“ခွေးတွေဟာ ဘာကြောင့်
လူမြင်ကွင်းမှာ အရှက်အကြောက်
ကင်းမဲ့စွာ မိတ်လိုက်ကြရပါသလဲ???”
ဆိုတဲ့ အကြောင်းအရင်းဟာ အိန္ဒိယနိုင်ငံက စခဲ့ပါသတဲ့..။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ကျမရဲ့သူငယ်ချင်းဖြစ်သူ အိန္ဒိယသူလေး ပြောပြခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ် ပြန်လည်
မျှဝေပေးလိုက်ပါတယ်..။ ဟိုး... ရှေးရှေးတုန်းက အိန္ဒိယနိုင်ငံမှာ မြို့အသီးသီးကို ဘုရင်တစ်ပါးစီက အုပ်ချုပ်ကြတယ်။ အဲဒီဘုရင်တွေထဲက ဘုရင်တစ်ပါးဟာ အပြစ်တစ်ခုကြောင့် ထီးနန်းကျပြီး သာမန်အရပ်အသားအဖြစ် မိသားစုလိုက် နယ်နှင်ဒါဏ်ပေးခံရပါတယ်။ အဲဒီဘုရင်ဟာ မိဖုရား၊ သားတော်(၇)ပါးတို့နဲ့အတူ သာမန်အရပ်သားဘဝနဲ့ ဘဝကိုနှစ်မြုတ်လာလိုက်တာ တဖြည်းဖြည်းနဲ့ သားတော်(၇)ပါးဟာ အရွယ်ရောက်လာခဲ့ပါတယ်။ တစ်နေ့မှာ.. အဲဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးဟာ သမီးတော်ကိုလက်ဆက်ပေးဖို့အတွက် လေးတင်ပွဲအခမ်းအနားတစ်ခုကို ကျင်းပပြီး သမက်တော်ကိုရှာခဲ့ပါတယ်။ အဲဒီလေးတင်ပွဲမှာ အရပ်သားအဖြစ် ကြီးပြင်းလာခဲ့တဲ့ နန်းကျဘုရင်ရဲ့သားတော်တစ်ပါးဟာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အနိုင်ရခဲ့တဲ့အတွက် မိမိနှင့်လက်ဆက်ရမည့် သတို့သမီးလောင်းကို မိခင်အားပြဖို့အတွက် အိမ်သို့ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီခေတ်က သားသမီးတွေဟာ မိခင်ရဲ့စကားကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မြေဝယ်မကျ နားထောင်ရပါတယ်။ အိမ်ကိုရောက်တယ် ဆိုရင်ပဲ မင်းသားလေးဟာ အိမ်ပေါက်ဝကနေ “မေမေရေ.. မေမေ့အတွက် လက်ဆောင်ပါတယ်..၊ ထွက်ကြည့်ပါအုံး”လို့ အော်ပြောလိုက်တယ်။ မိခင်ဖြစ်သူဟာ မီးဖိုထဲမှာ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေတဲ့အတွက် သားဖြစ်သူရဲ့လက်ဆောင်ဟာ စားစရာတစ်ခုခု (သို့မဟုတ်)အသုံးအဆောင် ပစ္စည်းတစ်ခုခုဖြစ်မယ်လို့ ယူဆပြီး “ဟုတ်လား သားရေ.. သားရဲ့လက်ဆောင်ကို သားရဲ့အစ်ကိုတွေကိုပါ မျှလိုက်အုံးနော်” လို့ လှည့်မကြည့်ပဲပြောလိုက်တယ်..။ သားဖြစ်သူဟာ..“ဟာ....... မေမေ၊ သားရဲ့လက်ဆောင်က သားနဲ့လက်ထပ်မယ့်သတို့သမီးပါ”လို့ပြောလိုက်တော့မှ မိခင်ဟာ ပြာပြာသလဲ မီးဖိုခန်းကနေ ပြေးထွက်လာပြီး သူပြောလိုက်တဲ့စကားမှားသွားမှန်းကို သိသွားတယ်။ ပြောပြီးသားစကားကိုလည်း ပြန်ပြီးရုတ်သိမ်းလို့မရတော့တာကြောင့် သားဖြစ်သူနဲ့ချွေးမကို ငိုယိုပြီး တောင်းပန်ယုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ဘူး။ အဲဒီခေတ်က အိန္ဒိယလူမျိုးမိဘတွေဟာ မိမိတို့ပြောပြီးသားစကားကို ပြန်လည်ရုတ်သိမ်းပိုင်ခွင့်မရှိကြဘူး၊ အဲဒါဟာ သူတို့ရဲ့အယူတစ်ခုပဲဖြစ်တယ်လို့သိရပါတယ်။ မိခင်ရဲ့နှုတ်ထွက်စကားအတိုင်း ဘုရင့်သမီးတော်ဟာ ကံဆိုးစွာနဲ့ပဲ မင်းသား(၇)ပါးနဲ့ ကံပါရရှာပြီး မင်းသားတစ်ပါးစီနဲ့ တစ်ညစီ နေရရှာတယ်..။ တစ်ညမှာ မင်းသားတစ်ပါးနဲ့ အကြင်လင်မယားအဖြစ် ချစ်တင်းနှောနေချိန်၊ အခန်းတွေကလည်း လိုက်ကာသာရှိပြီး တံခါးမရှိတဲ့အခန်းများဖြစ်တာကြောင့် ခွေးတစ်ကောင်ဟာ အဲဒီအခန်းထဲကို ဝင်သွားခဲ့တယ်။(အိမ်မှာမွေးထားတဲ့ခွေးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်)။ ခွေးကိုမောင်းထုတ်ပေမယ့်လည်း
ခွေးဟာထွက်မသွားပဲ အခန်းထဲမှာပဲရှိနေသတဲ့..။ အဝတ်ဗလာနဲ့မင်းသမီးဟာ ရှက်လည်းရှက် ဒေါသလည်းထွက်တာကြောင့် ခွေးကိုကျိန်ဆဲလိုက်တယ်..။ “ငါ အရှက်ရအောင် လုပ်ခဲ့တဲ့ခွေး.. နင့်အလှည့်ကျရင် လူမြင်ကွင်းမှာ အရှက်ကင်းမဲ့စွာ မိတ်လိုက်ရတဲ့သတ္တဝါဖြစ်ပါစေ၊ လူတစ်ကာရဲ့အကြည့်အောက်မှာ ပုန်းရှောင်မရအောင် အရှက်ရပါစေ”လို့ ကျိန်ဆဲခဲ့တယ်။ အဲဒီလိုနဲ့ ခွေးတွေရဲ့ဘဝဟာ လူမြင်ကွင်းမှာမိတ်လိုက်ကြပြီး၊ လူတွေက ခဲတွေနဲ့ပေါက်ကြ၊ ရေတွေနဲ့ဖျန်းပြီး ခွဲတာတောင် မပြေးနိုင်ပဲ အရှက်မဲ့ကြရတဲ့ မြင်ကွင်းကို စာဖတ်သူများလည်း ကြုံဖူးကြပါလိမ့်မယ်။ ကဲ.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်.. အရှက်မဲ့စွာ လူမြင်ကွင်းမှာ မိတ်လိုက်ကြရတဲ့ ခွေးတွေရဲ့ကျိန်စာဟာ အိန္ဒိယပုံပြင်က စခဲ့တယ်ဆိုတဲ့အကြောင်းကို ကျမရဲ့သူငယ်ချင်း အိန္ဒိယသူလေးက ပါးစပ်ရာဇဝင်တစ်ပုဒ်အနေနဲ့ပြောပြခဲ့ပါတယ်။ မှတ်ချက်။ ။ ဤပုံပြင်နှင့်ပတ်သက်ပြီး ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ တစ်စုံတစ်ခု ထိခိုက် နစ်နာမှုများရှိခဲ့ပါလျှင် ကျမ၏တာဝန်သာဖြစ်ပါကြောင်း...။
**အဖြူရောင်နတ်သမီး**
-အရှက်မဲ့စွာ လူမြင်ကွင်းမှာ မိတ်လိုက်ကြရတဲ့ခွေးတွေရဲ့ကျိန်စာ-

No comments:
Post a Comment