မိုးအကုန် ဆောင်းအကူး ရာသီဥတုက ညို့ညို့ ဆိုင်းဆိုင်း။ ခပ်သော့သော့ နှင်လာတဲ့ လေပြေနှင့်အတူ မိုးစက်မှုန်မှုန်လေးတွေက ကျွန်မခန္ဓာကိုယ်အနှံ့အပြားပေါ် တဖွဲဖွဲ။ ကောင်းကင်က တိမ်ညိုတွေ မရှိပါဘဲနဲ့ ကြည်ကြည်လင်မရှိလှသလို့ ကျွန်မ စိတ်တွေလည်း အလွမ်းနဲ့ အတူ မှုန်မှိုင်းရီလို့။ မိုးစက်မှုန်လေးတွေရဲ့  အထိအတွေ့ကို ခေါင်းမော့ခံယူရင်း ကျွန်မ နာကျင်စွာ ပြုံးလိုက်မိသည်။ တကယ်တော့ မိုးရေထဲမှာ မျက်ရည်ကျတာကို ဘယ်သူမှ မသိနိုင်တာကြောင့်လည်း ကျွန်မ မိုးကို နှစ်သက်တာ ဖြစ်ချင်ဖြစ်မည်။ သို့ပေမယ့် အခုအချိန်မှာတော့ ကျွန်မအတွက် နှလုံးသားက နာကျင်စွာ ခံစားရသော်လည်း မျက်ရည်က ကျမလာတော့။ ဟုတ်ပါသည်။ ဟိုအရင်တချိန်တုန်းကလို ကျွန်မကလည်း သစ်ရွက်ကြွေတာကို စိတ်လှုပ်ရှားဖို့ကောင်းလောက်တဲ့ အရွယ် မဟုတ်ခဲ့ပြီပဲ။ မြက်ခင်းပြင်ကျယ်ကြီးကနေ လှမ်းကြည့်လိုက်ရင် တောင်တန်းတွေကို နောက်ခံထားတဲ့ အနီရောင် ဘူတာရုံလေးက ကောင်းကင်ပြာပြာ အောက်မှာ အထီးကျန်ဆန်စွာ ရပ်နေသလို။ နေညိုချိန် မောင်နှင့် တွေ့တဲ့ အချိန်တိုင်းတော့ ဒီမြင်ကွင်းက ကျွန်မအတွက်တော့ ကြည်နူးဆွတ်ပျံ့စရာ ပန်းချီကားတချပ် ဖြစ်လို့ နေခဲ့သည်။ ကျွန်မနှင့် မောင် ဆုံလိုက်တိုင်း မောင့်ပုခုံးကို မှီရင်း တမျှော်တခေါ် ဖြစ်နေတဲ့ ကောင်းကင်ကြီးကို နှစ်ဦးသား တိတ်ဆိတ်စွာ ထိုင်ကြည့်နေမိသည်။ တခါတလေမှာတော့ မောင့်မျက်နှာကို ငေးကြည်ရင်း တခါတရံမှာတော့ မောင့်လက်မောင်းကို ခိုးခိုးနမ်းရင်း အချိန်တွေကို အတူဖြတ်သန်းနေတတ်ခဲ့သည်။ ထိုစဉ်ကတော့ ကျွန်မတို့ နှစ်ယောက်ကြား စကားလုံးတွေ မလိုအပ်ခဲ့ ဟု ကျွန်မ မှားယွင်းစွာ ထင်မှတ် ယုံကြည်ထားခဲ့ဖူးတာ။ စင်စစ်တော့ ကျွန်မတို့ နှစ်ယောက်ရဲ့  ရင်တွင်းဘာသာ စကားတွေ မတူညီခဲ့ဘူးဆိုတာ ကျွန်မ အချိန်လွန်မှ သိခဲ့ရတာပါ မောင်။ "နှင်းတစ်ယောက်တည်းနဲ့ လူတိုင်းကို အသိပညာတွေ တိုးတက်လာအောင်လုပ်နိုင်မယ်လို့ နှင်းထင်နေသလား. သိပ်စိတ်ကူးမယဉ်ပါနဲ့ နှင်းရယ် " မောင့်ရဲ့ ညှင်သာစွာ ဖြောင်းဖျမှု့သည်လည်း ကျွန်မနားတွင် နာကျင်စွာ ပဲ့တင်ကြားနေရဆဲ။ ကျွန်မရဲ့  ယုံကြည်ရာတွေဆီ မောင့်ဘ၀ထဲ သယ်ဆောင်ဖို့ အတွက်တော့ ကျွန်မကို သိပ်ချစ်သည်ဟု လေးလေးနက်နက်ပြောတတ်သော မောင်က လက်မခံနိုင်ခဲ့ပါ။ မောင်က ကျွန်မကို သူ့အရိပ်အောက်တွင်သာ ပွင့်လန်းခွင့်ရသော