အခန်း(၁)
သူခိုးဗျို့ သူခိုး!!!!!!!!!!!!!
စူးဝါးသည့်အော်သံများကြောင့် ရင်ဘတ်မှ
တဖျပ်ဖျပ်ခုန်၍လန့်ဖြန့်သွားသည်။
ခေါင်းထောင်ကြည့်လိုက်ချိန်တွင် လက်နက်ကိုယ်စီနှင့် အဘနှင့် ဦးလေးတို့က အိမ်ပေါက်ဝတွင် စောင့်နေသည်ကိုတွေ့ရသည်။ မယောင်မလည်နှင့် အိမ်တံခါးမှ ချောင်းကြည့်ရာ လမ်းမပေါ်တွင် ၁၄- ၅ ယောက်ထက်မနည်းသော
လူအုပ်ကြီးလက်နက်မျိုးစုံဖြင့်
ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။
အသံတွေ တိတ်ဆိတ်၍ ပုံမှန်အတိုင်းဖြစ်မှ
မြင်ကွင်းမှ အကြည့်ခွာကာ အိပ်ယာသို့ ပြန်ဝင်လာကြသည်။ နာရီပြန် ၂ ချက်တီးနေလေပြီ။ “ဆယ်အိမ်မှူးအိမ် ၀င်ခိုးသွားတာတဲ့” “ဟိုဖက် ရပ်ကွက်တွေမှာလည်း အခိုးခံရတာခဏခဏ ကြားနေရတယ်” “တောက် မိလို့ကတော့ကွာ အသေပဲ” တိုးလိုက်ကျယ်လိုက်ဖြင့် နားထဲသို့တိုးဝင်လာသော အသံများက အိပ်မက်ယောင်ယောင်။ သိစိတ်က ဦးနှောက်သို့ တိုးဝင်လာသောအခါ ခေါင်းရင်းဖက်မှ လာသော အသံဖြစ်မှန်းသိလိုက်သည်။ မနက်မလင်းသေး မနေ့ညက အကြောင်းအရင်းနှင့် စပ်လျဉ်း၍ ယခုတလော သူခိုးအတော် ပူကြောင်းလူကြီးများ ပြောဆိုနေကြသည်။ သူလည်း မနေ့ညကအကြောင်း ပြန်စဉ်းစားလိုက်တိုင်း ရင်တုန် မပြယ်ချင်။ အိပ်မက်ကောင်းနေစဉ် လန့်နိုးသွားခြင်းဖြင့်၍ ယခုမှ စိတ်ဆိုးချင်သလိုလို ဖြစ်လာ၏။ ဘေးနားက ညီအကိုတွေကဖြင့် အိပ်နေကြသည်မှာ သိုးနေသည်။ အိပ်ရာမှ မထသေးပဲ ခြင်ထောင်အမိုးကို ကြည့်၍ တောင်တွေးမြောက်တွေး တွေးတောနေမိ၏။ ဘယ်နှစ်နာရီထိုးပြီလည်းဟု ကြည့်ရန်ထလိုက်စဉ် အမေ့အသံစူးစူးကို ကြားလိုက်ရသည်။ "ဟဲ့ ခလေးတွေ အိပ်ရာမထကြသေးဘူးလား ကျောင်းနောက်ကျမယ်" "ထပြီ အမေ" ဟုပြောရင်း ခြုံစောင်ကိုသပ်သပ်ရပ်ရပ် ဖြစ်သလို ခေါက်ကာ ခေါင်းအုံးပေါ် တင်လိုက်သည်။ ခြင်ထောင်ကြိုးများ ဖြုတ်၍ အိပ်နေသော အကို့ပေါ်သို့ လုံးထွေးပစ်တင်ခဲ့လိုက်သည်။ မျက်နှာသစ်နေစဉ် ထောပနာပြုသံ သဲ့သဲ့ကြားလိုက်ရသည်။
အခန်း(၂)
သူတို့အိမ်ချင်းကပ် အိမ်နီးနားချင်း ဒေါ်ပြားသည် သားသမီးမရှိသည့် အလွန် ပစိပစပ်များသော၊ လောဘကြီးသော မုဆိုးမအဘွားအို တဦးဖြစ်သည်။ ၀င်းထရံခပ်ကြစဉ် သူတို့နှင့် စကားတခါများဖူးသည်။ ညီအကိုတတွေ အိမ်အပေါ်ထပ်၌ ဆော့နေကြရာ အကိုတယောက် အဘွားကြီးဝင်းထဲ ပြုတ်ကျစဉ် ခွေး ဟုဆိုကာ လိုက်ရိုက်ကတည်းက ပို၍ မျက်မုန်းကျိုးနေကြသည်။ သို့သော် အမှတ် မထား။ အမယ်ကြီးခြံထဲက မာလကာသီးများ ခိုး၍ ခူးကြသည်။ မိသည်အခါ မိ၊ မမိသည့်အခါမမိ။ မိလျှင် အိမ်လာတိုင်သည်။ အမေတို့နှင့်တွေ့လျှင် ကိစ္စမရှိသော်လည်း အဘနှင့်တိုင်မိလျှင် အရိုက်ခံရတတ်၏။ သူမသည် အိမ်စုတ်ကလေးနှင့် နေသော်လည်း ပိုက်ဆံအသင့်အတင့်ရှိသည်။ ကျယ်ဝန်းသည့် ခြံကြီးအားပိုင်း၍ ရောင်းထားသဖြင့် ယခုလို သူခိုးပူသော ရာသီတွင် သူမလည်း ကြောက်အားပိုခဲ့သည်။ ဒေါ်ပြား၏ ခြံတ၀က်ကို ဦးစောမောင်က ၀ယ်ထားခြင်းဖြစ်သည်။ သူတို့၏ သားသမီးများဖြစ်သည့် အထွန်းတို့နှင့် အလိုလျောက် ကစားဖော်များ ဖြစ်လာသည်။ အထွန်းတို့အိမ်နှင့် သူတို့အိမ်ကြားရှိ ဒေါ်ပြား၏ ခြံမှာ ကျွဲနှစ်ကောင်ကြားမှ မြေဇာပင်ဖြစ်မှန်းမသိဖြစ်နေလေ၏။
အခန်း(၃)
ညနေပိုင်း သူတို့ညီအကိုတတွေ မကစားဖြစ်ကြ။ ကျောင်းမှ ပြန်လာကတည်းက လွယ်အိတ်များ ကုတင်ပေါ်ပစ်တင်ပြီး ထမင်းခပ်မြန်မြန်စားကာ စုရပ်ဖြစ်သော မယ်ဇလီပင်ကြီးအောက်သို့ တိတ်တဆိတ် စုဝေး၍ သူခိုးဖမ်းရန် တိုင်ပင်ကြသည်။ ယခုကဲ့သို့ အကြံအစည်များ ပေါ်ပေါက်လာရန် အားပေးအားမြှောက် လုပ်ဆောင်နေသည်မှာ အခကြေးငွေဖြင့် ပြသသော နိုင်ငံခြား အက်ရှင် ဇာတ်လမ်းများပင် ဖြစ်သည်။ ယခင်ကဆိုလျှင် ရောမအင်ပါယာကြီးလို၊ မာဖီးယားဂိုဏ်းကြီးလို၊ FBI၊ CIDကဲ့သို့ အဖွဲ့အစည်းများဖွဲ့ကာ အပျော်တမ်းကစားကြသည်။ တကယ့်ပြင်ပလောကတွင် ပေါ်ပေါက်နေသော ပြဿနာရပ်ကို သူတို့အစွမ်းအစဖြင့် ဖြေရှင်းရန်၊ သူတို့တွေလည်း အားကိုးရကြောင်း လူကြီးများ သိစေချင်ကြသည်။ သူသည် အစည်းအဝေးကို စိတ်မ၀င်စား။ မယ်ဇလီပင်ကြီးပေါ်တွင် ထိုးထားသော လင့်စင်ပေါ်မှ အစည်းအဝေးပြီးလျှင် စားသောက်ရန် လူကြီးများ မသိအောင်ယူလာသော အထွန်းတို့အိမ်က ဖားခြေထောက်ကြွပ်ကြွပ်ကြော်များ။ အကြော်နိုင်းချင်း လက်ဖက်သုပ် နှင့် ရေနွေးကြမ်း စသည့် အစားအသောက်များသာ ဘယ်အချိန်စားရမလဲ စောင့်နေ၏။ အစည်းအဝေးရလာဒ်မှာ အထွန်းတို့က သူတို့အိမ်ဖက်က ကင်းစောင့်၊ သူတို့က အိမ်အပေါ်ထပ်က ညမအိပ်ဘဲ ကင်းစောင့်ကြမည်။ လူချင်းမမျှ၍ လက်ရဖမ်းဆီးဖို့ စိတ်ကူးမရှိသေး။ ကာကွယ်ရေးကို ပိုပြီး ဦးစားပေးကြသည်။ လက်စွဲတော် ကျွဲကော်လောက်လေးခွများသည် မီးရောင်အောက်တွင် ပို၍တောက်ပနေသည်။ အနီးကပ်တိုက်ခိုက်ရန် ရုပ်ရှင်တွေထဲကလို ဘေ့စ်ဘောတုတ်တံများကားမရှိ။ တသက်နှင့်တကိုယ် ရုပ်ရှင်တွေထဲမှာပင် မြင်ဖူးသည်။ ထို့ကြောင့် သူတို့ ပတ်ဝန်းကျင်နှင့် အလွမ်းသင့်သည့် နှစ်တစ်တုတ်များ အသုံးပြုရန် ရွေးချယ်ထားသည်။ သူ့တာဝန်မှာ လောက်စာလုံးအတွက် ကျောင်းနောက်ဖက် ရေအိုင်မှ ရွှံ့စေးများကို ကျောင်းကအပြန် ယူလာရန်ဖြစ်သည်။ အစည်းအ၀း ပြီးဆုံးကြောင်းပင် မကြေငြာရသေး သူဖားပေါင်တချောင်းသာ ရရှိခဲ့သည်။
အခန်း(၄)
ကျောင်းဆင်းအချက်ပေး ခေါင်းလောင်းသံ ကြားမိလျှင် စာအုပ်တွေကို အကိုနှင့်ထည့်ပေးလိုက်ပြီး ကျောင်းနောက်ဖက် ရေအိုင်သို့ သွားရောက်ကာ ရွှံ့စေးများ သွားသယ်ရသည်။ လွယ်အိတ်တလုံးစာရမှ ပြန်လာခဲ့သည်။ ညကျလျှင် လောက်စာလုံး ထိုင်လုံးကြမည်။ ခွဲတမ်းကျဝေပြီး ကိုယ့်ဘာသာ အခြောက်ခံရမည်။ ရိုက်နှက်စရာတုတ်များလည်း ခွဲတမ်းချကြမည်။ အကိုကလည်း အရင်က အမေအသိမ်းခံထိထားသော ဓါးမြှောင်လေး ပြန်ယူလာပြီး ဟန်ရေးတပြပြဖြစ်နေသည်။ အိမ်အသီးသီးမှ ထမင်းစားပင့်သံကြားမှ သူတို့တွေ လမ်းခွဲခဲ့ကြသည်။ အိမ်ရောက်လျှင်ရောက်ချင်း အဖွားထမင်းခြောက်လှမ်းသော စကောကို ယူကာ လောက်စာလုံးများ ညီညီညာညာထည့်ရင်း အိမ်နောက်ဖေးခေါင်မိုးပေါ်တင်ကာ အခြောက်ခံထားခဲ့သည်။
အခန်း(၅)
“အငယ်လေး အဖွား စကောယူဆော့သေးလား” ကျောင်းမှ ပြန်လာချင်း အဖွားထံမှ မေးသံကြားလိုက်ရသည်။ “မဆော့ဘူးအဖွား၊ မနေ့ကတောင် တွေ့သေးတယ်၊ သားရှာပေးမယ်” လွယ်အိတ်ကိုမှောက်ကာ စာအုပ်များကို ကုတင်ပေါ်သွန်ပြစ်ရင်း နောက်ဖေးသို့ အပြေးတပိုင်းသွားကာ လောက်စာလုံးများကို လွယ်အိတ်ထဲ ထည့်လိုက်သည်။ “အဖွားရေတွေ့ပြီ၊ ချောင်ထဲမှာ ကျနေတာ အဖွားရဲ့” “အေးကွယ် အဖွားက မျက်စိမကောင်းတော့ သိပ်မမြင်ဘူး” ဟုမယုံချင်ယုံချင်ဖြင့် စကောပြန်ယူသွားသည်။ သူ့မြေးအကြောင်းတော့ သူကောင်းကောင်းသိပါသည်။ လောက်စာလုံးများကို လုံလုံခြုံခြုံသိမ်းဆည်းကာ ရေချိုးဖို့ရေကန်သို့ အမြန်ပြေးရသည်။ နောက်ကျသွားလျှင် တုံကင်ငင်နေရမည်။ ရေကန်အရောက် အဒေါ်နှင့်တိုးလေသည်။ ကြေးတွန်းခဲနှင့် နေရာလပ်မကျန် တိုက်ချွတ်ပေးတတ်သည့် အဒေါ်ကိုတော့ ကြောက်ရသည်။ ရေချိုးပြီး ထမင်းစားကာ အိမ်စာအမြန်လုပ်၍ စာကျက်ချင်ယောင်ဆောင်ကြသည်။ ညအတွက်လည်း ကြိုပြီး ရင်ခုန်နေကြသည်။ အိပ်ချိန်ကျ၍ စာအုပ်ပိတ်၊ သွားတိုက်၊ ခြေထောက်ဆေး လက်ဆေး နောက်ဖေးသွားအပြီး ခြင်ထောင် ထောင်ကြသည်။ အိပ်ရာထဲမှနေ၍ လူကြီးများ အခြေအနေကို နားစွင့်နေကြရသည်။ အိမ်တံခါးမကြီးမှသောခတ်သံ ကြားပြီးမကြာမီ အသံများမှာ တိတ်ဆိတ်နေသည်။ နာရီသံတချက်ချက်နှင့် တခါတရံမှ ပေါ်လာတတ်သော ချောင်းဆိုးသံ၊ ဟောက်သံများသာ ကြားရတတ်သည်။ အကိုများကို လက်ကုတ်ပြီး လက်နက်ကိုယ်စီယူကာ သတ်မှတ်ထားသော နေရာသို့သွားလိုက်ကြသည်။ သူနှင့်အကိုက အိမ်အရှေ့ဖက် မျက်နှာစာ ကျန်အကိုက အိမ်အနောက်ဖက်မျက်နှာစာတွင် နေရာယူထားသည်။ အိမ်အပေါ်ထပ်မှ နေ၍ အထွန်းတို့အိမ်ဖက်နှင့် လမ်းဖက်ကို လရောင်အောက်တွင် ကောင်းကောင်းမြင်ရသည်။ ချိုးကူသံတချက်ပေးလိုက်ရာ အထွန်းတို့အိမ်ဖက်မှ ချိုးကူသံတဖက်ပြန်ပေါ်လာပြန်သည်။ သူတို့လည်း ကင်းစောင့်နေကြောင်း သိရ၍ အားတက်သွားသည်။ လမ်းဖက်ရှိ ကုက္ကိုကိုင်းများကလည်း လေအဝှေ့တွင် မကောင်းဆိုးဝါးတကောင် လက်ယပ်ခေါ်နေသည်နှင့်ပင် တူနေသေးသည်။ ထရံကြားမှာ တိုးဝင်လာသော လေအေးများနှင့်အတူ ကျောထဲတွင် စိမ့်တက်သွားသည်။ အကို့လက်မောင်းကိုင်လိုက်စဉ် တချက်တွန့်သွားသည်။ သူလည်း