-မဲဆောက်မြို့ စက်ရုံနှစ်ရုံမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ မီးဘေးသင့် မြန်မာအလုပ်သမာများထံ ယနေ့ပေးအပ်-
(ဒီဇင်ဘာလ ၂၉ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အရှေ့ပိုင်း၊ ကန်ဘိဘန်းရပ်ကွက်ရှိ SPT Knitting Co,ltd (အရပ်အခေါ်-ပေါင်မုန့်ရုံ) ပြင်ပတန်းလျား၌ မီးဘေးသင့်ခဲ့ပြီးနောက် ဘ၀တူ မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာမျိုးစုံတို့က စားစရာပစ္စည်းများ၊ အလှူငွေများ လူ့အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ထိုသို့ လှူဒါန်းကြမှုများတွင်
ယနေ့ (ဒီဇင်ဘာလ ၂၉ ရက်) နေ့၌ အင်တာနစ်တင်းစက်ရုံနှင့် အပ္ပနားအထည်ချုပ်(အိမ်ရုံ) တို့မှ မြန်မာအလုပ်သမားများလည်း ပါဝင်ကြပါသည်။ အင်တာနစ်တင်းစက်ရုံမှ အလှူငွေ (၆၄၀၅ဘတ်) နှင့် ဆန် ၂ အိတ် ခြုံစောင်နှင့် အစာခြောက်အချို့ကိုလည်းကောင်း၊ အပ္ပနားအထည်ချုပ်ရုံ (အိမ်ရုံ)မှ ၂၅၀ ဘတ်၊ အ၀တ်အထည်နှင့် အစာခြောက်များကိုလည်းကောင်း လှူဒါန်းခဲ့ကြပါသည်။ ဤသို့ ဘ၀တူအလုပ်သမားအချင်းချင်း ကူညီရိုင်းပင်နိုင်ကြစေရန် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ မက်ပ်ဖောင်ဒေးရှင်းရေဒီယိုမှတဆင့် စေ့ဆော်တိုက်တွန်း ပေးခဲ့ခြင်းဖြစ်သည်။
(အင်တာနစ်တင်းစက်ရုံမှ ပစ္စည်းများ စုစည်းပြီး ကားပေါ်တင်နေကြစဉ် )
(အပ္ပနားအထည်ချုပ်(အိမ်ရုံ) မှ ပစ္စည်းများ စုစည်းနေကြစဉ်)
(စက်ရုံနှစ်ရုံမှ အလှူငွေနှင့် ပစ္စည်းများကို SPT စက်ရုံ မီးဘေးကယ်ဆယ်ရေး ကော်မတီထံလှူဒါန်းနေစဉ် )
JACBA မှ ဦးစီးပြီး အင်တာနစ်တင်းကုမ္မဏီမှ မန်နေဂျာအမျိုးသမီးကြီးနှင့် စက်ရုံအလုပ်သမား ၈ဦး တို့ပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် SPT စက်ရုံသို့ကွင်းဆင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယနေ့လှူဒါန်းပွဲသို့ ထိုင်းရုပ်မြင်သံကြားဌာနတစ်ခုဖြစ်သော PBS၊ မြန်မာ့ရုပ်မြင်သံကြား ဌာနတစ်ခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ DVB တို့မှ သတင်းသမားများကိုယ်တိုင်လာရောက်အားပေးသတင်းယူ ခဲ့ကြသည်။
(ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ SPTစက်ရုံပြင်ပတန်းလျား မီးလောင်ခဲ့စဉ်က )
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment