-သရဲကွင်း-
အလုပ်က ပြန်လာပြီး အိမ်ရောက်တော့ ည (၁၂း၀၀) နာရီပင် ထိုးလုပြီ။ ရေမိုးချိုး ချက်ပြုတ် စားသောက်ပြီးတော့ ည (၁း၀၀) နာရီ ကျော်သွားပြီ။ စားသောက်ပြီးခါစ ဗိုက်တင်းနေသောကြောင့် ကွန်ပြူတာရှေ့မထိုင် ဖြစ်သေး။ ထမင်းစားပြီးတော့ ထုံးစံအတိုင်း ပါးစပ်က ချဉ်လာသည်။ ထို့ ကြောင့် ဆေးလိပ်သောက်ချင် လာသောကြောင့် လည်းကောင်း၊ အိမ်ထဲနေရသည်မှာ အိုက်စက်စက် ဖြစ်လာ သောကြောင့် လည်းကောင်း အိမ်နှင့် မလှမ်းမကမ်းတွင် ရှိသော ကစားကွင်းသို့  ဆေးလိပ်သောက်ရင်း လေညင်းခံရန် ဆင်းလာခဲ့လိုက်သည်။ ခုတလော မိုးမရွာသောကြောင့် စင်ကာပူနိုင်ငံ ထုံးစံအတိုင်း ရာသီဥတုက ပူလာသည်။ ကစားကွင်းဆီ ရောက်တော့ လူတစ်ယောက်မှ မရှိဘဲ တိတ်ဆိတ်လျှက်ရှိသည်ကို တွေ့ ရ၏။ အရင်ရက်တွေကဆိုလျှင် စကိတ်စီးသူ၊ စက်ဘီးစတန့် စီးသူများ ရှိနေတတ်သေးသည်။ ဒီနေ့ တော့ ဘယ်သူမှ ရှိမနေကြတော့၊ စောစောဘဲ ပြန်ကုန်တာလား၊ သူဘဲ နောက်ကျတာလား မပြောတတ်။ ဒါပေမယ့် ပြောမယ့်သာ ပြောရသည် သူနောက်ကျတာတော့ မဖြစ်နိုင်။ အဘယ်ကြောင့် ဆိုသော် သူအမြဲတမ်း အလုပ်က ပြန်လာပြီး ရေမိုးချိုး စားသောက် ပြီးနောက် အောက်ကို အမြဲ ဆင်းထိုင်တိုင်း ဒီအချိန်ပင် ဖြစ်သည်။ ခုလို အေးအေးဆေးဆေး နေချင်လို့ တမင်ပင် နေ့ ဆိုင်း ဖြစ်သော နေ့ လည် (၃း၀၀) နာရီမှ ည(၁၁း၀၀) နာရီ အချိန်ကို ယူထားခြင်း ဖြစ်သည်။ ကစားကွင်း တစ်ခုလုံး တိတ်ဆိတ်လျှက် ရှိ၏။ ဒီနေ့ မှ လေက ငြိမ်နေသလို ဖြစ်နေသည်။ သူ့ လို အေးအေးဆေးဆေး နေချင်သော သူအတွက် ခုလို တိတ်ဆိတ် နေခြင်းကိုပင် သဘောကျနေမိသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် နေသောကြောင့် နဲနဲ ခြောက်ချားစရာတော့ ဖြစ်နေ၏။ ကစားကွင်း ဘေးမှ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ဆေးလိပ် တစ်လိပ်ကို မီးညှိ ဖွာရှိုက်လိုက်ပြီး ဆေးလိပ်ဗူးနှင့် မီခြစ်ကို ဘေးနားချ ထားလိုက်သည်။ တစ်ယောက်တည်း ဟိုဟိုဒီဒီ တွေးရင်း ပြီးခဲ့သည့် ပိတ်ရက်က စက်ရုံမှ မလေးတရုတ် သူငယ်ချင်း တစ်ယောက်နှင့် လျှောက်လည်ဖြစ်သည့် အကြောင်းကို တွေးမိသည်။ MRT ခရမ်းရောင် လိုင်းကို စီးတော့ ဘူတာနံပါတ် ၁၃ကို ရထား မရပ်သောကြောင့် အဖော် ဖြစ်သူကို မေးကြည့်မိ၏။ အဖော်က သရဲခြောက်သောကြောင့် ထိုမှတ်တိုင်တွင် မရပ်ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်ကို ပြန်စဉ်းစားမိတော့ နဲနဲ နောက်ကျော မလုံသလို ဖြစ်သွားသည်။ တဆက်တည်း မိမိနှင့် အီစီကလီ ဖြစ်နေသော ကောင်မလေးကို နှစ်ယောက်တည်း လျှောက်လည်ရင်း အေးအေးဆေးဆေး စကားပြောရန် Tampines safra အနီးရှိ Bedok ဘက်ကို သွားသော ဟိုင်းဝေးလမ်းမကြီး ဘေးက Bedok Reservoir ရေကန်ကြီးကို သွားရန်ခေါ်တော့ ကောင်မလေးက ခါးခါးသီးသီး ငြင်းခဲ့သည်ကိုလဲ ပြန်သတိရမိသည်။ ထိုရေကန်သည် စင်ကာပူတွင် သရဲ အခြောက်ဆုံး နေရာမို့ မလိုက်ရဲသောကြောင့် တခြားနေရာသို့ သွားခဲ့ရ၏။ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ သရဲ အခြောက်ဆုံး နိုင်ငံဖြစ်ကြောင်း Raffles Place MRT ဓာတ်လှေကား ထဲမှ လူအားလုံး ထွက်သွားပြီးမှ နံရံထဲမှ အဘွားကြီး တစ်ယောက် ထွက်လာသည်ကို CCTV မှတ်တမ်းထဲတွင် ပေါ်နေသည်ကို