-နေ့သစ်အလက (၇) နှစ်မြောက် ဖြတ်သန်းမှုနှင့် ကံစမ်းမဲဖွင့်ပွဲ
မဲဆောက်မှာ ယနေ့ကျင်းပ-
(ဒီဇင်ဘာလ ၃၀ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)နေ့သစ်အလကကျောင်း၏ (၇) နှစ်မြောက် ဖြတ်သန်းမှုနှင့် ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ ယနေ့ကျင်းပသည်။
နေ့သစ်အလက ကျောင်းကို
မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏
ရှေ့ဆောင်လမ်းပြဖြစ်သော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် နေ့၌ ကြီးမှူးတည်ထောင်ခဲ့ပြီး စတင်တည်ထောင်စဉ်ကသောင်ရင်းမြစ်ကမ်းနဖူးဒေသ မယ်တော်ကျေးရွာအုပ်စု၊ လောစုရပ်ကွက်တွင် ကျောင်းသား ၂၅ ဦးဖြင့် မူကြိုအဆင့်၊ ထိုမှ ၂၀၀၆ ခုနှစ်တွင် ကျောင်းသား ၇၀ ခန့်ဖြင့် မူလတန်းကျောင်းအဆင့်၊ ထိုမှ ၂၀၀၈ ခုနှစ်တွင် ကျောင်းသား ၃၀၀ ခန့်ဖြင့် အကြိုအလယ်တန်းကျောင်းအဆင့် ထိုမှ ၂၀၀၉ ခုနှစ်တွင် ကျောင်းသား ၄၀၀ ခန့်ဖြင့် အလယ်တန်းကျောင်းအဆင့်၊ ထိုမှ ၂၀၁၀ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား ဦးရေ ၅၀၀ ကျော်သွားကာ အလှူရှင်အဖွဲ့အစည်း၏ အကန့်အသတ်တစ်ခုကြောင့် ကျောင်းသား ၅၀၀ ခန့်သာ ကျောင်းအပ်လက်ခံခဲ့ရပါသည်။
(မြိုင်မြိုင်ဆိုင်ဆိုင်မြူးမြူးကြွကြွှ ကျင်းပခဲ့တဲ့ ဒီကနေ့ပွဲ )
ဤသို့ဖြင့် (၂၀၁၁-၂၀၁၂) ပညာသင်နှစ် မှစ၍ မူလအမှတ် (၂) ကုတို့ဆိပ်အနီး၊ မဲဆောက်လ၀ကရုံးနောက်ကျောရှိ ကျောင်းမြေနေရာမှ လက်ရှိ ထဆိုင်လွတ် (၁) ရပ်ကွက်၊ စည်ပင်သာယာရေးရုံးဘေးသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ပါသည်။ ယနေ့ကံစမ်းမဲဖွင့်ပွဲသည် နေ့သစ်အလကကျောင်း၏ (၇) နှစ်ပြည့်မြောက်ခြင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အချင်းချင်းသွေးစည်းချစ်ကြည်ခြင်းကို ပြသလို၍ ဖြစ်သည်။ မဲဆောက်မြို့နယ်နှင့် တာ့(ခ်)ခရိုင် တာ့(ခ်)မြို့နယ်၊ ဖုတ်ဖရမြို့နယ်၊ မယ်ရမတ်မြို့ ၄ ခုသို့ (၁၀) ဘတ်တန် ကံစမ်းမဲများဖြန့်ဝေခဲ့ကြကာ ၂၀၁၂ မော်ဒယ် မော်တော်ဆိုင်ကယ်တစ်စီး၊ ထိုင်းရွှေဆွဲကြိုးတစ်ကုံး၊ ရေခဲသေတ္တာတစ်လုံး စသည့် ဆုမဲကြီးများမှ မွေ့ယာ၊ စားပွဲခုံ ဆုမဲငယ်အထိ ပါဝင်ပါသည်။ အဆိုပါ ၄ မြို့နယ်ရှိ စက်ရုံအလုပ်ရုံ အချို့၊ စိုက်ပျိုးရေး လုပ်ငန်းခွင်မှ တန်းလျားအချို့၊ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ အမှတ် ၁၆ ကုတို့ဆိပ်မှ ဆိုင်ကယ်ပေါက်မဲရှင်စသည်ဖြင့် ဆုမဲများပေါက်ခဲ့ကြပါသည်။ ကဲ…ဒီကနေ့ အခမ်းအနားနဲ့ ကံစမ်းမဲဖွင့်ပွဲ မြင်ကွင်းတချို့ကို ကြည့်ကြရအောင်။
(ဒုတိယဆုရွှေဆွဲကြိုးပေါက်မဲရှင်အားဆုချီးမြှင့်နေစဉ်)
(ဟောဒါက မြန်မာ့ယဉ်ကျေးမှုနှင့်အညီ မော်ဒယ်ရှိုး)

(ပထမဆု မော်တော်ဆိုင်ကယ်ပေါက်မဲနှိုက်နေကြစဉ်)
(ပထမဆု မော်တော်ဆိုင်ကယ်)
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment