမ်ကို ရောက်လေတိုင်း တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ လူတွေ ပြည့်ကျပ်ပြီး စကားသံတွေ ညံနေတာကို အမြဲ တအံ့တသြ ဖြစ်နေတတ်တယ်။ အမေတို့နဲ့အတူနေတဲ့ လူလွတ် ညီမငယ်လေး ဥမ္မာက ကျွန်မတို့ လင်မယားအတွက် လက်ဖက်ရည်နဲ့ကိတ်မုန့် လာချပေးတယ်။ အမေက “လက်ဖက်ရည်က အိမ်မှာ လက်ဖက်ခြောက် နှပ်ထား ဖျော်ထားတာ၊ အပြင်မှာ တစ်ခွက်တစ်ရာက အာတောင်မဆွတ်ဘူး၊ ထမင်းစားပြီးမှ အေးအေးဆေးဆေး ပြန်ကြချေ၊ ဒီနေ့ သမီးအကြိုက် ငါးဆားနယ်ကို ကြက်ပေါင်သီးလေးနဲ့ ချက်ထားတယ်” လို့ ပြောတော့ ကျွန်မ ကိုသက်အောင်ကို လှမ်းအကြည့်မှာ ကျွန်မတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားရတယ်။ ကိုသက်အောင်က မိသားစုဝင်တွေများတဲ့ အမေတို့အိမ်မှာ ထမင်းစားရမှာကိုလည်း အင်မတန်မှ အားတုံ့အားနာ ဖြစ်တတ်တဲ့သူ။ ကျွန်မကို အမေ့တို့ အိမ်သွားခါနီးတိုင်း “ကိုယ်တို့ကြောင့် အလုပ်ပိုပါတယ်၊ အမေတို့ကို စားဖို့ ဘာမှ မလုပ်စေနဲ့” လို့ အမြဲတမ်း တားမြစ်နေကြ။ အမေ့ကို မညာချင်ပေမယ့် “ သမီးတို့ ထမင်းစားပြီးမှ ထွက်လာတာပါ” လို့ အမေ့ကို ပြောတော့ သမီးမျက်နှာကြည့်ပြီး သဘောပေါက် နေကြ။ အမေက ညီမငယ်ကို “ မီးငယ်လေး.. နင့်အစ်မနဲ့ အစ်မကိုအတွက် ထမင်းပွဲပြင်ပေးလိုက်၊ လက်ဖက်ရည် ပန်းကန်တွေ ကိတ်တွေ ခဏပြန်သိမ်း၊ ထမင်းစားပြီးမှ ကျွေးချေ” လို့ ပြောတယ်။ ကန်တော့ဖို့ ရောက်နေတဲ့ မောင်လေးက ဧည့်ခန်းမှာ ထမင်းဝိုင်းခင်းဖို့ စားပွဲပုလေးကို သယ်လာတော့ နေရာကျယ်သွားအောင် ကျွန်မတိုရဲ့ ကန်တော့ထားတဲ့ ပစ္စည်းတွေကို ကျွန်မတို့ ၀ိုင်းပြီး နောက်ဖေးကို သယ်သူသယ်၊ ရွှေ့သူရွှေ့ ကူလုပ်ပေးကြတယ်။ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ အဖေ့အတွက် သားရေဖိနပ်တစ်ရံ၊ အမေ့အတွက် ပါတိတ်ဝမ်းဆက်၊ ရွှေပုဇွန်ကိတ်တစ်ဗူး၊ စူပါကော်ဖီမစ် အထုပ်ကြီး တစ်ထုပ်၊ လိမ္မော်သီး၊ ပန်းသီးဆယ်လုံးစီ။ အမေက “အဲ့လောက် အများကြီး မလိုပါဘူးသမီးရယ်၊ ကိတ်မုန့်လောက်ဆို တော်ရော့ပေါ့၊ ပိုက်ဆံတွေ ကုန်လှပါတယ်” လို့ ပြောတယ်။ “အမေ… သမီးက ဒီလ လစာလည်း တိုးတယ်၊ ဘောနပ်စ်လဲရထားတယ်လေ.. ကြုံကြိုက်တုန်းလေး သေသေချာချာ ကန်တော့တာပါ ” လို့ ပြောပြလိုက်တော့ အမေ့မျက်နှာက အပြုံးတဝေေ၀နဲ့ သာဓုခေါ်ရှာတယ်။ ကိုသက်အောင်က သိပ်အေးတဲ့သူဆိုတော့ ကျွန်မလုပ်သမျှ ဘာဆို ဘာမှ မပြောဘူး၊ မကန့်ကွက်ဘူး။ ကျွန်မတို့က ကိုသက်အောင်ရဲ့မိဘများနဲ့ အတူနေကြတာမို့ သူကတော့ သူမိဘများကို အိမ်ထောင်မကျခင်ကတည်းက ရတဲ့ လခထဲကနေ အခုအချိန်ထိ ထောက်ပံ့နေခဲ့တာပါ။ ဒါကြောင့် ကုမ္ပဏီမှာ လက်ထောက် မန်နေဂျာရာထူးနဲ့ ကျွန်မစုထားတဲ့ လခလေးထဲက ကိုသက်အောင်လည်း မျက်နှာမငယ်ရလေအောင်၊ အခုလို အမေတို့ကို သေသေချာချာ လာကန်တော့နိုင်တာ ကျွန်မ ၀မ်းသာနေမိတယ်။ မောင်နှမတွေကြားမှာလည်း ကျွန်မလည်း မျက်နှာမငယ်တော့ဘူးပေါ့။ ခဏနေတော့ ကျွန်မကြိုက်တဲ့ ကြက်ပေါင်သီး ငါးဆားနယ်ချက်၊ ပဲကုလားဟင်း၊ ငါးဖယ်ရှောက်ရွက်သုပ်နဲ့ အမေ့ ထမင်းဝိုင်းလေးမှာ ကျွန်မ ခေါင်းမဖော်နိုင်တော့ပါဘူး။ အားနာတတ်တဲ့ ကိုသက်အောင်တောင် ထမင်းနှစ်ခါ ထည့်ယူရတယ်။ ထမင်းစားအပြီး ကိတ်မုန့်လက်ဖက်ရည်နဲ့ အချိုတည်းနေတုန်း ရောက်နေတဲ့ ကျွန်မအောက်က အငယ်တွေနဲ့ တူ တူမလေးများက အသီးအနှံများ၊ ကိတ်မုန့်၊ အအေးပုလင်းနဲ့တဖန် ကျွန်မတို့ လင်မယားကို ပြန်ကန်တော့ကြပြန်ပါတယ်။ ကိုသက်အောင်လည်း အမှတ်မထင် ကန်တော့ခံရတဲ့အတွက် ရှက်နေပါတယ်။ လက်မနှေးတတ်၊ လက်လွယ်တတ်တဲ့ ကျွန်မရဲ့ လက်တွေက ပိုက်ဆံကို ဖွင့်လို့ မူလတန်းအရွယ် တူလေး တူမလေးတွေကို မုန့်ဖို့အဖြစ် ငါးရာတန် တစ်ယောက် တစ်ရွက်စီ ပေးလိုက်တယ်။ အကြီးဆုံးတူမလေးက ကျွန်မပေးတဲ့ မုန့်ဖိုးနဲ့ ဂါဝန်လေး ၀ယ်ဝတ်မယ်လို့ အဘွားဖြစ်သူကို ပြောပြနေတယ်။ ကလေးပီပီ သီတင်းကျွတ်မှာ မုန့်ဖိုးရလို့ ပျော်နေတဲ့ သူတို့ရဲ့ အပျော်မျက်နှာက ကျွန်မစိတ်တွေကို ကြည်နူးစေပါတယ်။ အမေတို့အိမ်ကအပြန် အိမ်မှာရှိနေမယ့် ကိုသက်အောင်တို့ မိဘများအတွက်လည်း ကန်တော့ပစ္စည်း များ ၀င်ဝယ်ကြရပြန်ပါတယ်။ မီးဖိုချောင်စားရိတ်ကို အတူနေ ကျွန်မတို့က တာဝန်ယူထားတာမို့ ဆန်၊ ဆီတွေ မ၀ယ်ဖြစ်တော့ပဲ ကျန်တဲ့ပစ္စည်းများကို အမေတို့ အိမ်နည်းတူ ကျွန်မ၀ယ်ဖြစ်ပါတယ်။ အဲ့ဒီညက ဒီနှစ်သီတင်းကျွတ်အတွက် ကျွန်မ ကန်တော့ခဲ့တာတွေ စာရင်းချရေးလိုက်တော့ နှစ်ဘက်မိဘများ၊ အလုပ်မှာ စုပေါင်းကန်တော့ဖို့ ထည့်ဝင်တာနဲ့ဆို လောလောလတ်လတ် ထုတ်ထားတဲ့ ကျွန်မလခလေး တစ်ဝက်နီးနီး ကုန်လေပြီ။ သြော်… ဘာပဲဖြစ်ဖြစ် သီတင်းကျွတ်မှာ နှစ်ဘက်မိဘတွေကို အခုလို သေချာ ကန်တော့ခွင့်ရဖို့ အခြေအနေ ပေးနေတာကိုက ၀မ်းသာစရာ မဟုတ်ပေဘူးလား။ ငယ်ဘ၀ကနေ ဒီနေ့အထိ ဖြတ်သန်းခဲ့တဲ့ သီတင်းကျွတ် ရက်တွေဟာ ကျွန်မအတွက် ပျော်ရွှင်စရာ၊ ချမ်းမြေ့စရာတွေနဲ့ အတိပြီးလို့ပေါ့။ 

 **ကျွန်မ အသက်(၂၅)နှစ်**
 ကျွန်မ လက်ဖျားကို ချစ်သူက သေချာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ တိုး မပေါက်တဲ့ လူပင်လယ်ကြီးထဲမှာ ကျွန်မတို့ မျောပါနေကြတယ်။ လူကောင်ညှက်တဲ့ ကျွန်မ၊ လူတွေကြားထဲမှာ ပျောက်ချင် နေပြီ။ သူဆွဲခေါ်ရာနောက်ကို လိုက်လို့သာလာနေရတယ် ဘယ်နေရာ ဘယ်လမ်း ရောက်နေမှန်းတောင် မမြင်ရ မသိရတော့။ ဒါမှန်းသိရင် လာတောင်လာမိမယ်မထင်။ လူများတဲ့ ပွဲဈေးတန်းတွေကို ကျွန်မသွားခဲပါတယ်။ အရင်နှစ် သီတင်းကျွတ်တွေကတော့ သူနဲ့ ရေကျော်ဘက်ကို သွားဖြစ်ခဲ့တယ်။ ဒီတစ်ခါတော့ ဦးဘဂျမ်းလမ်းမှာ သီတင်းကျွတ်တိုင်း လုပ်နေကြ ကာတွန်းပြပွဲကို ကြည့်ချင်လွန်းတာမို့ ကျွန်မတို့ နှစ်ယောက်သား အရောက်လာခဲ့တာပါ။ လမ်းလေး ၀ဲယာမှာ မုန့်ဆီကြော်သည်၊ ရေမုန့်၊ အကြော်စုံ၊ မုန့်ဟင်းခါးသည်၊ အအေးစတဲ့ စားစရာဆိုင်တွေ ရှိသလို၊ ကလေးကစားစရာဆိုင်တွေ်၊ လျော့ဈေးနဲ့ ရောင်းတဲ့ အင်္ကျီဆိုင်တွေ၊ ဖျာသည်၊ စောင်သည်၊ ဒန်အိုးသည်များပါမကျန် ဆိုင်တွေ စုံတကာစေ့ ဖွင့်ထားတာ တွေ့ရတယ်။ သူဆွဲခေါ်ရာနောက်က ဒယဥ့်တိုက် ပါလာပြီး နောက်ဆုံးမှာတော့ ကာတွန်းပြပွဲ ကျင်းပရာလမ်းကို ရောက်ခဲ့တော့တယ်။ ဆီစိမ်စက္ကူနဲ့ ပြုလုပ်ထားတဲ့ အလင်းရောင်သေတ္တာတွေပေါ်မှာ ကာတွန်းဆရာများစွာရဲ့ တစ်ကွက်ကာတွန်း သရုပ်ဖော်ရုပ်ပုံတွေကို တွေ့ရတယ်။ ကာတွန်းတွေက ခေတ်ရဲ့ အမြီးအမောက် မတည့်တာတွေကို ကလောင်သွားထက်ထက်နဲ့ သရော်ထားတာမို့ ပုံတိုင်းကို ကြည့်ပြီး နှစ်ယောက်သား အကြိုက်တွေ့နေကြတယ်။ ကာတွန်းပွဲတော်က အပြန် နာရီကို ကြည့်လိုက်တော့ ခွန်နှစ်နာရီ နီးပါးရှိနေပြီ။ လေးဘီးတစ်စီးကို တစ်ရာနဲ့ဈေးဆစ်ငှားပြီး အိမ်နဲ့လမ်းသင့်တဲ့ ဗိုလ်တစ်ထောင်ဘုရားကို နှစ်ယောက်သား ခရီးဆက်ခဲ့ကြတယ်။ ဘုရားမှာ အခါကြီးရက်ကြီးမို့ လူတွေက ကြိတ်ကြိတ်တိုးလို့။ ဘုရားဝတ်ပြုပြီးတော့ ပွဲဈေးက ၀ယ်လာတဲ့ ရေမုန့်ကို စားရင်း ဗိုလ်တစ်ထောင် ကမ်းနားတစ်လျှောက် လေညှင်းခံရင်း လမ်းလျှောက်မိကြတယ်။ ချစ်သူက ကျွန်မရဲ့ လက်ဖျားလေးတွေကို တင်းတင်းဆုပ်ကိုင်လို့ထားရင်းက ပြောတယ်။ “ နောက်နှစ် ဒီအချိန်ဆို လူကြီးတွေကို ဖွင့်ပြောပြီး ချစ်ကို မရအရကို လက်ထပ်ယူမှာဗျ” အချိန် အတိုင်းအတာတစ်ခုကို ချစ်သူနဲ့အတူ ကျွန်မ ကျော်ဖြတ်ရဦးမယ်။ တစ်သက်တာ လက်တွဲဖို့အတွက် အခိုက်အတန့်သော အချိန်တွေကို ကျွန်မတို့နှစ်ယောက် ရင်းနှီးမြုပ်နှံရဦးမယ်။ ချစ်သူလက်ကို တွဲလို့ ဖြတ်သန်းရတဲ့ သီတင်းကျွတ်ညလေးက ကျွန်မအတွက် မိန်းမောစရာ။ ချစ်သူနဲ့အတူ အနာဂတ်ကို အတူရင်ဆိုင်ဖို့ ခွန်အားတွေ မွေးယူရတာ စိတ်ထဲမှာ ကျေနပ်စရာ ကောင်းတာမရှိ။ မီးပွင့်ရောင်စုံလေးတွေက နေရာအနှံ့မှာ ဖျတ်ခနဲ ဖျတ်ခနဲနဲ့ လင်းလက်လို့။ လေအဝှေ့မှာ ဘုရားရင်ပြင်ဘက်က ဆည်းလည်းသံလေးတွေက ညောင်ရွက်လေတိုးသံ တရှဲရှဲနဲ့အတူ ရောယှက် ထွက်ပေါ်လာလို့။ ကျွန်မ ကြည်ကြည်နူးနူး ပြုံးမိတယ်။ ဘုရားပွဲဘက်ဆီက ဖွင့်ထားတဲ့ စုံတွဲသီချင်းသံလေးတွေက လေထဲမှာ ပျံ့လွင့်လို့နေတယ်။ “မကြာခင်… သီတင်းကျွတ်တော့မယ်… မင်းနဲ့အတူ… နေရာစုံအောင် လျှောက်လည်ချင်ပါတယ်.. ဖြည်းဖြည်းပြောဦး… စိတ်ကူးယဉ်ပြီး မောင် မောဦးမယ်… လက်ထပ်ဖို့အရေး မတွေးချင်ပါကွယ်.. ” 

 **ကျွန်မ အသက် (၁၅)နှစ်**
 မနေ့ကမှ အမေ့အဆူကိုခံပြီး ကောက်ထားတဲ့ အကြေကောက်ဆံပင်ပုံနဲ့ ပြောင်စပ်စပ်ဖြစ်နေတဲ့ ကျွန်မမျက်နှာကို မှန်ထဲမှာ ဘယ်ပြန်ညာပြန် ကြည့်နေလိုက်တယ်။ ခေတ်စားနေတဲ့ ဒီဆံပင်ပုံစံက အရှေ့မှာ ဘေးခွဲအမောက်ထောင်ပြီး၊ နဖူးပေါ်မှာတော့ ဆံနွယ်မျှင်ပါးလျလျကို တိတိလေး ဖြတ်ချထားတယ်။ အနောက်ဖက်ကိုတော့ ပခုံးအထက်မှာ အကုတ်ပုံစံလေး။ တစ်ခေါင်းလုံးကို ကျစ်ဆံမြီး သေးသေးလေးတွေ အများကြီး ကျစ်ပြီး ကောက်ထားတာမို့ ဒီနေ့ အထိတောင် ကျွန်မခေါင်းက အရေပြားတွေ ကျိန်းလို့နေသေးတယ်။ မျက်နှာကို မီလပ်စနိုးပါးပါးလေး ပွတ်လူးလိုက်ပြီး ဒေါ်သီသနပ်ခါးမှုန့်လေးကို တို့ပတ်လေးနဲ့ ဖွဖွလေးတို့လိုက်တယ်။ ပြီးတော့ ဒီဇင်ဘာအိုင်းလိုင်နာတောင့်နဲ့ အောက်မျက်ခမ်းလေးကို မည်းနက်နေအောင် ဆွဲလိုက်တယ်။ နှုတ်ခမ်းကိုတော့ သပြေသီးရောင်နှုတ်ခမ်းဆိုးဆေးကို စုတ်တံလေးနဲ့ နှုတ်ခမ်းပတ်လည်တစ်လျှောက် ဘောင်ကွပ်ပြီး ပုံဖော်ဆိုးလိုက်တယ်။ နှုတ်ခမ်းအတွင်းသားကိုတော့ သူ့ထက်ဖျော့တဲ့ ပန်းနုရောင်လေးနဲ့ ဖြည့်လိုက်တယ်။ မှန်ထဲက လက်ဖောင်းအင်္ကျီ ပုံကျကျလေးနဲ့ ကျွန်မရုပ်ပုံ ကို ကြည့်ရင်းက “ ယုံလား… ယုံရင် ပြောပြဖို့ စိတ်ကူးပြီးသားကွယ်…..” လို့ ဟေမာနေ၀င်းရဲ့ သီချင်း တစ်ပိုင်းတစ်စကို ညည်းလိုက်မိသေးတယ်။ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့။ အဘွားအလိုကျ မနေ့ကတစ်ရက် ကြိုတင်ပြီး ဥပုသ်စောင့်ထားပြီးပြီမို့ ဒီနေ့ သူငယ်ချင်းတွေနဲ့ ဘုရားတက်ဖို့ အဖေ့ဆီက ခွင့်ပြုချက် ရထားပြီးပြီ။ ခနနေ သူငယ်ချင်းတွေ အုပ်လိုက်ကြီး အိမ်ရောက်လာတော့ “ဆံပင်ပုံစံအသစ်၊ တရုပ်ပိတ်ခရမ်းရောင် ၀မ်းဆက်လေးနဲ့ တယ်မိုက် နေပါလား” လို့ ၀ိုင်းစကြတယ်။ ကျွန်မနဲ့ ငယ်ငယ်ထဲက တွဲလာတဲ့ သူငယ်ချင်း ချစ်စုက “ ဦးနဲ့ဒေါ်ဒေါ်တို့ကို ငါတို့တွေ တစ်ခါတည်း ကန်တော့လိုက်ကြရအောင်” လို့ ဆော်သြလိုက်ရော ကျွန်မပါ သူတို့နဲ့ရောလို့ အဖေနဲ့အမေကို ဦးချလိုက်တယ်။ အဖေနဲ့အမေက ဆုပေးတော့ သူငယ်ချင်းမတွေက တစ်ယောက်တစ်ပေါက်နဲ့ “မုန့်ဖိုးပေးပါ” လို့ ၀ိုင်းပြောကြတယ်။ အဖေလည်း မနေသာတော့ပဲ သူ့အိတ်ကပ်ထဲက ကျပ်တန်သုံးရွက်ကို ထုတ်ပေးလိုက်မှ ကျေးဇူးရှင်မတွေက ကျေနပ်ကြတယ်။ “ သူငယ်ချင်းတွေနဲ့ လူအုပ်မကွဲစေနဲ့၊ သေချာသွားဦး” လို့ အမေက စိတ်ပူစကားပြောတယ်။ ကျွန်မက အိမ်နဲ့ ကျောင်းကလွဲလို့ တစ်ခါမှ အခုလို မိဘမပါဘဲ အပြင် တစ်ခါမှ မသွားဘူးသူ။ သူငယ်ချင်းမများကို ဆရာတင်ပြီး သွားရတာဖြစ်သလို၊ အိမ်က လူကြီးတွေမပါပဲ အခုလို လွတ်လွတ်လပ်လပ်သွားရတော့ စိတ်ထဲ ပျော်ရွှင်နေမိတာ မငြင်းလိုတော့။ ရွှေတိဂုံဘုရားကို ဘတ်စ်ကားခ တစ်ယောက်ငါးမူးစီပေးလို့ ကျွန်မတို့ သွားခဲ့ကြတယ်။ ကားခပေးလိုက်လို့ စပယ်ရာပြန်ပေးတဲ့ ကားလက်မှတ်လေးကအစ ကျွန်မအတွက် အထူးအဆန်း ဖြစ်နေလေတာ။ သီတင်းကျွတ် လပြည့်နေ့မို့ ထင်ပါရဲ့၊ ရွှေတိဂုံဘုရား အရှေ့ဘက်လမ်းတလျှောက် ဘုရားဖူးများ၊ ဈေးဆိုင်ခန်းများနဲ့ ကြပ်ပိတ်ညပ်လို့နေတယ်။ မိန်းကလေးငါးယောက်အဖွဲ့မို့ တစ်လမ်းလုံးဆူညံ ကျွက်စီနေတယ်။ ကောင်လေးတွေကလည်း ကွက်ကြည့်ကွက်ကြည့် လုပ်နေတော့ ကျွန်မတို့အုပ်စုက ညိုမြလုပ်နေတာ မဟုတ်ပေမယ့် ရှက်သွေးတွေဖြာနေမိတာ မထူးဆန်းပါဘူးနော်။ ဘုရားရောက်တော့ ကိုယ့်မွေးနံမှာ ကိုယ်စီ ဘုရားရှိခိုးပြီး ရေသပ္ပာယ်ကြတယ်။ ဘုရားရင်ပြင်တစ်ခုလုံး ဘုရားဖူးတွေနဲ့ အပြည့်အသိပ်ပဲ။ အားလုံးပြီးတော့ ကျွန်မတို့အားလုံး အောင်မြေမှာ ဆုတောင်းကြတယ်။ မတိုင်ပင်ထားပေမယ့် ကိုယ်စီ တူညီတဲ့ဆုတောင်းများ ဆုတောင်းမိကြတယ်။ လာမယ့် မတ်လမှာ ဖြေဆိုရမယ့် ဆယ်တန်းစာမေးပွဲကြီးကို လျောလျောလျူလျူ ဖြေနိုင်စေဖို့။ သီတင်းကျွတ်ပြီးရင် တန်ဆောင်မုန်း တန်ဆောင်တိုင်လာဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ လစဉ် ရှိနေတတ်တဲ့ မြန်မာ့ရိုးရာပွဲတော်တွေကို ကျွန်မ အင်မတန် သဘောကျမိတယ်။ ပထမအစမ်း စာမေးပွဲကြီး အပြီး အခုလို သီတင်းကျွတ်ကျောင်းပိတ်ရက်ရှည်မျိုးကို ကျွန်မတို့တွေ မျှော်လင့်နေမိတတ်ကြတယ်။ အိမ်ပြန်ရောက်တော့ အဘွားက ဖယောင်းတိုင်လေးတွေနဲ့ တစ်အိမ်လုံး မီးဖိုချောင်ဆန်အိုးကစလို့ အိမ်ရှေ့ လှေကားထစ်တွေအထိ တလှုပ်လှုပ်နဲ့ ဆီမီးလိုက်ထွန်းနေတာမို့ ကျွန်မလည်း အင်္ကျီတောင် မလဲနိုင် တော့ပဲ အဘွားကို လိုက်ကူပြီး ဆီမီးထွန်းပေးနေမိတယ်။ ကျန်တဲ့ ဖယောင်းတိုင်လေးတွေနဲ့ အိမ်ရှေ့ဝရန်တာ သံပန်းတလျှောက် အထက်အောက် ဆီမီးတိုင်လေးတွေ လိုက်ထွန်းလိုက်တယ်။ လတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ရယ်တတ်တဲ့အရွယ်ဆိုတော့ လေအဝေ့မှာ ယိမ်းကနေတဲ့ ဖယောင်းတိုင် မီးတောက်လေးတွေကို နှစ်သက်သဘောကျစိတ်နဲ့ ကျွန်မ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေမိတယ်။

