-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-
(အောက်တိုဘာ ၁၁ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် အောက်တို ဘာလ ၈ ရက်နေ့မှ စတင်ကာ မိုးများအဆက် မပြတ် ရွာသွန်း၍ လေပြင်းများ တိုက်ခတ်သည့်အပြင် မြူခိုးများ ထူထပ်စွာ ကျရောက်သဖြင့် ဒုက္ခသည်များ ရာသီဥတုဒဏ် ဆိုးရွားစွာ ခံစားနေရသည်။အုန်းဖျန်စခန်း ဥက္ကဌ စောထီးဝါးက “မိုးကလည်း အဆက်မပြတ်ကို ရွာတာ နေ့ရော ညရောပဲ။ မနက်ပိုင်းဆိုရင်လည်း မြူတွေ ထူထပ်စွာ ကျဆင်းတယ်။ လေပြင်းကလည်း တိုက်သေးတယ်။ ညဘက် ဆိုရင် အေးလွန်းလို့ ကောင်းကောင်း အိပ်လို့ မရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။မိုးရွာသွန်းပြီး လေပြင်းများ အဆက်မပြတ် တိုက်ခတ်ခဲ့သည့်အပေါ် အုန်းဖျန်စခန်းတွင် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့ အထိ စာသင်ကျောင်းများ အားလုံးပိတ်ထားရသကဲ့သို့ မြေပြိုမှုအချို့လည်း ရှိသည်ဟု စခန်းဥက္ကဌက ဆက်ပြောသည်။(KIC)
(အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၂၊)
**ယမန်နေ့နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံသားဇနီးမောင်နှံ ၂ ဦး ကားဖြင့်ရောက်ရှိလာပြီး ရွှေဝယ်ဟန်ဆောင်ကာ လုယူသွား သော ဖြစ်ရပ်တစ်ခုသည် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် ဖုတ်ဖရမြို့နယ်၊ ဘန်ရာမဲကလိုဆာဟာမစ် (မြန်မာတို့အခေါ်- ၄၈ ကီလိုမီတာ) တိုက်နယ်ရှိ တစ်ခုတည်းသော ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ရွှေ ၁၈ ကျပ်ခွဲသား (ကာလတန်ဖိုး-ဘတ် ၄ သိန်းခန့်) ပါသွား ကြောင်း၊ အဆိုပါဇနီးမောင်နှံကိုရော၊ ယင်းတို့ စီးလာသောကားကိုပါ တာ့(ခ်)ခရိုင် ဒုတိယရဲ တိုင်းမှူး ကိုယ်တိုင်ကွင်းဆင်းရောက်ရှိလာပြီး ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ (သောင်ရင်းနဂါး)
**ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များနှင့် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင်အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။(KIC)
(အောက်တိုဘာ ၉ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံတွင် လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံးစရိတ် မြင့်မားလာခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကစက်ရုံများတွင် လုပ်အားခ တစ်လကို ကျပ်ငွေ ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ရရှိခြင်းနှင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် လုပ်အားခ တစ်လကို ဘတ်ငွေ ၃၀၀၀ မှ ၄၀၀၀ အထိ ရရှိရန် အလွန်ခက်ခဲသောကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိနိုင်ငံတွင်သာ ပြန်လည်အလုပ်လုပ်ကိုင်ရန် သွားရောက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
(Arakan Times)
(အောက်တိုဘာ ၈ရက်၊ ၂၀၁၂)