ပန်းလေးတစ်ပွင့် ဖြစ်စေချင်သည်။ ကျွန်မက ကျရာနေရာမှ ပွင့်နိုင်သည့် အလေ့ကျပန်းလေး တစ်ပွင့်ဖြစ်ချင်ခဲ့သည်။ မောင်က ချို့တဲ့ခဲ့သော ဘ၀အတွေ့အကြုံကြောင့် ငွေကြေးဥစ္စာကို ကြိုးကြိုးစားစား ရှာဖွေသလို ကျွန်မက ကျွန်မတတ်သည့်ပညာနှင့် မျိုးစေ့လေးတွေ ပျိုးချင်သည်။ ကျွန်မက ကျွန်မတို့ မွေးရပ်မြေကို လွမ်းဆွတ်ချိန်မှာ မောင်က မောင့်မျိုးဆက်အတွက် ကမ္ဘာတစ်ဖက်မှာ အခြေချဖို့ ကြိုတင် စဉ်းစားနေလေပြီ။ ကျွန်မက အချစ်ကို စိတ်ကူးယဉ်စွာ တမ်းတချိန်မှာ မောင်က နှစ်ကိုယ်တူဘ၀ ထူထောင်ဖို့ လက်တွေ့ဘ၀ထဲတွင် ပြင်ဆင်နှင့်ပြီ။ ကျွန်မတို့ ကြား ဘာတွေများ ခြားနားခဲ့ပြီလဲ မောင်။ ကျွန်မ မောင့်ကို မေးဖို့ မေးခွန်းတွေက လည်ချောင်းတစ်နေရာမှာပဲ တစ်ဆို့ပျောက်ဆုံးသွားတတ်သည်။ ဒီလိုမေးခွန်းတွေနှင့် အလေ့ကျမရှိတဲ့အခါ မောင့်နှင့်တွေ့တိုင်း ရည်ရွယ်ထားတဲ့ မေးခွန်းတွေက ကျွန်မကို သိမ်ငယ်သွားစေပြန်ပါသည်။ ကျွန်မ မာနက ခွင့်မပြုတာလည်း ဖြစ်နိုင်ပါသည်။ မောင် ခဏခဏ စွပ်စွဲပြောသလို ကျွန်မက တခါတရံ မာနကြီးတတ်သည်ပဲလေ။ ရုံးဆင်းချိန် ကျောင်းကိုယ်စီတက်ရသည့် ကျွန်မ နှင့် မောင်က Weekday တွေမှာ တွေ့ဖို့ မလွယ်လှ။ ရှားပါးလွန်းတဲ့ တနင်္ဂနွေမှာ ကျွန်မတို့ လူမှု့ရေးတွေ ကြား ဟန်ဆောင်နေဖြစ်ကြပြန်သည်။ တကယ်တော့ ချစ်သူဆိုတဲ့ အခေါ်အ၀ါ်က လွဲပြီး ကျွန်မတို့ကြားမှာ ပျောက်ဆုံးနေတဲ့ အရာတွေက မရေတွက်နိုင်အောင်။
"နှင်း.. နင့် မောင်ကို ပစ်မထားနဲ့ဦးနော်. ငါ သတင်းတွေ ကြားနေရတယ် သူ့ဂျူနီယာ ကောင်မလေးနဲ့"
သူငယ်ချင်းရဲ့  သတိပေးစကားက ကျွန်မကို မတုန်လှုပ်စေတာတော့ အမှန်။ ကျွန်မ မောင့်ကို ယုံကြည်နေသည်က တဖက်စွန်း မရောက်လှပေမယ့် မောင်သည် သစ္စာဖောက်သူ အဖြစ်တော့ နာမည်ခံချင်လိမ့်မည် မဟုတ်ဆိုတာကို ကျွန်မ သေချာစွာ သိနေသောကြောင့် ဖြစ်သည်။ သို့ပေမယ့် တွေးရင်း တွေးရင်း ဝေးရတော့မယ်ဆိုတဲ့ အသိကတော့ ကျွန်မကို ခြောက်ချားလာစေခဲ့တော့သည်။ တဖက်က သောင်ထွန်းဖို့ တဖက်က ကမ်းပြို ရသည်က ဓမ္မတာပဲ မဟုတ်လား မောင်။
"တကယ်တော့ ချစ်တာ တစ်ခုတည်းနဲ့တော့ မောင်တို့ ကြားမှာ ညှိနှိုင်းဖို့ မဖြစ်နိုင်ခဲ့ပဲ နှင်း"
(၇) နှစ်တာ ချစ်လာခဲ့သော မောင်က လမ်းခွဲစကားဆိုတော့လည်း ညှင်သာလွန်းနေပြန်သည်။ တွယ်ငြိလာတဲ့ သံယောဇဉ်အသစ်တခုအတွက် ကျွန်မဟာ မောင်နောက်ဆံငင်စရာ အကြောင်းတရားတစ်ခု မဖြစ်စေရပါဘူး။ ဒီလိုနေ့ရက်ကို ကျွန်မ တားမြစ်ချင်ပေမယ့် စိတ်မောစွာ စောင့်နေခဲ့ရသည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ မောင်။ မောင်ပြောသလိုဆို ကျွန်မတို့ နှစ်ယောက်လုံး ချစ်ခြင်းတရားကို အဖတ်ဆယ်ဖို့ ညှိနှိုင်းကြဖူးရဲ့ လားလို့ ကျွန်မ မေးလိုက်ချင်သည်။ ရင်ထဲမှာ ဗလောင်ဆူနေပေမယ့် မောင့်ကို နောက်ဆုံးအနေနှင့် အလှဆုံးဖြစ်အောင် ကျွန်မ ပြုံးပြနိုင်အောင် ကြိုးစားရသည်။ ထိုအပြုံးတွေမှာ နာကျင်မှု့တွေ မပါစေရ၊ လှောင်ရယ်မှု့တွေ မစွက်စေရ။ အဖြူစင်ဆုံးအပြုံးတစ်ပွင့်သာ ဖြစ်ပါစေတော့။ ထိုညနေကတော့ ကောင်းကင်က နီမြန်းနေခဲ့သလို ကျွန်မရင်မှာလည်း နာကျင်ဝမ်းနည်းမှု့တွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ ထိုညသည်လည်း ကျွန်မအတွက်တော့ အနက်ဆုံး သန်းခေါင်တစ်ခု ဖြစ်ခဲ့သည်ဆိုတာကတော့ မောင်သိဖို့ မလိုအပ်တော့ပါလေ။ "မောင့်ကို မုန်းလိုက်ပါ..." လမ်းခွဲမှု့အတွက် ဒီစကားတစ်ခွန်းနဲ့တင် လုံလောက်ပြီဟု မောင်ထင်နေခဲ့သလား။ ကျွန်မဟာ ချစ်တတ်ခဲ့ပေမယ့် မမုန်းတတ်ခဲ့သူ တစ်ယောက်ဆိုတာကိုတော့ မောင် သိဖို့ ကောင်းသည်ထင်သည်။ ကျွန်မ လူတစ်ယောက်ကို နာကြည်းမှု့တွေနဲ့ သတိတရ ရှိနေမှာကိုသာ အကြောက်ဆုံးဖြစ်သည်လေ။ ကျွန်မက ပုံစံခွက်ထဲက အချစ်တစ်ခုကို မလိုချင်ခဲ့တာ။ မောင်က အချစ်အတွက် ပုံစံခွက်တစ်ခုကို ဖန်ဆင်းခဲ့တာ။ ကျွန်မရဲ့  ချစ်ခြင်းတွေက မောင့်ရင်မှာ နေရာမရှိခဲ့တာကိုသာ ၀မ်းအနည်းဆုံးပါမောင်။ သတ်မှတ်ချက်တွေကြား အကြောင်းပြချက်တွေနှင့် ကျွန်မဟာ မောင့်ချစ်သူ ဖြစ်ခဲ့ရသည်လား။ ဒီတစ်ချက်ကိုတော့ ကျွန်မ ငြင်းခွင့်ရှိလျှင် ငြင်းချင်ပါသည်။ တစ်ချိန်ကတော့ ကျွန်မတို့ သိပ်ချစ်ခဲ့ကြဖူးသည်ပဲ။ ထိုအတွးသည် အာရုံတွေကို ခါးသီးစေတာကတော့ အမှန်ပင်ဖြစ်သည်။
တကယ်တော့ အလွမ်းရဲ့  နာကျင်မှု့ဆိုတာ အချစ်ရဲ့  နောက်ဆက်တွဲဟု ကျွန်မ နားလည်ထားခြင်း မရှိတာပဲ မှားယွင်းမှု့ တစ်ခု ဖြစ်ပါလိမ့်မယ်။ အခုတော့ ဒဏ်ရာတွေက အစိမ်းသက်သက်မဟုတ်တော့။ အမာရွတ်အဖြစ်တော့ နှလုံးသားမှာ ကျန်နေဆဲပဲပေါ့လေ။ သို့ပေမယ့် အတ္တတွေ၊ ယုံကြည်မှု့တွေအတွက် နှလုံးသားကို နင်းခဲ့ရတဲ့ သူတွေအကြောင်း ကျွန်မ စာတစ်ကြောင်းလောက်တော့ ချရေးဖြစ်ဦးမယ်ထင်ပါရဲ့ ။ ***ဇူးငယ်***
-အလွမ်းခါးခါး-

No comments:
Post a Comment