**အင်ဒီမာရေးနှင့် ဂျိုကိုဗစ် အေတီပီတိုး အကြိုဗိုလ်လုပွဲတက်**
(လန်ဒန် နိုဝင်ဘာ ၁ဝ)
ဗြိတိသျှနာမည်ကြီး တင်းနစ်ကစားသမား အင်ဒီမာရေး သည် နိုဝင်ဘာ ၁ဝ ရက်က
လန်ဒန်မြို့၌ကျင်းပလျက်ရှိသော
အေတီပီတိုးတင်းနစ်ပြိုင် ပွဲတွင် ပြင်သစ်မှ တီဆွန်ဂါအား ၆-၂၊ ၇-၆ (၇-၃) ဖြင့်အနိုင်ရပြီး အကြိုဗိုလ်လု ပွဲသို့ တက်ရောက်သွားသည်။
ထို့အတူ ကမ္ဘာ့နံပတ်တစ် ဂျိုကိုဗစ်သည် သောမတ်ဘာဒစ်အား ၆-၂၊ ၇-၆ (၈-၆)ဖြင့်နိုင်ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ၄င်းပြိုင်ပွဲ၏ ခြောက်ကြိမ်မြောက် ချန်ပီယံရော်ဂျာဖက်ဒဲရားကလည်း မာတင် ဒယ်ပိုထရိုကို အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်လာသည်။ (ရိုက်တာ)
**ဒီဂိုဖော်လန်မပါသည့် ဥရုဂွေးအသင်း ပိုလန်နှင့်ခြေစမ်းပွဲကစားမည်**
(ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၁ဝ)
ပိုလန်အသင်းနှင့်ချစ်ကြည်ရေးခြေစမ်းပွဲကစားမည့် ဥရုဂွေးအသင်း၏ ကစားသမားစာရင်းတွင် တိုက်စစ်မှူးဒီဂိုဖော်လန် ပါဝင်ထည့်သွင်း ခြင်းမရှိကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ဥရုဂွေးအသင်းသည် လာမည့်နိုဝင်ဘာ ၁၄ ရက်တွင် ပိုလန်ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးပွဲကစားမည်ဖြစ်သည်။ ယင်းပွဲအတွက် ဘောလုံးသမားများစာရင်းကို ထုတ်ပြန်ခဲ့ရာတွင်ဒီဂိုဖော်လန်နှင့် အဘီရူတို့ပါဝင်ခြင်းမရှိကြောင်း ဥရုဂွေးနည်းပြတာဘာရက်စ်က အတည်ပြုပြောကြားသည်။ ဥရုဂွေးအသင်းတွင် လောလောဆယ်၌ ကစားသမား ၁၉ ဦးကို ရွေးချယ်ထားရာ တိုက်စစ်မှူးများအဖြစ် ရီးရဲဆိုစီဒက်အသင်း၌ကစားနေသော ကတ်စတို၊ နာပိုလီအသင်း၌ ကစားနေသောကာဗာနီနှင့် လီဗာပူးအသင်းတွင်ကစား နေသော ဆွာရက်ဇ်တို့ကို ရွေးချယ်ထားသည်။ (ဆင်ဟွာ)
**ဂီဘာတို အက်သလက်တီကိုသို့ ပြောင်းရွှေ့မည်**
(ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၁ဝ)
ဘရာဇီးကွင်းလယ်ကစားသမားနှင့် အာဆင်နယ်ကစားသမားဟောင်း ဂီလ် ဘာတိုသည် အသင်းဟောင်း အက်သလက်တီကိုတွင် လာမည့်နှစ်၌ ပြန်လည် ကစားရန် သဘောတူညီခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ ဂီလ်ဘာတိုသည် အက်သလက်တီကိုအသင်းနှင့် ယခု နိုဝင်ဘာလကုန်တွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီလမှ စတင်ကာ တစ်နှစ်စာချုပ်ဖြင့် အက်သလက်တီကိုအသင်းတွင် ကစားမည်ဖြစ်သည်။ ဂီလ်ဘာတိုအနေဖြင့် အက်သလက်တီကိုအသင်း၌ ပြန်လည်ကစားရန် ဆုံးဖြတ်လိုက်ခြင်းမှာ ဝမ်းမြောက်စရာသတင်းဖြစ်ကြောင်း မိမိတို့က ဂီလ် ဘာတိုအား အသင်းသစ်၌ပျော်ရွှင်ရန် ဆုတောင်းကြောင်း ဂရီမီရိုအသင်းမှ ဘောလုံးဒါရိုက်တာတစ်ဦးဖြစ်သည့် ရွိုင်ကော့စ်တာက ဟြေကြားသည်။ (ဆင်ဟွာ)
**ပြင်သစ်ကွင်းလယ်ကစားသမားအက်ဗီလာ ၂၀၁၃ ခုနှစ်ကုန်အထိ ကစားခွင့်ပိတ်ပင်ခံရ**
(ပါရီ နိုဝင်ဘာ ၁ဝ)