ထိုင်းနိုင်ငံ ပထမဆုံးအကြိမ်အဖြစ် မဟာချိုင်မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲကို စာပေမူစီဝပ်ထစ်ကျောင်းတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ နေ့လည် ၁၂ နာရီမှာ ၅နာရီထိကျင်းပရာ ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။အဆိုပါ စာပေဟောပြောပွဲမှာ ရွှေတွံတေးဆရာတော်၊ မြင့်သူရ၊ ဆရာမသန်းမြင့်အောင်၊ အော်ပီကျယ်နဲ့ အဆိုတော် ဆောင်းဦးလှိုင်တို့က ဟောပြောခဲ့တာဖြစ်ပါတယ်။ရွှေတွံတေးဆရာတော် အရှင်ဝါယမက အမြည်း ခေါင်းစဉ်ဖြင့် စာပေသမိုင်း စာပေအမျိုးအစား စာပေလွတ်လပ်ခွင့် စသည်တို့ကို ဟောပြော ခဲ့ပါတယ်။ စားများများဖတ် များများတွေး ကောင်းတာရွေးလုပ်ဖို့၊ မျက်စိနှင့် မဖတ်နိုင်ရင် နားနှင့်ဖတ်ဖို့၊ တိုင်းပြည်နှင့်လူမျိုး အကျိုးရှိအောင် ဖတ်ဖို့ မှတ်ဖို့ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။လာရောက်ဟောပြောကြတဲ့ စာရေးဆရာတွေကို ထိုင်းနိုင်ငံ၊ မဟာချိုင်ရောက် ရွှေ့ပြောင်းအလုပ်သမားများက ဂုဏ်ပြုလက်ဆောင်များ ပေးခဲ့ကြပါတယ်။ ထို့ပြင် ဗမာပြည်ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြသည့်အတိုင်း ငြိမ်းချမ်းပါစေ မြန်မာပြည်ဟု ကြွေးကြော်ခဲ့ကြ ကြောင်း သိရပါတယ်။(မိုးမခ)
(အောက်တိုဘာ ၈ရက်၊ ၂၀၁၂)
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ မလေးရှားနိုင်ငံမှ လူမှုအဖွဲ့တခုဖြစ်သည့် Kelab Putera 1 Malaysia မှ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ လာရောက်လှူဒါန်းသည်။ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့နှင့် Kelab Putera 1 Malaysia အဖွဲ့တို့ တွေ့ဆုံကာ ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့ သည့် နှစ်ဦးနှစ်ဖက် လူ့အဖွဲ့အစည်းများအတွက် လူမျိုးဘာသာ မခွဲခြားဘဲ အထောက်အကူများ ပေးအပ်နိုင်ရေးဆွေးနွေးခဲ့ကြသည်။ ၎င်းအဖွဲ့သည် ရခိုင်ဒုက္ခသည်စခန်း နှစ်ခုနှင့် မူဆလင်ဒုက္ခသည်စခန်း နှစ်ခုတို့ကို ဖြန့်ဝေ ထောက်ပံ့သွားမည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဒေသတခုလုံး လွှမ်းခြုံဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထောက်ပံ့ပေးမည့် ပစ္စည်းများမှာ ဆန် တန်ချိန် ၅၀၊ သကြား တန်ချိန် ၁၀၊ အဝတ်အထည် ပုံး ၁၀၀၊ ဆေးဝါးပစ္စည်း ပုံး ၂၀၊ ရေသန့် ဗူး ၇၂,၀၀၀ နှင့် အခြား စားသောက်ကုန်ပစ္စည်းများလည်း ပါဝင်သည်။(မဇ္ဈိမ)
(အောက်တိုဘာ ၄ရက်၊ ၂၀၁၂)
**ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဟန်းတော် ၃၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် ဗုဒ္ဓဘာသာဝင်များ နေအိမ်များကို မီးရှို့ တိုက်ခိုက် ခံရမူ အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသော သတင်းကို ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ယနေ့တွင် ဖေါ်ပြကြသည်။အင်္ဂလိပ်လို ထုတ်ဝေသည့် New Age သတင်းစာတွင် အဆိုပါ သတင်းကို မျက်နာဖုံးတွင် ဓါတ်ပုံများနှင့် တကွ ဖေါ်ပြပြီး နိုင်ငံ အကြီးဆုံး သတင်းစာ တစ်စောင်ဖြစ်သည့် The Daily Star သတင်းစာတွင်လည်း ထည့်သွင်း ဖေါ်ပြထားသည်။New Age က ဖေါ်ပြရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဟန်းတော် ၃၀၀ ခန့်သည် ဗုဒ္ဓဟူးနေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မူဆလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များနှင့် လူနေအိမ်များကို တိုက်ခိုက်ခဲ့မူ အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း၊ ရဟန်းတော်များ အနေဖြင့် ပိုစတာများကို ကိုယ်စီ ကိုင်ထားခဲ့ကြပြီး ပိုစတာများတွင် “ တိုက်ခိုက်မူကို အလိုမရှိ၊ငြိမ်း ချမ်းရေးကို လိုလားသည်၊ ဗုဒ္ဓဘာသာဝင်များ အပေါ် မွတ်ဆလင်တို့၏ အကြမ်းဖက်မူကို ရပ်တန့်ပါ” စသည့် စာတန်းများ ရေးသားထားသည်ဟု ဆို သည်။ကန့်ကွက် ဆန္ဒပြကြသော ရဟန်းတော်များမှာ ဘင်္ဂလာဒေခ်ျ့၊ မြန်မာ၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံမှ ရဟန်းတော်များ ဖြစ်ကြသည်ဟု ပြောသည်။ရဟန်းတော်များသည် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့သို့ ချီတက်ပြီး အဆိုပါ တိုက်ခိုက်မူကို အမြန်စုံစမ်း ဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။(Narinjara News )
**မဲဆောက်မြို့နယ် မဟာဝမ် ဒေသရှိ ထိုင်းနယ်ခြား စောင့်ရဲများသည် ၄င်းတို့ ဖမ်းဆီး ရမိသော မြန်မာ တပ်သား (၄) ယောက်ကို ယမန်နေ့က ပြန်လည် လွှတ်ပေး လိုက်သည်ဟု ထိုင်းမီဒီယာ တခု၌ ဖေါ်ပြ ထားပါသည်။ဖမ်းမိသော မြန်မာ တပ်သား (၄) ယောက်မှာ တပ်သား သန်းအောင်ထွေး (၂၁နှစ်) ၊ တပ်သား ပြည်ဖြိုးအောင်(၂၁နှစ်)၊ တပ် သားသီဟသူ (၂၄ နှစ်)၊ တပ်သား ဇင်းမင်းထွေး (၂၄နှစ်) တို့ဖြစ်သည်။ ၄င်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့နယ် မိလှပန်း ကျေးရွာ၌ လှုပ်ရှားနေသော တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၁၇)တပ်ရင်းမှ ရဲဘော် လေးယောက် ဖြစ်ပါသည်။ ၄င်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ် တိုက်နယ် ထဲရှိ သောင်ရင်း မြစ်နဘေးက ပြောင်းဖူးခြံ တစ်ခြံထဲတွင် ထိုင်းနယ်ခြား စောင့်ရဲများက ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။ တပ်သား များသည် ဆာလောင် ငတ်ပြတ် အားအင် ကုန်ခမ်း နေပုံ ပေါက်နေကြောင်း မြန်မာ စစ်တပ်ထဲက ဒုက္ခကို မခံနိုင်တော့လို့ ထွက်ပြေး လာပြီး၊ ထိုင်းဘက်မှာ အလုပ်လာလုပ်ဖို့ဟု ထိုင်းနယ်ခြား ရဲများကို ပြောကြောင်း သတင်းက ဆိုပါတယ်။ မျက်စိလည် လမ်းမှားရာက ဤပြောင်းဖူးခြံထဲ၌ ပုန်းအောင်းနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။(ရွှေဟင်္သာသတင်းဌာန)
(အောက်တိုဘာလ ၃ရက်၊ ၂၀၁၂)
မြန်မာပြည် ရွှေ့ပြောင်းကျောင်းသူကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုနိုင်ရန် ယမန်နေ့(အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ-BMWEC တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၅ရက်နေ့တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းထံ သွားရောက်ဆွေးနွေးခဲ့ရာ ရွှေ့ပြောင်းမြန် မာကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်၍ သဘောတူညီမှုများရရှိခဲ့သည့်အပေါ် ယခုလို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ် ရခြင်းဖြစ်ကြောင်း BMWEC ဥက္ကဌ နော်ဖောရေက ပြောသည်။(KIC)

No comments:
Post a Comment