ကြက်သီးထနေကြောင်းသိလိုက်ရသည်။ ညည့်က တဖြည်းဖြည်းနက်လာသည်။ ကောင်းကင်ယံတွင် ခုနှစ်စဉ်ကြယ်ပင် အမြီးထောင်နေပြီ။ တစ်နာရီနီးပါး စောင့်နေသော်လည်း အခြေအနေမှာ ထူးခြားမှုမရှိလှချေ။ ထိုစဉ် တရွီးရွီးနှင့် လေတိုက်သံများ ပြင်းထန်လာသည်။ အပင်များမှာ ကခုန်နေသည့်နှယ် ယိမ်းယိုင်နေကြသည်။ ဒေါ်ပြားခြံထဲရှိ မာလကာပင်ပေါ်သို့ မည်းမည်းသဏ္ဍာန်အရိပ်တစ်ခု လွင့်မျောသွားသည်။ ထိုမှတဖန် မြေပြင်ပေါ်သို့ ဆင်းသက်လာပြန်သည်။ ကြောက်စိတ်များ တဖွားဖွားပေါ်လာသည်။ ဒေါ်ပြား အိမ်ဘေးမှ နောက်ထပ်အရိပ်မည်းတခု မြင်လျှင်မြင်ခြင်း တိုင်ပင်ထားသည့်အလား ထိုနေရာသို့ လောက်စာလုံးများ စုပြုံကျရောက်သွားလေတော့သည်။ ထိုစဉ် သူ၏ပုခုံးပေါ်သို့ လက်အေး တစုံကျရောက်လာမှန်း ခံစားသိရှိရသောအခါ "အား"ဆိုသော အသံမှာ ဆဲဆိုနေသော ဒေါ်ပြားအသံကို ဖုံးလွှမ်းရင်း သူမေ့မျောသွားလေတော့သည်။
အခန်း(၆)
ပရုပ်ဆီအနံ့ စူးစူးက သြကာသ လောကကြီးကို ကြိုဆိုနေ၏။ အိပ်ရေးပျက်သဖြင့် ခေါင်းက ငြီးစိစိ။ ပထမဆုံး အမြင်အာရုံမှာ လာထင်သည်က ယပ်တောင်တဖျပ်ဖျပ်နှင့် မွေးသမိခင်။ အားလူးသီးများနှင့် ဒေါ်ပြား။ ဒေါ်ပြားကို ကန်တော့နေသော အကိုနှစ်ယောက်။ အဖြစ်မှန်မှာ ညက လေပြင်းတိုက်၍ အဝတ်ရုတ်ရန်သွားသော ဒေါ်ပြားကို ညီအကိုတတွေမှ ကြောက်ကြောက်ဖြင့် သူခိုးမှတ်၍ လက်တည့်စမ်းလိုက်ကြခြင်း ဖြစ်သည်။ သူတို့နောက်ရောက်နေသော အမေက လှမ်းကိုင်လိုက်သဖြင့် သူရဲကောင်းကြီး “အား” ခနဲအော်ကာ မေ့မျောသွား၏။ ဒေါ်ပြားပြန်သွားလျှင် အကြီးကောင် နှစ်ကောင် ကျောကော့ပေတော့မည်။ အမေ့ကို သူစိတ်ထဲမှ ကြိတ်၍ ကျေးဇူးတင်နေမိသည်။ ယခုလိုမေ့လဲမသွားလျှင် အကိုနှစ်ယောက်လို ကြိမ်လုံးစာမိမှာ မလွဲ။ အဆူခံရရုံနှင့် ဆေးဖိုးလျှော်လိုက်ရသဖြင့် မုန့်ဖိုး အဖြတ်ခံရ သည်မှလွဲ၍ သွေဖယ်သွားသော ကြိမ်စာအား နောက်ထပ်တစ်ခါ အကဲစမ်းရန် တေးမှတ်ထားလိုက်သည်။ ပြီးပါပြီ။
ခင်တဲ့
**ရေတမာ**
- နက္ခတ်လွဲသောကြိမ်စာ-

No comments:
Post a Comment