ပြင်သစ်ကွင်းလယ်ကစားသမား ယန်အမ်ဗီလာအား ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်းတွင် ၂ဝ၁၄ ခုနှစ် မတိုင်မီအထိ ပါဝင်ကစားခွင့်ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၁ဝ ရက်၌ သတင်းထုတ်ပြန် သည်။ပြင်သစ်ဘောလုံးသမားများအတွက် လေ့ကျင့်ရေးကာလအတွင်းသတ်မှတ် ထားသော ညအချိန်မထွက်ရသည့် စည်းကမ်းဖောက်ဖျက်မှုကြောင့် ယန်အမ် ဗီလာအား ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြင်သစ်ဘောလုံးအသင်းတွင် ကစားခွင့်ပိတ်ပင်ခဲ့ရခြင်းဖြစ်သည်။အသက် ၂၂ နှစ်အရွယ် ယန်အမ်ဗီလာသည် အာဆင်နယ်နှင့် စပါး အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေသည့် ကစားသမားလည်းဖြစ်သည်။ ယခုကစားခွင့်ပိတ်ပင်ခဲ့သည့် ယန်အမ်ဗီလာနှင့်အတူ အခြားဘောလုံးသမား များဖြစ်သည့် ဘင်ယီဒါ၊ ဂရစ်ဇ်မင်း၊ မာဗင်ဂါနှင့် အမ်ဘာယေးတို့လည်းပါဝင် သည်။ ယန်အမ်ဗီလာသည် ၂ဝ၁၂ ယူရိုပွဲစဉ်များ ကစားစဉ်ကလည်း လောရင့် ဘလန့်အား လက်ဆွဲနှုတ်ဆက်ရန်ငြင်းဆန်ခဲ့မှုကြောင့် ဘောလုံးပွဲတစ်ပွဲပိတ်ပင် ခံခဲ့ရဖူးသည်။ (ဆင်ဟွာ)
**ရီးရဲတိုက်စစ်မှူးဟီဂူအင် တစ်လနားရမည်**
(မက်ဒရစ် နိုဝင်ဘာ ၁ဝ)
ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဟီဂူအင်သည် ဒေါ့မွန်နှင့်နိုဝင်ဘာ ၆ ရက်က ကစားခဲ့သည့် ပြိုင်ပွဲတွင် ကြွက်သားထိခိုက်ဒဏ်ရာရရှိသွားသဖြင့် တစ်လကြာ အနားယူရလိမ့်မည်ဖြစ်ကြောင်း ၄င်းကလပ်က ကြေညာသည်။ တိုက်စစ်မှူးဟီဂူအင်သည် ပထမပိုင်းတွင် ဒဏ်ရာအနာတရဖြစ်ပြီး နောက်လူစားလဲခဲ့ရသည်။ ၄င်းသည် အနည်းဆုံးလေးပတ်ကြာ အနားယူရ လိမ့်မည်ဖြစ်ကြောင်း ၄င်းကလပ်က ပြောကြားသည်။ ယင်းဒဏ်ရာကြောင့် ဟီဂူအင်သည် လီဗန်တေးနှင့်ကစားမည့်ပွဲ၊ မန်စီး တီးနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲ ၊ဘီလ်ဘာအိုနှင့် ကစားမည့် လာလီဂါပွဲများကို လွဲချော် နိုင်သည်။ (ရိုက်တာ)
**ကွင်းလယ်ကစားသမား ဗန်ဂျင်ကယ် အား ဒတ်ခ်ျနှင့်ဂျာမနီပွဲအတွက်ခေါ်ယူ***
(အမ်စတာဒမ် နိုဝင်ဘာ ၁ဝ)
အသက်၁၉ နှစ်ရှိ ကွင်းလယ်ကစားသမား မာကိုဗန်ဂျင်ကယ်အား ဂျာမနီနှင့် နိုဝင်ဘာ ၁၄ ရက်တွင်အမ်စတာဒမ်မြို့၌ ကစားမည့် ချစ် ကြည်ရေးပွဲအတွက် ဒတ်ခ်ျအသင်းကပထမဆုံး ခေါ်ယူထားသည်။ ဗန်ဂျင်ကယ်သည် ဒတ်ခ်ျကစားသမား ၁၉ ဦးတွင် ပါဝင်သည်။ သို့သော် အသင်းခေါင်းဆောင်ဝက်စလေစနိုက်ဒါ မပါဝင်ပေ။ ၄င်းသည် ဘောလုံး ကစား ရန်အနည်းဆုံးခြောက်ပတ်ကြာ အနားယူ ရဦးမည်ဖြစ်သည်။နယ်သာလန်အသင်းသည်ဂျာမနီအသင်းနှင့် တစ်နှစ် အတွင်း သုံးကြိမ်မြောက် ကစားမည့် ပြိုင်ပွဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်ပွဲတွင် ဂျာမနီက နယ်သာလန်အသင်းကို အနိုင်ရရှိထားသည်။ (ရိုက်တာ)
စုစည်းဘာသာပြန် - မြင့်မောင်စိုး
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment