“ နင့်ကို မကိုင်ပါနဲ့ ပြောထားလျှက်နဲ့
ရအောင် ယူကိုင်တယ်၊ ကြည့်ဦး၊ အောက်ပြုတ်ကျထားတယ်
မဟုတ်လား၊ ၀ယ်လာတဲ့ အင်္ကျီ
အသစ်တွေ အကုန်ရေစိုကုန်ပြီ ”
စီစီလောင်လောင် ထွက်လာတဲ့
အသံကြောင့် ကျွန်မအကြည့်က အသံထွက်လာတဲ့ နေရာဆီ
ရောက်သွားတယ်။ ဆူနေတဲ့သူက ဒီမှာ အမြဲ ရေလာကူးနေကြ၊ သူနဲ့ အတူပါလာတဲ့ ခုန အဆူခံရတဲ့ ကောင်မလေး အခေါ်အရဆို အစ်မ မဥမ္မာ။
အိမ်က အဖော်ထည့်ပေးလိုက်တဲ့ အဆူခံရတဲ့ ၀တုတ်မလေးက ရှိလှ ကျွန်မနဲ့အတူ လုပ်တဲ့ စန်းသီအရွယ် ၁၆နှစ်လောက်။ သူ့အစ်မ မဥမ္မာ ချွတ်လဲထားတဲ့ ရေကူးဝတ်စုံကို လျှော်နေတဲ့ ၀တုတ်မလေး ပုံစံက မထုံတက်တေး။ သူ့ကို ပြောနေတယ်လို့ကို မထင်နေတဲ့ပုံ။ “ နင့်ကို ပြောလို့ဆိုလို့ မရရင် နောက်တစ်ခါ ပွဲစားလာရင် မာမီတို့ကို ပြန်ကို ထည့်ခိုင်းလိုက်ဦးမယ်၊ တကယ်ပဲ.. မထိပါနဲ့ဆို မသိအောင် ယူကြည့်ပြီ၊ မစားပါနဲ့ဆို မသိအောင် ခိုးစားပြီ၊ အခု ဒီအင်္ကျီက ၀ယ်လာတာ အသစ်ချပ်ချွတ်၊ အခု နင်လုပ်တာ ကြည့်ဦး.. စိတ်ပျက်တယ် တကယ်ပဲ၊ မာမီတို့ကလည်း ကိုယ့်ဟာကို သွားချင်ပါတယ်ဆို အမြဲ ထည့်ထည့်ပေးနေတာပဲ၊ ဘာမှ အားမကိုးရတဲ့အပြင် သူ့ကို အပိုတွေ ပြောနေရတာကိုက စိတ်ပင်ပမ်းရတယ်” ညနေခင်းတိုင်း သူငယ်ချင်းဖြစ်သူနဲ့အတူ ရေလာကူးတဲ့ မဥမ္မာဆိုသူနဲ့ အမြဲအဖော်ပါလာတဲ့ ဒီဝတုတ်ကောင်မလေးကို ကျွန်မ သတိထားမိနေပြီ။ သတိမထားမိပဲ နေနိုင်ရိုးလား၊ အစ်မ မဥမ္မာက ရေထဲ မဆင်းခင်မှာ ပါလာတဲ့ ပစ္စည်းတွေ လော့ကာ (Locker)ထဲ ထည့်သိမ်း၊ ပြီးရင် လော့ကာသော့ကို ၀တုတ်မလေးကို အပ်၊ မှာစရာတွေ တသီကြီးမှာပြီးမှ ရေကန်ထဲ ဆင်းတယ်။ ၀တုတ်မလေးလည်း သူ့သခင်မ လစ်တာနဲ့ လော့ကာကိုဖွင့်၊ လျှောက်ဖွ၊ ပြီးရင် ပြန်ပိတ်၊ ပြီးရင် အခန်းထဲမှာရှိတဲ့ လူကုန်လိုက်ငေး၊ စကားတွေလိုက်ပြော၊ စိတ်ဝင်စားစရာ ပစ္စည်းလေးများ မတွေ့လိုက်နဲ့၊ လက်ကလေးနဲ့ ကိုင်ကြည့်ချင်နေပြီ။ ဒီ၀တုတ္မေလးက အၿမဲ ဂဏွာမၿငိမ္ဘူး။ သူ့သခင်မက ဒီနေရာမှာ ထိုင်စောင့်ဆို ဟိုမှာစောင့်တယ်။ ငါ့အိတ်တွေ လျှောက်ဖွင့်မနေနဲ့ဆို ဖွင့်ကြည့်တယ်၊ ရေလာကူးသူတွေ ခဏချွတ်ထားတတ်တဲ့ ကလစ်တွေ၊ ခေါင်းစည်းကြိုးတွေ လိုက်တို့ထိ ကိုင်ကြည့်နေတတ်လို့ ကျွန်မကတောင် သူ့ကို ဟန့်ရသေးတယ်။ အစ်မ မဥမ္မာကလည်း အမြဲ တပြစ်တောက်တောက်၊ ရေကူးကန်ထဲ မဆင်းမီ တစ်ကြိမ်၊ ရေကူးပြီး ပြန်တက်လာရင် တစ်ကြိမ်၊ မပျက်မကွက် ၀တုတ်မလေးကို မြည်တွန်တောက်တီးရင်ဖြင့် ကလေးမလေးက မျက်နှာသေလေးနဲ့ သူ မလုပ်သလို နေနေတော့တာ။ သူတို့နှစ်ယောက်ရဲ့ အခြေအတင် ကိစ္စတွေက ကျွန်မအတွက် ရိုးနေလေပြီ။ နေ့စဉ် အလုပ်မှာ တစ်နေကုန် အချိန်ပေးနေရတော့ ကိုယ်တာဝန်ယူရတဲ့ အလုပ်နဲ့သာမက၊ ကိုယ့်ရဲ့ ဖောက်သည်တွေလို့ ပြောလို့ရတဲ့ ရေလာကူးတဲ့ မိန်းကလေးတွေနဲ့ သူတို့ရဲ့ အမူအကျင့်၊ စရိုက်လေးတွေပါ သိလာရတယ်။ စကားကို အကျယ်ကြီး အော်ပြောတတ်သူ၊ ရေအကြာကြီး ချိုးတတ်သူ၊ ဆံပင်ခြောက်တဲ့စက်ကို တစ်ယောက်ထဲ မောင်ပိုင်စီးချင်သူစတဲ့ တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားစရာ အပြုအမူတွေက အလုပ်ချိန် အကြာကြီးကို မပျင်းရိရလေအောင် အထောက်အပံ့ပေးပါတယ်။ အဲ့ဒီအချိန်မှာ… ကျွန်မထိုင်ရာနေရာဆီကို ဦးတည်လာသူက မမ။ သူ့နာမည်ရင်းကို မသိပေမယ့် ကိုယ့်ဖာသာကိုယ် ကြိတ်ပေးထားတဲ့ နာမည်ပါ။ “ညီမ… အစ်မရဲ့လော့ကာက ပွင့်နေတယ်၊ အထဲမှာလည်း အစ်မပစ္စည်းတွေ မတွေ့တော့ဘူး ” ကြားလိုက်ရတဲ့ စကားသံကြောင့် ကျွန်မ ခေါင်းနပန်း ကြီးသွားရတယ်။ စကားသံနဲ့အတူ မမဆီက စူးရှတဲ့ ရေမွှေးရနံ့ ကျွန်မနှာခေါင်းထဲ တိုးဝှေ့ဝင်လာတယ်။ ခုနလေးတင်မှ မမ ကျွန်မရှေ့တင် ကန်ထဲ ဆင်းသွားတယ်ဆိုတာ သတိထားမိလိုက်တယ်။ မမဘေးမှာ ကျွန်မနဲ့အတူ တာဝန်ကျတဲ့ စန်းသီက ရပ်လျှက် ရှိတယ်။ “အစ်မ အပေါ့သွားချင်လို့ ခဏပြန်တက်လာတာ၊ အဲ့ဒါ လော့ကာဘေးက ဖြတ်တုန်း အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတော့ အစ်မယူထားတဲ့ လော့ကာတံခါးက ပွင့်နေတယ်၊ အထဲမှာလည်း ဘာမှ မတွေ့တော့ဘူး၊ အဲ့ဒါနဲ့ အဲ့ဒီနားမှာ ကြမ်းတိုက်နေတဲ့ ဒီက ညီမကို မေးကြည့်တော့ သူကလဲ လူတွေ များနေတော့ သတိမထားမိဘူး ပြောတယ်” စန်းသီကို လှမ်းကြည့်လိုက်တော့ သူ့နာမည်ပါလာလို့ စိုးရိမ်တဲ့ မျက်နှာထားနဲ့ ကျွန်မကို ကြည့်နေတယ်။ အခန်းထဲမှာ ရေဆင်းကူးဖို့ ပြင်ဆင်နေတဲ့သူတွေ၊ ရေကူးပြီး ပြန်တက်လာတဲ့ သူတွေနဲ့ အမြဲလိုလို လူဆယ်လောက်နဲ့ စည်ကားနေတတ်တယ်။ ရေချိုးခန်း (၇)ခန်း၊ အိမ်သာ(၃)ခန်းလုံး လူအပြည့်အပြင်၊ နံရံကပ်မှန် အရှေ့မှာလည်း ဆံပင်သုတ်နေသူတွေ၊ ခေါင်းဖြီးနေသူတွေနဲ့၊ အခန်းအလည်က ခုံတန်းရှည်တွေမှာလည်း ထိုင်နေတဲ့သူတွေ၊ တင်ထားတဲ့ မျက်နှာသုတ်ပုဝါတွေ၊ အ၀တ်အိတ်တွေက ကြိုကြား ရှိလို့။ ၀တုတ်မလေးတောင် ခုနက အဲ့ဒီ လော့ကာနံပါတ်၃၁ အနားမှာ လမ်းလျှောက်ရင်း ကြမ်းက ရေတွေနဲ့ ခြေချော်မလို ဖြစ်လိုက်သေး။ မတွေးစကောင်း တွေးစကောင်း လက်အငြိမ် မနေတတ်တဲ့ ၀တုတ်များလား…။ လတ်တလောတော့ ကျွန်မ အတွေးတွေထဲ ရှုပ်ထွေးနေမိတယ်။ မျက်စေ့မျက်နှာပျက်နေတဲ့ သူနဲ့၊ ဟောင်းလောင်းပွင့်ပြီး အထဲမှာ ဘာဆိုဘာမှ မရှိတဲ့ လော်ကားနံပါတ်(၃၁)ကို ကြည့်ပြီး ကျွန်မရင်တွေ ထိတ်နေမိတယ်။ ကျွန်မ တာဝန်ယူလာတဲ့ တလျှောက် ကြီးကြီးမားမား ဘာဆိုဘာမှ မဖြစ်ခဲ့သေးဘူးတာမို့ ရုတ်တရက် ထူပူသွားမိရတယ်။ ပွင့်နေတဲ့ တံခါးမျောက်လက်မှာ ချိတ်လျှက်သား တွဲလောင်းကျနေတဲ့ သော့ခလောက်နဲ့ သော့လေး တလှုပ်လှုပ်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် တံခါးဖွင့်သွားတာ သိပ်မကြာသေးဘူးလို့ ယူဆလိုက်တယ်။ အချိန်မှီ လက်ဦးမှု အရယူမှ ဖြစ်တော့မယ်လို့ ကျွန်မ သိလိုက်တယ်။ ဒါနဲ့ ကျွန်မက မမကို ကြည့်လို့… “ ဒါဆို ကျွန်မ အုပ်ချုပ်ရေးမှုးကို သွားခေါ်လိုက်ဦးမယ်၊ အခန်းတံခါးမကြီးကို ခဏပိတ်ခဲ့မယ်၊ စန်းသီ… ငါပြန်မလာခင်အထိ နင်.. ဘယ်သူမှ အပြင်မထွက်စေနဲ့၊ ကြားလား ” အတူ တာဝန်ကျတဲ့ စန်းသီကို ကျွန်မမှာရင်း ကျွန်မ အုပ်ချုပ်ရေးမှုးကို သွားခေါ်ဖို့ ပြင်လိုက်တယ်။ အဲ့ဒီမှာ စန်းသီ ၀င်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားရတယ်။ “သွားမခေါ်ခင် အရင် ရှာကြည့်လိုက်ပါဦးလား…၊ တော်နေကြာ တစ်ခုခုဆို ငါတို့ပဲ ထိမှာ..” စန်းသီရဲ့ မျက်ဝန်းထဲကို ကျွန်မ စူးစိုက်ကြည့်လိုက်မိတယ်။ သူက ဘာလို့ တားရတာလဲ။ “ ဟုတ်တယ်… အရင် ရှာကြည့်လိုက်ပါလား” ကာယကံရှင် မမကပါ ၀င်ပြောလာတော့ အရင်ရှာကြည့်ဖို့ ကျွန်မလည်း သဘောတူလိုက်တယ်။ အမှန်တော့ အုပ်ချုပ်ရေးမှုးကို မလိုအပ်ပဲ ကျွန်မ သွားမခေါ်ချင်။ ကျွန်မ တာဝန်ကျတဲ့ ဒီအခန်းလေးထဲမှာ ဒီလိုတစ်ခုခု လွဲချော်လို့ အုပ်ချုပ်ရေးမှူးရုံးခန်း ရောက်ရင် လကုန်တိုင်း ရနေကျ ဘောက်ဆူးအတွက် ပေးတဲ့ အမှတ်ပွိုင့်လေးတွေ လျှော့ခံရမှာ၊ လစာအဖြတ်ခံရမှာကို ဒီအစ်မကို ပြောပြမနေချင်တော့ပါဘူး။ ဒါကြောင့် စန်းသီပြောတာကို ကျွန်မလက်ခံလိုက်ရင်း မမကို ကြည့်လို့ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ ရေစိုနေတဲ့ မမရဲ့ မျက်နှာလှလှကို ကြည့်ပြီး ကျွန်မ မေးလိုက်မိတယ်။ “ မမ… သော့ကို ဘယ်မှာ သိမ်းထားခဲ့တာလဲ ” ဒီမေးခွန်းကို ဘာလို့ ကျွန်မ မေးတာလဲဆိုတော့ ရေလာကူးသူတိုင်း ပါလာတဲ့ ပစ္စည်းတွေကို လော့ကာလို့ခေါ်တဲ့ နံရံကပ်ဘီဒိုအံလေးတွေဆီမှာ ထည့်သိမ်းထားလို့ရတယ်။ မိမိနှစ်သက်ရာ လွတ်နေတဲ့ ဘီဒိုလေးတွေမှာ ပစ္စည်းတွေ ထည့်သိမ်းပြီးလို့ သော့ခတ်ပြီးရင်၊ သော့ကို ဒီအခန်းထဲက နံရံကပ်မှန်တွေ အပြည့်တပ်ထားတဲ့ လက်ဆေးစင်မှာ ရှိနေတဲ့ ပလပ်စတစ် ဆန်ကာလေးထဲ ထည့်ထားခဲ့ပြီး ရေဆင်းကူးကြတယ်။ တချို့ကြတော့လည်း သော့ကို ရေကူးကန်နဘေးက ကောင်တာလေးမှာ သွားအပ်ကြတယ်။ အဖော်ပါလာသူများကြတော့ အဖော်လုပ်သူကို ပေးသိမ်းထားတတ်တယ်။ မမကြတော့ အမြဲတမ်း တစ်ယောက်ထဲ ရေလာကူးနေကျမှန်း ကျွန်မသိနေတယ်။ ဒါကြောင့် ဒီမေးခွန်းကို ကျွန်မ မေးမိတာပါ။ “ ဒီအခန်းထဲက ဟောဟိုက ဆန်ကာလေးထဲမှာပဲ ထားခဲ့တာ၊ တို့အမြဲ အဲ့ဒီလိုပဲ ထားနေကျလေ” မမက ကြွေလက်ဆေးကန် နံဘေးက နေရာလွတ်မှာ တင်ထားတဲ့ လော့ကာသော့တွေ ထည့်ထားတဲ့ ပလတ်စတစ်ဆန်ကာ အနီလေး ရှိရာဆီကို လက်ညှိုးညွှန်ရင်း ပြောပြတယ်။ မမ ဒီမှာ ရေလာကူးနေတာ သိပ်မကြာလှသေးဘူး။ ရှိလှမှ တစ်လသာသာပေါ့။ ကြည်ပြာရောင် သားရေခေါင်းစွပ်အပေါ် ချိတ်တင်ထားတဲ့ ရေကာမျက်မှန်အနက်ရောင်လေးက မမရဲ့ ဖြူဖွေးတဲ့ အသားကို ပိုမို ၀င်းလဲ့နေအောင် ဘောင်ကွပ်ပေးထားတယ်။ ရေသီးရေပေါက်တွေ တွဲရွဲခိုနေတဲ့ ဆံစအချို့က သားရေ ခေါင်းစွတ်ကြားကနေ နဖူးဘေးကို ကျနေတယ်။ မမရင်ညွန့်က မှည့်အနီလေးက နက်ပြာရောင် ရေကူးဝတ်စုံလေးနဲ့ အချိုးကျကျ လှပနေတဲ့ အလှကို ပိုအရောင်တင်ပေးနေသလိုလို။ ပုရိသတွေသာမက၊ ကျွန်မတို့လို မိန်းကလေးတွေကပါ မငေးပဲ မနေနိုင်အောင်ကို မမက ရေလာကူးသူ အရွယ်စုံတွေရဲ့ကြားမှာ ရေပန်းစားလှတယ်။ မမအသက်က မရှိဘူးဆို သုံးဆယ်အောက်ထစ်ပဲ။ ဒါပေမဲ့ သူ့အလှက ရင့်ကျက်မှုနဲ့ နုပျိုမှုကို ယှဉ်တွဲညှိထားတာမို့ မိန်းကလေးချင်း အားကျစိတ်နဲ့ လက်တို့ ငေးကြရတယ်။ အစက မမကို ရေကူးသင်တန်း လာတက်သူလို့ ထင်ထားမိခဲ့တာ။ နောက်ပိုင်း သင်တန်းချိန်ပြင်ပ ညနေပိုင်းမှာပဲ လာကူးနေတာ သတိထားမိတော့မှ သူလည်း တခြားသူတွေလို အပျော်လာကူးသူဆိုတာ သိထားခဲ့တယ်။ သတိထားကြည့်မိတော့ သူက ရေကို တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကျန်းမာရေးအတွက် ကူးတတ်သူဖြစ်နေတာ။ ကျွန်မတို့ဆီက ရေကူးသူတွေ ရေကူးနေချိန် ရုတ်တရက် ရေနစ်ရင် ကယ်ဆယ်ဖို့ လုံခြုံရေးတာဝန်ကျတဲ့ မောင်မောင်ဆို သူ့ဂျူတီချိန်မှာ မမ ရေလာကူးတာနဲ့ ကြုံလို့ကတော့ ကံဘောင်ပေါ်ကနေ မျက်လုံး ဒေါက်ထောက်ကြည့်လို့။ ပြီးရင် “ အီဖေကိုယ် ကံထူးသူမောင်ရှင်၊ နင်တို့နဲ့များ တခြားစီ”ဆို ကျွန်မတို့ကို တဖွဖွနဲ့ လာကြွားလို့ မဆုံးပြီ။ “ မမ… မမရဲ့ သော့နံပတ်က ၃၁ဆိုတာ သေချာရဲ့လား” “ အင်း… ၃၁လို့တော့ မှတ်ထားတာပဲ” လော့ကာသော့တွေ စုထည့်ထားတဲ့ ပလတ်စတစ်ဆန်ကာလေးဆီ ကျွန်မ ပြန်လာခဲ့တယ်။ မမက ကျွန်မရဲ့ နဘေးနားက ထပ်ချပ်မကွာ လိုက်လာတယ်။ အတွေ့အကြုံက ကျွန်မအတွက် အဖြေတစ်ခုကို ထုတ်ပေးလိုက်တယ်။ ဆန်ကာထဲကို သော့တွေထဲ ကျွန်မ မွှေနှောက်ရှာလိုက်ပြီး နံပါတ် တဆယ့်သုံးလို့ ရေးထားတဲ့ သော့ကလေးကို ရွေးယူလိုက်တယ်။ ရေလာကူးသူတွေ ဖြစ်လေ့ဖြစ်ထ ရှိတာက၊ နံပါတ်တွေကို ရှေ့နောက် အမှတ်မှားတတ်တာ။ ကွက်တိပါဘဲ။ လော့ကာနံပါတ် (၁၃)ကို သော့တံလေးလည်း ထည့်လိုက်ရော သော့ခလောက်က ချပ်ခနဲ ပွင့်သွားတယ်။ မမကို လှမ်းကြည့်လိုက်တော့ ၀င်းခနဲဖြစ်သွားတဲ့ မျက်နှာကို ကြည့်ပြီး လော့ကာနံပါတ် အမှတ်မှားတာဆိုတာ သေချာသွားတယ်။ စန်းသီလည်း ကျွန်မနည်းတူ သက်ပြင်းကြိတ်ချလိုက်တာကို သတိထားမိလိုက်တယ်။ မမက ဖွဖွလှလှလေး ပြုံးလိုက်ပြီး “ကျေးဇူးပဲ ညီမရေ၊ ဆယ့်သုံးနဲ့ သုံးဆယ်တစ်နံပါတ် ရှေ့နောက် အမှတ်မှားသွားတာ” လို့ ကျွန်မကို ပြောတယ်။ “ ရတယ် အစ်မ၊ လော့ကာ ၁၃နဲ့ ၃၁ရဲ့နေရာကလဲ အထက်အောက် သိပ်မကွာတာမို့ အမြင်မှားမယ်ဆိုလည်း မှားချင်စရာပေါ့” လို့ ပြန်ပြောအပြီး ကျွန်မက ရေတွေနဲ့ ပြန်စိုရွှဲနေတဲ့ အမှတ်ငါး ရေချိုးခန်းရဲ့ အရှေ့ကြမ်းပြင်ကို ရေသုတ်ဖို့ ရေသုတ်တံယူလို့ ထွက်လာခဲ့တယ်။ ကိစ္စတစ်ခု ဖြေရှင်းပြီးသွားလို့ ကျွန်မ စိတ်တွေ ပေါ့သွားရတယ်။ စန်းသီက “ဟူး”ခနဲ သက်ပြင်းချတယ်။ ပုံမှန်ဆို မမက ကန်ပိတ်ချိန်နီးချိန်မှ ပြန်နေကြ။ အခုတော့ အပေါ့အပါးသွားဖို့ ကန်ထဲက ခဏတက်လာတယ်ဆိုပေမယ့် ရေကူးတာ နာရီဝက်တောင်မျှ မရှိသေး ရေချိုးအ၀တ်လဲ ပြန်ဖို့ ပြင်ဆင်နေလေပြီ။ စန်းသီက ကျွန်မကို “ကြည့်ရတာ ခုနကိစ္စ ဖြစ်နေတုန်း အခန်းထဲက လူတွေ ၀ိုင်းကြည့်တာ ရှက်သွားလို့ စောပြန်တာလား မသိဘူးနော်” လို့ တိုးတိုး အတင်းစကားဆိုလာတယ်။ “နင်ကလည်း ထင်ရာတွေ လျှောက်မပြောနဲ့လေ၊ သူ့ကိစ္စ ရှိလို့ နေမှာပေါ့” လို့ စကားနည်းအောင် ဖြတ်ပြောရင်း နံရံမှာ ကပ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တယ်။ ညနေ (၇)နာရီတိတိ။ နောက်တစ်နာရီလောက်ဆို ကန်ပိတ်ချိန် ရောက်တော့မယ်။ ရေသုတ်တံနဲ့ ကြမ်းပေါ်က ရေတွေကို ဖိသုတ်ရင်း ကျွန်မ အလုပ်ထဲ အာရုံပြန်စိုက်လိုက်တယ်။ ကျွန်မ ဒီအလုပ်မှာ လုပ်ဖြစ်နေတာ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်။ ဦးလေးရဲ့ ကျေးဇူးနဲ့ အလုပ်တစ်နေရာ ရခဲ့ပြီး ဒီနေရာမှာပဲ လုပ်ရင်းကနေ ပျော်နေပြီ။ မိန်းကလေးတွေ အခန်းအတွက် ၀န်ထမ်းနှစ်ယောက် နေရာချပေးထားတယ်။ ကျွန်မနဲ့အတူတွဲ တာဝန်ကျသူတွေသာ ၀င်လိုက်ထွက်လိုက် ဖြစ်နေပေမယ့်၊ ကျွန်မကတော့ ပင်တိုင် မြဲနေခဲ့တယ်။ အခု အတူတွဲလုပ်နေတဲ့ စန်းသီက အစ်မ၀င်းဝင်း အိမ်ထောင်ပြုပြီး အလုပ်ထွက်သွားထဲက ရောက်လာတာ နှစ်ပတ်သာသာ ရှိသေး။ စန်းသီက စပ်စုတတ်တယ်၊ အတင်းပြောတတ်တယ်၊ ရေလာကူးတဲ့ မိန်းကလေးတွေ ၀င်လိုက်ထွက်လိုက်နဲ့ကို သူ့မှာ အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်ပဲ၊ ကြည့်လို့ကို မ၀နိုင်ဘူး ဖြစ်နေတယ်။ မိန်းကလေးတွေ ၀တ်စားလာတာ ကြည့်ပြီး အားကျတဲ့ စိတ်တွေကလည်း များသေး။ ရေလာကူးတဲ့ သူတွေနဲ့လည်း တရင်းတနှီး စကားဝင်ရော ပြောတတ်သေးတယ်။ မနက်ကတင်ပဲ ရေကူးသင်တန်း လာတက်သူ တစ်ယောက်ကို “ ကျွန်မတို့ ရွာမှာဆို ချောင်းတံတားပေါ်က ခုန်ချ၊ ချောင်းထဲမှာ ယက်ကန်ယက်ကန် ကူးရင်းကနေ တတ်သွားတာ၊ အခုလို ပိုက်ဆံတွေ အများကြီးပေးပြီး သင်မနေရပါဘူး” လို့ စကားရော ဖောရော သွားပြောလို့ ဟိုက သူ့ကို မကြည်ရှိုးနဲ့ ကြည့်တာ ခံလိုက်ရပြီးပြီ။ သူ့ကို အဲ့ဒီလို အရောတ၀င်မနေဖို့ သတိပေးရင်လဲ မကြိုက်ချင်ပြန်ဘူး။ ဒီမှာ အလုပ်လုပ်ရတာ လူပင်ပမ်းတာ ဒီလောက်မဟုတ်ပေမယ့်၊ ရေလာကူးသူတွေရဲ့ ပစ္စည်းတွေကို မပျောက်မရှအောင် သေချာ ဂရုစိုက်ပေးရတာ စိတ်ပင်ပမ်းလှတယ်။ စန်းသီမတိုင်ခင် အစ်မ၀င်းဝင်းရဲ့ ရှေ့ကတစ်ယောက်ဆို ရေလာကူးတဲ့သူရဲ့ ခေါင်းစည်းလေး လက်ဆေးစင်ပေါ် တင်ထားတာကို လူလစ်ပြီအထင်နဲ့ တိတ်တိတ်လေး ယူထားလိုက်တာကို ပိုင်ရှင်ကိုယ်တိုင် လက်ပူးလက်ကျပ် မိသွားရာကနေ စကားတွေ များကြပြီး၊ နောက်ဆုံး သူ့မရိုးသားမှုကြောင့် အလုပ်ဖြုတ်ခံခဲ့ရတယ်။ အခု စန်းသီကိုလည်း အစမ်းခန့်ကာလမှာ သူ့ရိုးသားမှုကို စောင့်ကြည့်နေဖို့ ကျွန်မကို အုပ်ချုပ်ရေးမှုးက သတိပေးထားတာမို့ ခုန ကိစ္စဖြစ်တော့ ကျွန်မစိတ်ထဲ စန်းသီအပေါ် သံသယ ဖြစ်သွားခဲ့သေးတာ ကျွန်မ ၀န်ခံချင်ပါတယ်။ ပြောရရင် ကျွန်မတို့ အလုပ်က ပုဂ္ဂလိက ရေကူးကန်တစ်ခုက ရေလာကူးသူ အမျိုးသမီးတွေရဲ့ အဆောင်မှာ သန့်ရှင်းရေးအလုပ်။ အိမ်ထောင်သည်မိန်းမတွေ ၀င်လုပ်ဖို့မလွယ်။ အလုပ်ချိန်က မနက်(၇)နာရီကနေ ည (၉)နာရီအထိ။ မနက်အစောဆုံး ရေကူးသင်တန်းက မနက်(၇)နာရီဆို စပြီ။ ဒီရေကူးကန်မှာက သင်တန်းတွေက တစ်ပါတ်လုံးရှိနေပြီး၊ အလွတ်လာကူးသူတွေနဲ့ အမြဲမပြတ် စည်ကားနေတတ်နေတာ။ အထူးသဖြင့် အခုလို နွေရာသီ ကျောင်းပိတ်ရက် စနေ တနင်္ဂနွေလို နေ့မျိုးဆို ထိုင်နေဖို့ကို အနားမရပြီ။ ရေလာကူးသူတွေကလည်း လူအမျိုးမျိုး၊ စိတ်အထွေထွေ။ ရေကူးသင်တန်းတက်နေလို့ သင်တန်းကာလ ပုံမှန်လာကူးသူများရှိသလို၊ တစ်ယောက်ထဲလာ ကူးသူတွေ၊ သူငယ်ချင်းနဲ့ လာကူးသူတွေ၊ မိသားစုနဲ့ လာကူးသူတွေပါ ရှိကြတယ်။ ဒီမိန်းကလေးအဆောင်မှာ ကိုယ့်တာဝန်ကျေပွန်ဖို့နဲ့ ရေလာကူးသူတွေ အဆင်ပြေစေဖို့ အကောင်းဆုံး ၀င်ဆောင်မှုပေးနေရတာ ကျွန်မနဲ့ စန်းသီရဲ့ တာဝန်ပါဘဲ။ ပြဿနာတွေကလည်း အကြီးကြီးမဟုတ်တောင် အသေးအမွှားလေးတွေတော့ ဖြစ်တတ်တယ်။ ဒီမှာက ကလေးတွေအတွက် ကလေးရေကူးကန်လည်း ရှိတော့၊ အတူပါလာတဲ့ ကလေးငယ်တွေ ရေကူးအပြီး ရေချိုးချိန်ဆို တော်တော်နဲ့ ရေချိုးခန်းထဲက မထွက်ပဲ ရေဆော့နေလို့ ရေချိုးမယ့်သူတွေက စောင့်နေရတာမျိုး။ တချို့က နောက်လူကို အလှည့်မပေး၊ နေရာမပေးပဲ စိမ်ပြေနပြေလုပ်နေတတ်လို့ ကျန်သူတွေက မကျေနပ်လို့ ၀င်ရှင်းပေးရတာမျိုး။ မိန်းကလေးတွေဆိုတော့ ကလစ်တွေ၊ ဘီးတွေ၊ မိတ်ကပ်ဘူးတွေ မကြာခဏ မေ့ကျန်နေခဲ့လို့ သိမ်းထားပေးရတာမျိုးစတဲ့ အသေးအမွှားအမျိုးမျိုးနဲ့ နေ့စဉ် ရင်ဆိုင်ရတယ်။ ရေချိုးခန်းတွေ၊ အိမ်သာတွေ၊ အခန်းတွင်းက ကြမ်းပြင်နေရာတွေ အမြဲမပြတ် သန့်ရှင်းနေဖို့က ကျွန်မတို့ တာဝန်။ ရေချိုးခန်းထဲမှာ ဆပ်ပြာရည်၊ မျက်နှာသုတ်ပုဝါ အလျဉ်မှီစေဖို့၊ ရေပူရေအေးတွေ ရေပန်းတွေ မှန်မှန် အလုပ်လုပ်ဖို့၊ အိမ်သာမှာ အိမ်သာသုံးစက္ကူတွေ မပြတ်စေပဲ သန့်ရှင်းနေစေဖို့၊ နားနေခန်းက ကြမ်းပြင်တွေ သွေ့ခြောက်နေစေဖို့၊ ကြည့်မှန်တွေ ပြောင်လက်တောက်ပနေစေဖို့၊ ရေကူးပြီး လိမ်းဖို့ထားပေးထားတဲ့ သနပ်ခါးကျောက်ပြင်နဲ့ သနပ်ခါးတုံး နေသားတကျရှိနေစေဖို့၊ ဆံပင်ခြောက်ဖို့ ဟဲဒရိုင်ရာ ထားပေးထားတဲ့ နေရာမှာ ရေမစိုပဲ ခြောက်သွေ့နေစေဖို့၊ အဲ့ဒါတွေက ရေကူးကန် စဖွင့်တဲ့ မနက်(၇)နာရီခွဲကနေ ကန်ပိတ်ချိန် ည(၈)နာရီအထိ တစ်ပတ်ကို (၇)ရက် တရစပ်လုပ်နေရတဲ့ ကျွန်မနဲ့ စန်းသီရဲ့ နေ့စဉ်တာဝန်တွေပေါ့။ ကန်ပိတ်ချိန်ည(၈)နာရီမှာတော့ အပြီးသတ်အနေနဲ့ မျက်နှာသုတ်ပုဝါတွေ လျှော်၊ လှမ်း၊ အခန်းကို သွေ့ခြောက်အောင်လုပ်ပြီး ကြီးကြပ်ရေးမှုး စစ်ဆေးပြီးလို့ စိတ်တိုင်းကျပြီဆို ကျွန်မတို့ အိမ်ပြန်ချိန်က ည(၉)နာရီဝန်းကျင် ဖြစ်နေပြီ။ နောက်တစ်နေ့မနက် ဆယ်တစ်နာရီအချိန်လောက်မှာ ကျွန်မ အခန်းထဲက စားပွဲလေးမှာပဲ နေ့လည်စာ ထမင်းချိုင့်ဖွင့်စားနေတုန်း အသက်ဆယ့်ခြောက်နှစ်အရွယ် ဆံပင်ကုတ်ဝဲနဲ့ မိန်းကလေးတစ်ယောက် ကျွန်မအနား ကပ်လာတယ်။ သူ့မျက်နှာကို ကျွန်မ သိပ်မရင်းနှီးလှဘူး။ သူ့ဘေးမှာ အဖော် မိန်းကလေးတစ်ယောက်ပါလာတယ်။ သူက ကျွန်မထိုင်နေရာနား အသာကပ်လာပြီး ကျွန်မကို ပြောတယ်။ “မနေ့ညနေက ဒီမှာသူငယ်ချင်းနဲ့ ရေလာကူးတယ်၊ ၇နာရီလောက်မှာ ပြန်ခဲ့တယ်၊ အိမ်အပြန် ကားပေါ်မှာ ကားခပေးဖို့ ပိုက်ဆံအိတ်နှိုက်တော့၊ ပျောက်နေတယ်၊ ပိုက်ဆံအိတ်ထဲမှာ ငွေက တစ်သောင်းလောက် ပါပေမယ့်၊ အရေးကြီးတာက ကျောင်းသားကဒ်ရယ် မှတ်ပုံတင်ကဒ်ရယ် ပါသွားတယ်၊ အဲ့ဒါ ဒီမှာများ ကျန်ခဲ့တာ တွေ့မိသလားလို့ လာမေးတာ” ကျွန်မ ထိတ်ခနဲ ဖြစ်သွားလိုက်တာ မနေ့က အတိုင်းပါဘဲ။ ဘယ်လိုဖြစ်လို့များ ဒီရက်ပိုင်း ဒီလိုမျိုး ထိတ်လန့်စရာတွေချည်း ကြုံနေရတာလဲ။ ကျွန်မတို့ မနေ့က ပြန်တဲ့ နောက်ဆုံးအချိန်အထိ၊ ဘာပိုက်ဆံအိတ်မှ ကျန်ခဲ့တာ မရှိဘူးဆိုတာ သူ့ကို ပြောပြတယ်။ သူ့ပိုက်ဆံအိတ်က လာထဲက ပါမလာတာမျိုးရော မဖြစ်နိုင်ဘူးလား။ ကုတ်ဝဲမလေး ဆက်ပြောလာတဲ့ စကားကြောင့် ကျွန်မ ရုတ်တရက် လက်ထဲက ကိုင်ထားတဲ့ စားလက်စ ဇွန်းက ထမင်းချိုင့်ထဲ လွတ်ကျသွားတယ်။ “ ဒီကို ပိုက်ဆံအိတ်ပါလာတာ သေချာတယ်၊ ဘာလို့ဆိုတော့ ရေကူးဖို့ မန်ဘာကဒ်က မနေ့ကမှ စလုပ်ပြီး လာကူးတာလေ၊ မန်ဘာကဒ်တောင် အဲ့ဒီပျောက်တဲ့ အိတ်ထဲ ပါသွားသေးတယ်၊ ပိုက်ဆံအိတ် ထည့်သိမ်းခဲ့တဲ့ ကျောပိုးအိတ်က လော့ကာထဲမှာ သေချာ ထည့်ခဲ့တာပါ” ကုတ်ဝဲမလေးကို အုပ်ချုပ်ရေးမှူး ရုံးခန်းကို မဖြစ်မနေ လိုက်ပို့ပေးရတော့တယ်။ ဒီနေ့တစ်နေ့လုံး ကျွန်မရဲ့ မျက်စိကို လုံးဝမှ အလစ်မပေးရဲဘူး။ ရေကူးဖို့၊ ရေကူးပြီးလို့ ၀င်လိုက် ထွက်လိုက်လုပ်နေတဲ့ အရွယ်စုံ မိန်းမတွေဆီမှာရော၊ အခန်းက လော့ကာတွေကိုပါ သေချာသတိထား ကြည့်နေမိတယ်။ ပိုက်ဆံအိတ်ပျောက်တဲ့ ကုတ်ဝဲမလေးက ဘာမှ ပြဿနာမရှာပေမယ့် သူ့ပိုက်ဆံအိတ် ပျောက်တာများ တွေ့ခဲ့လို့ရှိရင် မှတ်ပုံတင်နဲ့ ကျောင်းသားကဒ် ပြန်ယူဖို့အတွက် ဖုန်းဆက်ပေးပါလို့ ရေကူးကန် အုပ်ချုပ်ရေးမှူးကို သွားအသိပေးခဲ့တာမို့ အမျိုးသမီးအဆောင် တာဝန်ကျတဲ့ ကျွန်မရော၊ စန်းသီပါ ကောင်းကောင်း ခေါ်အကြိမ်းခံလိုက်ရပါတယ်။ အလုပ်ချိန်အတွင်းမှာ အလုပ်ကို အာရုံမစိုက်တဲ့ စန်းသီအပေါ် ကျွန်မစိတ်တွေ မရှင်းတော့ပါဘူး။ စန်းသီလည်း စကားမများဝံ့ပဲ အလုပ်တွေ ကျုံးလုပ်နေတယ်။ အရင်လို အလျဉ်းသင့်သလို သူလုပ် ကိုယ်လုပ် လုပ်တာမျိုး မလုပ်တော့ပဲ၊ ကျွန်မ သန့်ရှင်းရေးလုပ်ချိန် စန်းသီက လူအ၀င်အထွက်နဲ့ လော့ကာကို စောင့်ကြည့်၊ ကျွန်မ လူစောင့်ချိန် စန်းသီက သန့်ရှင်းရေးလုပ်ဆိုပြီး တစ်နာရီခြားတစ်ခါ ဂျူတီချိန်းဖို့ စီစဉ်ထားပါတယ်။ ညနေပိုင်းမှာ ထုံးစံအတိုင်း လူကျလာပါတယ်။ အမျိုးသမီးအဆောင်တစ်ခုလုံး လူတွေ ၀င်လိုက်ထွက်လိုက်နဲ့ ရှုပ်နေတာပါဘဲ။ ကျွန်မ အိမ်သာတစ်ခုထဲ ၀င်ပြီး သန့်ရှင်းရေး ၀င်လုပ်တယ်။ လိုအပ်တဲ့ အိမ်သာသုံးစက္ကူကို ဖြည့်တယ်။ အမှိုက်ပုံးထဲက သုံးထားတဲ့ တစ်ရှုးစက္ကူတွေကို အမှိုက်အိတ်ထဲကို လောင်းထည့်လိုက်တယ်။ အဲ့ဒီမှာ ကျွန်မတွေ့လိုက်ရတာက ဆုတ်ဖြဲထားတဲ့ ကဒ်ထူအပိုင်းအစလေး။ အဲ့ဒီမှာ ကပ်ထားလျှက် တပိုင်းတစ်စသာ ပေါ်နေတဲ့ ကုတ်ဝဲမလေးရဲ့ မျက်နှာ။ ပျောက်ဆုံးသွားတဲ့ ပိုက်ဆံအိတ်လေးထဲက ကျောင်းသားကဒ် အစုတ်အပိုင်းအစလေးကို တွေ့လိုက်ရတော့ ကျွန်မရင်တွေ တထိတ်ထိတ် ခုန်လာတယ်။ ရေကူးကန်ရဲ့ အမျိုးသမီးအဆောင်မှာ သူခိုးတစ်ယောက် ရှိနေပြီဆိုတာ သေချာသွားပြီး ကျွန်မ ကျောထဲ စိမ့်သွားမိတယ်။ ကိုယ့်ကိုယ်ကိုယ်က လွဲလို့ ကျွန်မ ဘယ်သူ့ကိုမှ မယုံရဲတော့ဘူး။ ဒီအခန်းထဲမှာ ရှိနေတဲ့ ရေကူးဖို့လာသူ အသက်အရွယ်စုံ မိန်းမ ကြီးငယ်ထဲမှာ၊ သူတို့နဲ့ အဖော်ပါလာသူတွေထဲမှာ၊ အို.. ယုတ်စွအဆုံး ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့ စန်းသီတောင် ဖြစ်နေနိုင်သေးတယ်လို့ ကျွန်မ တွေးမိတယ်။ ဒီနေ့က သင်တန်းသမားတွေ သင်တန်းဆင်းပွဲနီးလို့ သင်တန်းဆရာတွေက ရေကူးတော်သူတွေကို စံချိန်တွေယူပြီး သေချာ လေ့ကျင့်ပေးနေကြတယ်။ အဲ့ဒီမှာ သင်တန်းသား တ၀က်လောက်က ညပိုင်းမှာ လာလေ့ကျင့်ကြတယ်။ ညနေ ၆နာရီထိုးတော့မှာ ဖြစ်ပေမယ့် ရေကူးကန်တစ်ခုလုံး လူတွေနဲ့ စည်ကားတုန်း။ ဒီနေ့ ကန်မှာ လူကျတော့ ကျွန်မရော စန်းသီပါ ပင်ပမ်းကြတယ်။ စန်းသီမျက်နှာလေး နွမ်းနေလို့ မေးကြည့်တော့… “ နေ့လည်က ဖုန်းလာတာ ရွာက အမေလေ၊ ငွေလိုလို့ လစာ ကြိုထုတ်ကြည့်ပါလားတဲ့၊ အခုမှ လ၀က်ရှိသေးတာ၊ နောက်ပြီး အလုပ်ဝင်တာမှ တစ်လတောင် မပြည့်သေးဘူးဆိုတော့ ဘယ်လို ဖြစ်နိုင်ပါ့မလဲနော်၊ မနက်ဖြန်တော့ ခွင့်နေ့ဝက်တင်ချင်တယ်၊ အင်းစိန်က ကြီးတော်ဆီက ငွေလေး နည်းနည်းလောက် သွားချေးကြည့်ချင်တယ်” စန်းသီတစ်ယောက် ဘာများ ထွင်ပြန်ပြီလဲလို့ ကျွန်မ တွေးလိုက်မိတယ်။ ခေါင်းကို ခါယမ်းလိုက်ရင်း ကျွန်မ ရင်ထဲက သံသယတွေကို ခါထုတ်ပစ်လိုက်တယ်။ “ အင်း….သွားလေ၊ ငါရှိသားပဲ၊ အုပ်ချုပ်ရေးမှူးကိုတော့ နင်ပြောသွား၊ သူ ခွင့်ပြုမှ ဖြစ်မှာ” ငွေကြေးမချောင်လည်တဲ့ ကျွန်မအတွက်လဲ စန်းသီရဲ့ ငွေကြေးအခက်အခဲကို ကူညီမပေးနိုင်ပါဘူး။ ဒါပေမယ့် မနက်ဖြန် သူ ခွင့်နေ့ဝက် ယူခဲ့ရင် သူ့အတွက်ပါ အလုပ်ပိုလုပ်ထားပေးမယ် ဆိုတာကိုတော့ အုပ်ချုပ်ရေးမှုးကို လိုက်ပြောပေးပြီး ကူညီနိုင်ပါတယ်။ စူးခနဲ ရေမွှေးရနံ့ ရလိုက်တာမို့ အခန်းအ၀ကို လှမ်းကြည့်လိုက်တော့ ထင်တဲ့အတိုင်း မမ။ “ ဒီနေ့ မမ နောက်ကျတယ်နော် ” လို့ ကျွန်မ လှမ်းပြောလိုက်တော့- “ဟုတ်တယ်… ကားတွေ အရမ်းကြပ်နေလို့လေ.. ပူလိုက်တာ.. ရေထဲ မြန်မြန်ဆင်းမှ” ဘာလိုလိုနဲ့ အချိန်က ညနေ(၆)နာရီ ရှိနေလေပြီ။ ညနေပိုင်း ပုံမှန်ဖောက်သည်တွေဖြစ်တဲ့ မမတောင် ရေထဲ ဆင်းသွားပြီ။ အစ်မဥမ္မာလည်း သူ့သူငယ်ချင်းနဲ့အတူ မရှေးမနှောင်း ရေထဲဆင်းသွားပြီ။ အစ်မဥမ္မာရဲ့ ၀တုတ်မလေးလဲ လွတ်လပ်ရေးရလို့ အခန်းထဲ တိုင်းခန်းလှည့်လို့ စပ်စုခန်းဖွင့်နေပြီ။ အခု တစ်နာရီက စန်းသီက အလှည့်ကျ စောင့်ကြည့်ရမယ့် အချိန်မို့ ကျွန်မလက်အိတ်တွေ ၀တ်လို့ အိမ်သာတွေ ဆေးကြောဖို့ ပြင်ဆင်လိုက်တယ်။ လွတ်နေတဲ့ အိမ်သာတွေကို တစ်လုံးပြီး တစ်လုံး၊ စိမ်ပြေနပြေ သန့်ရှင်းသွားအောင် ဆေးကြောနေမိတယ်။ အိမ်သာသုံးစက္ကူ လိုနေတာတွေ လိုက်ဖြည့်တယ်။ အဲ့ဒီနောက် ကြမ်းပြင်က အိုင်နေတဲ့ ရေတွေကို အုန်းတံမြက်စည်းနဲ့လှည်းလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဒီနေ့အတွက် ကျွန်မရဲ့ စိုးရိမ်ရေမှတ် အထွတ်အထိတ်ကို ရောက်စေမယ့် ကိစ္စကို စန်းသီက မျက်နှာပျက်ပျက်နဲ့ လာခေါ်ရင်း ပြောပြတယ်။ “ ရေကူးပြီးရင် သူ့အဖေလာကြိုတာကို ဂိမ်းဆော့ရင်း စောင့်နေတတ်တဲ့ ကောင်မလေးကို နင် သိတယ် မဟုတ်လား၊ သူ့ဖုန်းက ကွန်ပျူတာလို ပြားပြားလေးလေဟယ်..” “ ဟို.. ပန်းရောင်တွေပဲ ၀တ်တတ်တဲ့ တစ်ယောက်လား.. ” “ အေး..အေး…ဟုတ်တယ်.. သူ့ ဖုန်းကလည်း ထူးထူးခြားခြား ပန်းရောင်လေး၊ ဖုန်းကြိုးမှာလည်း ပန်းရောင် ယုန်ရုပ်လေး ချိတ်ထားလို့ နင်တောင် ငါ့ကို ပြသေးတယ်လေ၊ အခု အဲ့ဒီဖုန်း ပျောက်လို့တဲ့၊ ဟိုမှာ ရှာနေတုန်း” ပန်းရောင်မလေးဆီ ကျွန်မရောက်တော့ သူက ကျောပိုးအိတ်ပန်းရောင်လေးထဲ မျက်စိမျက်နှာပျက် လှန်လှောရှာလို့။ စပ်စုတတ်တဲ့ အစ်မဥမ္မာရဲ့ ၀တုတ်မလေးက ထုံးစံအတိုင်း အကွယ်က မျက်နှာသေလေးနဲ့ ချောင်းကြည့်လို့။ စန်းသီတစ်ယောက်ကတော့ တစ်ပတ်အတွင်း ဒုတိကအကြိမ် ပစ္စည်းပျောက်တာမို့ မျက်နှာအကြီးအကျယ် ပျက်လို့။
“ အဖေ့ကို စောင့်ရင်း ဖုန်းကစားမလို့ ထုတ်လိုက်တော့ မတွေ့တော့ဘူး” “ပါလာတာ သေချာလား” လို့ ကျွန်မ မေးမိတယ်။ “ သေချာတယ်၊ ကန်ထဲ မဆင်းခင် အိမ်နဲ့တောင် ဖုန်းဆက်လိုက်သေးတယ်၊ ကန်ထဲဆင်းတော့ လော့ကာထဲ ထည့်ပိတ်ထားတာပဲ၊ အခု မရှိတော့တာ ”
ကျွန်မ စိတ်တွေ ရှုပ်ထွေးနေတဲ့ကြားက ပြီးခဲ့တဲ့ ရက်က ပိုက်ဆံအိတ်ကို နှိုက်ယူထားတဲ့ သူနဲ့၊ အခု ဖုန်းကို နှိုက်ယူထားတဲ့သူ တစ်ယောက်ထဲဖြစ်မှာ သေချာနေလောက်ပြီလို့ တွေးဖြစ်အောင် တွေးလိုက်သေးတယ်။ အုပ်ချုပ်ရေးမှုးကို စန်းသီသွားခေါ်ပြီး ပြန်လာချိန်မှာပဲ၊ ပန်းရောင်လေးရဲ့ အဖေပါ အပြင်မှာ ရောက်နေတာ တွေ့ရတယ်။ အချိန်က ည(၇)နာရီခွဲသာသာ ရှိပေမယ့် ပြဿနာ တက်နေပြီမို့ ကန်စောပိတ်တဲ့ ၀ီစီမှုတ်သံကိုပါ ကြားလိုက်ရတယ်။ ရေကူးကန်ထဲက တက်လာသူတွေနဲ့ အခန်းထဲ ပြန်စည်ကားသွားတယ်။ အစ်မဥမ္မာနဲ့ မမအပါအ၀င် ၀တုတ်မလေးနဲ့ ပြန်တက်လာသူတွေ အားလုံး တီးတိုးသဖန်းပိုး လုပ်လို့၊ ခေါင်းတွေ သုတ်ရင်း ကျွန်မတို့ကို အဝေးကနေ လှမ်းကြည့်နေကြတယ်။ အုပ်ချုပ်ရေးမှုးက လော့ကာသော့တွေ စုထည့်ထားတဲ့ ဇကာလေးရှိရာဆီ သွားတော့ ပြန်တက်လာသူတွေ တစ်ယောက်တစ်လက် ယူလိုက်ကြတာမို့ ဇကာထဲမှာ သော့တစ်ချောင်းမှ မတွေ့တော့။ ပန်းရောင်လေးတို့ သားအဖကို အုပ်ချုပ်ရေးမှုးက ရုံးခန်းရှိရာဆီ ခေါ်သွားကြတယ်။ ကျွန်မနဲ့ စန်းသီကိုလည်း အလုပ် လက်စသပ်ပြီရင် ရုံးခန်းကို လိုက်ခဲ့ဖို့မှာတယ်။ စန်းသီ မျက်ရည်တွေ လည်လာတယ်။ “အရေးထဲ နင်က ဘာလို့ အဓိပ္ပါယ်မရှိ မျက်ရည်ကျချင်ရတာလဲ” စန်းသီကို စိတ်တိုတိုနဲ့ ကျွန်မ အော်ထည့်လိုက်မိတယ်။ တစ်ပတ်ထဲ နှစ်ကြိမ်ဆက်တိုက် ပစ္စည်းပျောက်ထဲက ကျွန်မတို့အတွက် အခြေအနေ မကောင်းတော့ဘူးဆိုတာ နှစ်ယောက်လုံးသိနေပြီ။ အလုပ်တွေ အမြန် လက်စသပ်ပြီးချိန်မှာတော့ ကျွန်မတို့တစ်နေ့တာ အလုပ်ခန်းလေးလဲ တိတ်ဆိတ်သွားပြီး၊ ရေကူးကန် ပတ်ဝန်းကျင်တ၀ိုက် တိတ်သွားလိုက်တာမှ ပရစ်အော်သံ တိုးသဲ့သဲ့သာ ကြားရတော့တယ်။ တစ်နေ့လုံး ဘောင်ဘင်ခတ် လှုပ်ရှားနေတဲ့ ရေကူးကန်ရဲ့ ကန်ရေပြင်လည်း ငြိမ်သက်သွားလေပြီ။ ကျွန်မရဲ့ ရင်ထဲမှာတော့ ဘယ်လိုမှ မငြိမ်သက်နိုင်ပါဘူး။ အုပ်ချုပ်ရေးမှုး ရုံးခန်းထဲရောက်တော့ ကျွန်မတို့ နှစ်ယောက်ကို စောင့်နေတဲ့ အုပ်ချုပ်ရေးမှုးကို မျက်နှာထားတင်းတင်းနဲ့ တွေ့ရတယ်။ ပန်းရောင်လေးတို့ သားအဖကိုတော့ မတွေ့ရတော့။ “ ဧည့်သည်တွေရဲ့ ပစ္စည်းတွေ ဒီရက်ပိုင်း အခုလို ပျောက်ပျောက်နေတာ မဖြစ်သင့်ဘူး၊ သူတို့ ပစ္စည်းတွေ လုံခြုံစိတ်ချမှု မရှိရင် နောက်ဆို ဘယ်သူမှ ဒီရေကူးကန်ကို လာကူးတော့မှာ မဟုတ်ဘူး၊ ဒီညတော့ မိုး အရမ်းချုပ်နေပြီ၊ ဒီကိစ္စကို သူဌေးက မနက်ဖြန် သူလာမှ ဆက်ရှင်းမယ် ပြောတယ်၊ မနက်ဖြန် နှစ်ယောက်လုံး အလုပ်မပျက်စေနဲ့၊ စောစောအရောက်လာ၊ ကြားလား” လှေကားအတိုင်း ဆင်းလာရင်းက စန်းသီတစ်ယောက် “ ဒီအတိုင်းဆို မနက်ဖြန် ခွင့်ယူလို့ မရတော့ဘူးပေါ့၊ အလုပ်ဖြုတ်ချင်လဲ ဖြုတ်ပါစေတော့၊ မတတ်နိုင်ဘူး.. မနက်ဖြန်တော့ ပိုက်ဆံ သွားချေးဖို့ နေ့တ၀က် ခွင့်ယူမှဖြစ်မယ်၊ နင်ကြည့်လုပ်ထားပေးနော်” လို့ ပြောလာတယ်။ ကျွန်မ စန်းသီကို မျက်စောင်းထိုး ကြည့်လိုက်မိရင်း ရင်ထဲ ဒေါသတွေ တလိမ့်လိမ့် လှိမ့်တက်လို့ လာတယ်။ “ပစ္စည်းခိုးတဲ့သူ ဘယ်သူလဲဆိုတာ သိလို့ကတော့ အစိမ်းလိုက်ကို ၀ါးစားပစ်လိုက်မယ်” လို့ ကျွန်မ နှုတ်က ရေရွတ်မိလျှက်သား ဖြစ်နေတယ်။ ခြံထိပ်ရောက်တော့ ပြန်ရမယ့်နေရာက ဆန့်ကျင်ဘက် တစ်နေရာဆီမို့ ကျွန်မ စန်းသီကို နှုတ်ဆက်ပြီး လမ်းခွဲလိုက်တယ်။ ဒီည ကျွန်မ အိပ်လို့တောင် ပျော်ပါ့မလားလို့ တွေးရင်း ကျွန်မခြေလှမ်းတွေက ကားမှတ်တိုင်ဆီ ဦးတည်လို့။ မှတ်တိုင်ရောက်တော့ ကားစောင့်နေသူတွေ ကြားမှာ လင်းလက်နေတဲ့ လမင်းတစ်စင်းကို ကျွန်မ မြင်တွေ့လိုက်တယ်။ မမက ကျွန်မကို ပြုံးလျှက်က လှမ်းနှုတ်ဆက်တယ်။ ဆံပင်ပုံစံ လှလှလေးကို ဖြန့်ချထားပြီး၊ အင်္ကျီလက်ပြတ် အ၀ါရောင်လေးနဲ့ မမက ညအချိန်မှာတောင် ပိုးစုန်းကျူးလေးလို တောက်ပပြီး လှလို့နေတယ်။ “ ကားမရသေးဘူးလား မမ” “ ဟုတ်တယ်၊ ကားကြောတွေ ပြတ်နေတယ်၊ စောင့်နေတာ ကြာပြီ၊ အိမ်ကို ပြန်ဖို့က ၂၃၇တစ်စီးပဲ စီးလို့ ရလို့ ဇွဲကောင်းကောင်းနဲ့ စောင့်နေတာလေ၊ ဒါနဲ့ ခုနုတုန်းကကိစ္စ ဘာဖြစ်သွားသေးလဲ၊ အေးအေးဆေးဆေး ပြီးသွားရဲ့လား” “ မအေးဆေးပါဘူး၊ လောလောဆည်တော့ ဆူ့ခံလိုက်ရပြီ၊ မနက်ဖြန် မနက်တော့ သူဌေးနဲ့ ကျွန်မတို့နှစ်ယောက် တွေ့ရမယ် ပြောတယ်၊ အလုပ်ပဲ အဖြုတ်ခံရမလား မသိပါဘူး” “ ကြားရတာ စိတ်မကောင်းလိုက်တာ၊ အရမ်းကြီးတော့ စိတ်မညစ်ပါနဲ့၊ အဆင်ပြေသွားမှာပါ..” ဖေးဖေးမမ အားပေးလိုက်တဲ့ မမ စကားအဆုံးမှာ သူ့အိတ်ထဲ လက်ကိုင်ဖုန်းလေးဆီက အသံလွင်လွင်လေး မြည်လာတယ်။ “ ခဏနော် ညီမလေး” လို့ ပြောပြီး အိတ်ထဲက မြည်နေတဲ့ ဖုန်းကို ဆွဲထုတ်လိုက်တဲ့ တစ်ခဏအတွင်းမှာပဲ မမအိတ်ထဲက ပစ္စည်းတစ်ခုက လျောခနဲ အောက်ကို ပြုတ်ကျသွားတယ်။ ကျသွားတဲ့ပစ္စည်းကို ကျွန်မ ကောက်ယူပေးလိုက်ချိန်လေးမှာ ဆုတ်ကိုင်ထားတဲ့ ကျွန်မ လက်ဖ၀ါးက အကြောတွေအားလုံး တုန့်ဆိုင်းသွားပြီး၊ ညအလင်းရောင်အောက်မှာ ရုတ်ချည်းဖြူဖျော့သွားတဲ့ မမရဲ့ မျက်နှာကို ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်မိတယ်။ အခြေအနေကို ကျွန်မ နားလည် သဘောပေါက်သွားတယ်။ ရေကူးနေတုန်း အပေါ့အပါးသွားမယ်ဆို အခန်းထဲ မကြာခဏ ပြန်ဝင်လာတတ်တာ…၊ အူတူတူ အတတ စန်းသီကို ကျွန်မအလစ်မှာ ဘယ်လို လှည့်စား၊ လှည့်ဖျားခဲ့သလဲဆိုတာ…။ သိပ်ကို မြန်ပါတယ်။ အဲ့ဒီ အခိုက်အတန့်လေးမှာ ဘာမပြောညာမပြော ကျွန်မလက်ထဲက ဖုန်းကို သူက ဆတ်ခနဲု အမြန်ဆွဲယူလိုက်တယ်။ သူ့ကို တားဖို့၊ မေးမြန်းဖို့် ဘာဆိုဘာ အခွင့်အရေးမှ မရလိုက်ပါဘူး။ မှတ်တိုင်က ထွက်ခွာကာနီး ဘတ်စ်ကားတစ်စီးပေါ် အပြေးအလွှား သူတက်သွားတယ်။ ထွက်သွားတဲ့ ကားနောက်ကျောကို မင်တက်ငေးမောကြည့်ရင်း မှတ်တိုင်မှာ ကျွန်မ ရင်တွေတုန်လို့ ကျန်ခဲ့ရတယ်။ ဘယ်သူမှ ကျွန်မတို့ အဖြစ်ကို မသိလိုက်ပါဘူး။ ဒါပေမယ့် လမ်းမီးရောင်အောက်မှာ ကျွန်မ မြင်ဖူး၊ ရင်းနှီးခဲ့ဖူးတဲ့ ပန်းရောင် ဖုန်းပြားပြားလေးက ကျွန်မရဲ့ သံသယအဖြေကို သေချာစေခဲ့ပါတယ်။ ကျွန်မ မျက်စိထဲမှာတော့ ဘယ်လိုမှ မလွဲနိုင်တဲ့ ပန်းရောင်ဖုန်းလေးရဲ့ ဖုန်းကြိုးမှာ တပ်ထားတဲ့ လှုပ်ယမ်းနေတဲ့ ယုန်ရုပ်ကလေးရဲ့ မျက်နှာက ကပ်ပါလာတယ်။ နောက်နေ့တွေမှာ ကျွန်မတို့ အားလုံး စိတ်ဝင်တစားနဲ့ ရေကူးကန်မှာ ရေလာကူးမယ့် ဖောက်သည်ကြီး မမကို မနက်(၈) နာရီထဲ ကန်စဖွင့်ထဲက သတိထားပြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် ည (၈)နာရီ၊ ကန်ပိတ်တဲ့ ၀ီစီသာ မှုတ်သွားတယ်၊ သူ ရောက်မလာခဲ့ပါဘူး။ နောက်နေ့… နောက်နေ့တွေမှာလည်း အလားတူစွာ………။ ကျွန်မနဲ့ စန်းသီအတွက်ကတော့ သတိရတိုင်း ပြောမိတဲ့ သူ့အကြောင်းက ဘယ်အချိန်ဖြစ်ဖြစ် ရိုးအီမသွားပါဘူး။
( ၂၂.၉.၂၀၁၂ – ဘလော့ဂါရန်အောင် ထုတ်ဝေတဲ့ အွန်လိုင်းမှ ဘလော့ဂါ၁၀ယောက် ပါဝင်ရေးသားထား သည့် “ သက်တံဆယ်စင်း” ရသစာစုများတွင် ပါဝင်ခဲ့သော ၀တ္တုတိုလေးပါ။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကြပါစေ။
**မြသွေးနီ**
-သံသယကန့်လန့်ကာ-

No comments:
Post a Comment