you tube ပေါ်တွင် တင်ထားကြောင်း ဗဟုသုတ အနေဖြင့်ပင် ရှင်းပြခဲ့သေးသည်။ နောက်ပြီး သူမအရင် နေခဲ့သောအိမ်တွင် မည်သို့ မည်ပုံ သရဲအခြောက်ခံ ခဲ့ရသည်ကို အကျယ်တဝင့် ရှင်းပြခဲ့သေး၏။ သူကတော့ ဒါတွေ အယုံအကြည်မရှိ မဟုတ်သော်လည်း ကိုယ်တိုင်မကြုံဘူး သေးသဖြင့် မကြောက်တတ်ပေ။ ဒါပေမယ့် ခုလို လူခြေတိတ်ချိန် တစ်ယောက်တည်း ရှိနေချိန်တွင် ဒီအကြောင်းတွေ စဉ်းစားမိတော့ ဘာရယ်မဟုတ် နဲနဲ ကျောချမ်းသလိုတော့ ဖြစ်မိ၏။ သြော်... ဒါတွေက ဘာမှ မဟုတ်ပါဘူး စိတ်က ဖြစ်နေတာပါဟု ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်ရင်း ဆေးလိပ်ကို ခပ်ပြင်းပြင်းလေး ဖွာရှိုက်လိုက်သည်။ သူဆေးလိပ်သောက်ရင်း ငေးမောနေစဉ် သူ့ မျက်စိရှေ့တွင် ထောင်လျက် ရှိနေသော အမှိုက်ပုံး အစိမ်းရောင်ကြီး လေမတိုက် ဘာမတိုက် ဝုန်းကနဲ လဲသွားသည်။ သူ့ ရင်ထဲ နဲနဲ ထိတ်ကနဲ ဖြစ်သွားသည်။ လဲရုံဆိုလျှင် ဘာမှမဖြစ် အမှိုက်ပုံးကြီးက အထဲ လူဝင်လှိမ့်သွားသလို အပတ် ဆယ့်ငါးပတ် နှစ်ဆယ်ခန့်  လိမ့်သွားပြီးနောက် ခပ်လှမ်းလှမ်းတွင် ရပ်သွား၏။ အထဲ ကြောင်တွေ ဘာတွေများ ရှိနေလား ဆိုပြီး သူပြေးကြည့်လိုက်သည်။ အထဲတွင် အမှိုက်တချို့ ကလွဲ၍ ဘာကောင်မှ မရှိ။ သူ့ စိတ်ထဲတွင်လဲ ကြောင်မဖြစ်နိုင်ကြောင်း တွက်ပြီးသား ဖြစ်သည်။ အလွယ်တကူ မလဲနိုင်အောင် အမှိုက်ပုံး အောက်ခြေကို အတော်လေးသော သံဖြင့် ပြုလုပ်ထားသောကြောင့် ကြောင်ဝင်လှိမ့်ရုံဖြင့် ဒီလောက်မလိမ့်နိုင်ကြောင်း သူသိသည်။ ပိုသေချာအောင် ပြေးကြည့်ခြင်းသာ ဖြစ်သည်။ သူ့ စိတ်ထဲ တခုခုကို သိသလို ခံစားလိုက်ရသည်။ ရာသီဥတုက မအေးဘဲ သူ့ တကိုယ်လုံး ကြက်သီးများထလာသည်။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ မာန်ကိုယ့်ဖို့ ဆိုသလိုပင် ဘာမှ မဖြစ်သလို ပြန်ထိုင်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိ ဖွာရှိုက်ရင်း ခပ်တည်တည်ပင် ဆက်ထိုင်နေလိုက်၏။ အဲဒီအချိန်မှာပင် သူစောစောက မီးညှိပြီး ဆေးလိပ်ဗူးပေါ် တင်လိုက်သော မီးခြစ်က ထထောင်လာသည်ကို တွေ့ လိုက်ရသည်။ သူ့  ခေါင်း နှစ်စ ကြီးသွားသလို ခံစားလိုက်ရ၏။ အကြောက်တရားက ဝုန်းကနဲဆို ခေါင်းကို တက်ဆောင့်လာသည်။ သူ့ မျက်လုံးထဲ ဘာမှ မမြင်တော့၊ ဆေးလိပ်ဗူးသော မီးခြစ်သော တန်ဖိုးတွေ တွက်ချက်မနေတော့ အားလုံးကို ထားခဲ့လိုက်သည်။ ထိုနေရာမှ အဝေးဆုံးကို ရောက်ရန်သာ စိတ်ထဲ ရှိပြီး၊ ဖနှောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးတော့သည်။ တိုက်အောက်ကို ရောက်တော့ ၅လွှာမှ ဆင်းလာသော ဓာတ်လှေကားကိုပင် နှေးနေသလို ထင်မိ၏။ အခန်းကို ပြန်ရောက်၍ သူငယ်ချင်းများကို နှိုးပြီး သူ့ အဖြစ်အပျက်ကို ပြောပြမိသည်။ ထိုနေ့ မှ စ၍ ကစားကွင်းကလေးကို ကျွန်တော်တို့ သူငယ်ချင်းများက သရဲကွင်းလို့ နာမည်ပေးလိုက်ပြီး ညဘက်ညဘက်လဲ ဆင်းမထိုင်ဖြစ်တော့ပေ။ မှတ်ချက်။ ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ကြုံတွေ့ ခဲ့သော အဖြစ်အပျက်လေးကို ဆီလျော်အောင် ပြန်ရေးသားထားခြင်း ဖြစ်သည်။ အပြင်တွင် တကယ် ကြုံတွေ့ ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်သည်။
Posted by ညီရဲသစ်

No comments:
Post a Comment