 **ကျွန်မ အသက် (၅) နှစ်** 
မနက်က အိမ်က အဘိုးနဲ့အဘွားကို ကျွန်မတို့ မောင်နှမတွေ ကန်တော့ရတယ်။ ကန်တော့ဖွယ် လင်ဗန်းထဲမှာ အဘိုးနဲ့အဘွား ကြိုက်တတ်တဲ့ ငှက်ပျောသီးတစ်ဖီး၊ ကျွဲကောသီးတစ်လုံး၊ ကိတ်မုန့်၊ လမုန့်၊ သကြား၊ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ကို ထည့်ထားတယ်။ အဖေအမေတို့နဲ့အတူ ဦးသုံးကြိမ်ချ ကန်တော့ကြတယ်။ အဘိုးက ကန်တော့ပြီးတော့ ကျွန်မတို့ မြေးတွေကို မုန့်ဖိုးပေးတယ်။ ခဏနေတော့ အဘိုးရဲ့နံဘေးမှာ ကျွန်မတို့ မြေးတွေ ၀ိုင်းနေကြပြီ။ အဘိုးပြောပြနေတာကို ကျွန်မတို့ မောင်နှမတွေ ငြိမ်ငြိမ်လေး နေပြီး နားထောင်ကြတယ်။ “မြတ်စွာဘုရားက မယ်တော်မိနတ်သားကို မွေးကျေးဇူးဆပ်ဖို့အတွက် တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ တရားကို ၀ါတွင်းသုံးလပတ်လုံး ဟောကြားခဲ့တယ်၊ ဘုရားရှင်က လူ့ပြည်ကို သိကြားမင်းတို့ ဖန်ဆင်းပေးတဲ့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းကနေ ပြန်လည်ကြွချီတော်မူချိန်မှာ ရဟန်းရှင် လူအပေါင်းက ဘုရားရှင်ကို မီးရှူးမီးတိုင်များနဲ့ ထွန်းညှိပူဇော်ကြည်ညိုကြတယ်တဲ့ မြေးတို့ရဲ့” အဘိုးက ပုံပြော အရမ်းကောင်းတယ်။ နဂါးဆေးပေါ့လိပ်တုတ်တုတ်ကြီးကို ဖွာရင်းကနေ အဘိုးရဲ့ ပေါင်ပေါ် အိပ်သူအိပ်၊ အဘိုးအရှေ့မှာ ၀မ်းလျားမှောက်သူမှောက်နဲ့ တမေ့တမော နားထောင်နေရတာကို ကျွန်မတို့ မောင်နှမတွေ သိပ်နှစ်ခြိုက်ခဲ့တာပေါ့။ အဘွားကတော့ ကျွန်မတို့ စားဖို့ မြေပဲလှော်ကို သံဇလုံအ၀ိုင်းလေးထဲ ထည့်ပေးတယ်။ မြေပဲလှော်စိမ့်စိမ့်လေး စားပြီး အဘိုးပြောပြနေတာကို နားထောင်ရတာ အရသာရှိလှတယ်။ မိုးတောင် ပီပီပြင်ပြင် မချုပ်သေး၊ ညနေစောင်း ခြောက်နာရီခွဲလောက် ရောက်တော့ ကျွန်မတို့ မောင်နှမတွေ အိမ်အောက်ကို ရောက်နေကြပြီ။ ဆီစိမ်စက္ကူနဲ့လုပ်ထားပြီး ၀ါးခြမ်းပြားလက်တံ တပ်ဆင်ထားတဲ့ အနီရောင်ယုန်မီးပုံးလေးကို ကျွန်မ တယုတယ ကိုင်ထားတယ်။ လေအဝေ့မှာ ယုန်ရုပ်လေးထဲက ဖယောင်းတိုင် မီးလေးက တလှုပ်လှုပ်နဲ့။ စလုံးစခု လမ်းပေါ်မှာ ကျွန်မတို့မောင်နှမတွေ အဖေ၀ယ်ပေးထားတဲ့ ယုန်မီးပုံး ကိုယ်စီနဲ့ လမ်းမကြောင်းမှာ ဟန်ရေးပြနေကြရင်း ပျော်နေကြပြီ။ ကျွန်မတို့ မောင်နှမတွေက ကြောက်တတ်တော့ ခပ်လှမ်းလှမ်းမှာ ပေထုပ်ဖောက်ကစားနေကြတဲ့ ကလေးတွေနဲ့ မရောနှောပဲ ကိုယ့်မောင်နှမတွေချည်း သီးသန့်ဆော့ကြတယ်။ အဖေက ကျွန်မတို့ မောင်နှမ အတွက် ရောင်စုံယုန်မီးပုံးလေးတွေ သီတင်းကျွတ်မှာ ဆော့ကစားဖို့ ၀ယ်လာပေးတယ်။ အရောင်စုံ ယုန်မီးပုံးလေးတွေထဲက ကျွန်မက စိတ်ကြိုက် အနီရောင်လေးကို ရွေးယူလိုက်တယ်။ ကျွန်မတို့ မောင်နှမတစ်သိုက် ပျော်လွန်းလို့ ဆွေ့ဆွေ့ခုန်နေလိုက်ကြတာ။ လေတိုက်လို့ ယုန်ရုပ်ထဲက ဖယောင်းတိုင်မီး ငြိမ်းသွားရင်ဖြင့် ကျွန်မတို့ တစ်သိုက်ကို စောင့်ကြည့်နေကြတဲ့ အဖေက သစ်သားယမ်းမီးခြစ်လေး တရှဲရှဲခြစ်ပြီး ချက်ချင်း မီးပြန်ညှိပေးတယ်။ ကစားနေရင်းက အင်္ကျီအိတ်ကပ်လေးကို ကျွန်မလက်နဲ့ဖိရင်း စမ်းလိုက်မိတယ်။ အိတ်ကပ်ထဲမှာ အဘိုးနဲ့အဘွားဆီက မုန့်ဖိုးရထားတဲ့ ကျပ်စေ့ အသစ် ကျပ်ချွတ်လေး နှစ်စေ့ကို သိမ်းထားတယ်။ ကျောင်းသွားရင် တစ်နေ့မှ မုန့်ဖိုးဆယ်ပြားသာရတာ။ အဘိုးနဲ့အဘွားက အခုလို ကျပ်စေ့နှစ်စေ့တောင် မုန့်ဖိုးပေးထားတော့ ကျွန်မမှာ ထားစရာ နေရာ မရှိတော့ဘူး။ အမေက ဒီပိုက်ဆံကို စုဘူးထဲ ထည့်ခိုင်းပေမယ့် ကျွန်မ မပေးချင်တာမို့ ၀က်ဝက်ကွဲ အော်ငိုရင်း အခု အောက်ဆင်းကစားချိန်မှာ ကျွန်မရဲ့အကျီင်္ အိတ်ကပ်လေးထဲမှာ ပါလာခဲ့တာ။ အရင်ဆို အခုလို ညအချိန်မှာ အိမ်အောက်ကို ကျွန်မ ဆင်းကစားခွင့် မရှိပါဘူး။ ဒီနေ့တော့ အထူး အခွင့်အရေးအနေနဲ့ အိမ်အောက်ဆင်းရုံတင်မက၊ မောင်နှမတွေ အတူတူ ဆော့ကစားခွင့်ပါ ရနေကြတယ်။ ကိုကြီးက အဲ့ဒါ သီတင်းကျွတ်မို့လို့လို့ ကျွန်မကို ပြောပြတယ်။ အမေက ခုနက အဘွားကို ပြောနေတာ ကျွန်မကြားလိုက်ရတယ်။ မနက်ဖြန်ကြရင် ရန်ကင်းက အဘိုးနဲ့အဘွားဆီကိုလည်း သွားကန်တော့ရဦးမယ်တဲ့။ ငါတို့တွေ မုန့်ဖိုးရဦးမှာတဲ့။ ကျွန်မ အရမ်းကို ပျော်နေမိတယ်။ အိမ်တွေရဲ့ မျက်နှာစာတိုင်းမှာ ထွန်းညှိထားတဲ့ ရောင်စုံစက္ကူ မီးပုံးလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ လှလွန်းတာမို့ ကျွန်မမှာ ကြည့်လို့ မ၀အောင်ပါဘဲ။ မိုးကောင်းကင်မှာလည်း ကြယ်ပွင့်ဖြူဖြူလေးတွေက ရေတွက်လို့ မရနိုင်လောက်အောင် အများကြီးပဲ။ ဖိုးလမင်းကြီးကလည်း ၀ိုင်းစက်ပြီး သာနေလိုက်တာများ မီးမထွန်းပဲတောင် လင်းနေသလိုလို။ “ဖိုးလမင်းကြီးထဲမှာ ရွှေယုန်နဲ့ ဆန်ဖွတ်နေတဲ့ အဘိုးအိုရှိတယ်၊ ညီမလေး သေချာရှာကြည့်” လို့ ကိုကြီးက လာပြောတယ်။ ကျွန်မလည်း သေချာကြည့်ပြီး ဘာမှ မတွေ့ပေမယ့် “ဟုတ်တယ်နော်.. ညီမလေးတွေ့ရတယ် ကိုကြီး”လို့ ပြန်ပြောလိုက်တယ်။ ကျွန်မလည်း ကိုကြီးတို့အရွယ် ကလေးကြီးတွေ လုပ်သလို လက်ဝါးကလေး ပါးစပ်မှာအုပ်လို့ မိုးကောင်းကင်ကြီးကို ကြည့်ပြီး လိုက်အော်လိုက် မိတယ်။ “ဖိုးလမင်းကြီးရေ၊ ထမင်းဆီဆမ်း ရွှေလင်ဘမ်းနဲ့ ပေးပါ၊ ၀ါ…၀ါ..၀ါ..” အောက်မှာ ဆော့ကစားလို့ အချိန် အတော်ရသွားတော့ အဖေက ကျွန်မတို့ကို မုန့်နဲ့ မျှားပြီး အိမ်ပေါ်ကို တက်ခိုင်းပါတယ်။ “အိမ်ပေါ်ကို တက်တဲ့သူတွေကို ကိတ်မုန့်ရယ်၊ အအေးရယ်တိုက်မယ်၊ လိမ္မော်သီးလည်း ကျွေးဦးမယ်” ကျွန်မမျက်စိထဲ ကြောင်အိမ်ပေါ်တင်ထားတဲ့ အဘိုးနဲ့အဘွားကို လာကန်တော့ထားတဲ့ မုန့်တွေကို မြင်ယောင်လိုက်မိတယ်။ ကျွန်မတို့ မောင်နှမတွေ လှေကားအတိုင်း အိမ်ပေါ်ကို အလုအယက် တိုးဝှေ့တက်ကြတော့တယ်။ အိမ်ပေါ်ရောက်တော့ အဘွားနဲ့ အမေက အိမ်တစ်အိမ်လုံးအနှံ့ ဖယောင်းတိုင် သေးသေးလေးတွေ လိုက်ထွန်းနေတာကို တွေ့ရတယ်။ မီးရောင်စုံတွေ ထွန်းညှိထားတာကို ကျွန်မသဘောကျတယ်။ ရောင်စုံမီးပုံးလေးတွေ တွန်းပြီး ဆော့ကစားရတာကိုလည်း ကျွန်မ အရမ်းကို ပျော်တယ်။ ဖြစ်နိုင်ရင် သီတင်းကျွတ်ရက်တွေကို မကုန်ဆုံးစေချင် မိဘူး။ အဘိုးရဲ့အနား အသာကပ်လို့ ကျွန်မ သွားမေးမိတယ်။ “အဘိုး.. နောက်တစ်ခါ သီတင်းကျွတ်က အကြာကြီး စောင့်ရဦးမှာလားဟင်” “အင်းပေါ့မြေးရဲ့.. နောက်တစ်နှစ် ထပ်စောင့်ရဦးမှာပေါ့” “တစ်နှစ်ဆိုတာ အကြာကြီးလားဟင် ” “တစ်နှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက်တိတိရှိတယ် မြေးရဲ့” ကျွန်မ မျက်နှာလေး ချက်ချင်း ရှုံ့တွသွားတယ်။ သက်ပြင်းလေးချပြီး စိတ်ပျက်စွာ တိုးတိုး ညည်းတွားမိလိုက်တယ်။ “ဟင်း.. ဒါဆို နောက်နှစ် သီတင်းကျွတ်ရောက်ဖို့ အကြာကြီး စောင့်ရဦးမှာပဲ ဘိုးဘိုးရယ်” 

**ကျွန်မအသက်(၄၆)နှစ်** 
 တနံတလျားကြီး နောက်ပြန်လို့ အတွေးတွေနယ်ချဲ့မိနေတဲ့ ကျွန်မရဲ့အတွေးစ အရှည်ကြီးကို အမြန် ဖြတ်လိုက်ရတယ်။ ကျွန်မ ငိုင်နေမိရင်းက အတွေးရေလျဉ်ကြောမှာ မျောနေမိလိုက်တာ အတော်ကြာ သွားပြီပဲ။ လက်ထဲက သီတင်းကျွတ် ကုန်ကျစာရင်းစာရွက်ကို ပြန်ကြည့်မိပြန်တော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းမောကြီးချပြီး အသံထွက်အောင် ညည်းတွားမိလိုက်တော့တယ်။ “ဟူး… ဒီနှစ် သီတင်းကျွတ်ကလဲ ရောက်တာ မြန်လွန်းလိုက်တာနော်”

 (မျက်ရှုအွန်လိုင်းမဂ္ဂဇင်း ( 15 Oct 2012) မှာလည်း ဖော်ပြခံထားရတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ်။) 

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။ 

 **မြသွေးနီ**

-သီတင်းကျွတ်ရင်ခုန်တမ်းချင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)