ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 12, 2013

>
-မိရွှေအ-
(၁)

သူမနာမည်အရင်းက ချစ်သဲနု ဖြစ်၏။ သို့သော် လူတိုင်းက သူမကို မိရွှေအ ဟုခေါ် ကြသည်။ ထိုသို့ခေါ်ရသည့် အကြောင်းအရင်းက သူမ စကားမပြောတတ်သောကြောင့်ဖြစ်သည်။ မွေးရာပါ ဆွံ့အဝေဒနာသည် လေးဖြစ်သည့် သူမကို မိဘနှစ်ပါးက သနားစိတ်နှင့် အချစ်ပိုခဲ့သည်။ သူမက စကား မပြောတတ်သော်လည်း ချစ်စရာ ကောင်းလှ၏။ မိဘများ၏ မေတ္တာကွန်ယက်ကလည်း သူမဘဝကို လွှမ်းခြုံအေးမြစေခဲ့၏။ သူမ ဆယ်နှစ်သမီးအရွယ်တွင် လယ်ထဲသွားသည့်မိဘနှစ်ပါး ပိုးထိကာကွယ်လွန်သွားခဲ့သည်။ ထိုအချိန်ကစပြီး သူမဘဝ ငရဲကျခဲ့ရခြင်းဖြစ်သည်။ ငိုကြွေးခြင်းမှလွဲ၍ လောကကြီးအကြောင်း မသိသေးသည့် သူမကို တာဝန်ယူမည့်သူမရှိ။ နွေးထွေးယုယမည့်သူဟူ၍ ဗလာနတ္ထိ။ သို့သော် သူမအတွက် အလှည့်အပြောင်းတစ်ခုကြုံလာခဲ့၏။ မြို့ကလာသည့် မိန်းမ ကြီးတစ်ယောက်က သူမကိုမွေးစားမည်တဲ့။ သူမကို မွေးစားမည့်ကိစ္စအတွက် တားမြစ်ကန့်ကွက်မည့်သူတစ်ယောက်မှ မရှိ။ သူမကို ခဏလေးခေါ်ထားရသည့် ဒေါ်ထားစိန်ကလည်း ဝမ်းသာအားရပင်ထည့်လိုက်၏။ ထိုအချိန်ကစပြီး ယိုင်နဲ့နဲ့ တဲအိမ် လေးနှင့် ရွာကလေးကို သူမ အပြီးအပိုင်ခွဲခွာခဲ့ရ၏။ မိန်းမကြီးခေါ်ဆောင်လာသော မြို့ကြီးသို့စရောက်စဉ်က သူမ အရမ်းပျော်ရွှင်ခဲ့ရ၏။ မိန်းမကြီးက သူမကို အဝတ် အစားတွေဝယ်ပေးသည်။ မုန့်တွေလည်းဝယ်ကျွေးသည်။ သူစိမ်းမိန်းမတစ်ယောက် ၏လက်ထဲတွင် သူမ မိုးမမြင် လေမမြင် ပျော်ရွှင်ခဲ့ရသည်။ သို့သော် သူမ ပျော်ရွှင်ရသည့်အချိန်က အခိုက်အတန့်ကလေးမျှသာဖြစ်၏။ တစ်နေ့တွင် မိန်းမကြီးက သူမကို အလွန်ကြီးကျယ်ခမ်းနားသည့် အိမ်ကြီးသို့ခေါ်ဆောင်လာခဲ့၏။ နန်းတော်ကြီးတမျှလှပလွန်းသော အိမ်ကြီးကို ကြည့်ပြီး သူမ အရမ်း ပျော်ရွှင်ခဲ့ရ၏။ သူမတို့ အိမ်ကြီးထဲသို့ရောက်သွားသည့်အချိန်မှာတော့ မျက်နှာထားတင်းမာသည့် မိန်းမကြီး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ကိုတွေ့ရ၏။ မိန်းကလေးမှာ သူမနှင့် အရွယ်တူ လောက်ပင်ဖြစ်၏။ သို့သော် မျက်နှာထားမှာ အသက်အရွယ်နှင့်မလိုက်ဖက်အောင် တင်းမာ လွန်းလှ၏။ သူမကိုခေါ်လာသော မိန်းမကြီးက ခုံပေါ်တွင်ဝင်ထိုင်လိုက်ပြီး သူမကတော့ တဖိတ်ဖိတ်အရောင် တောက်နေသည့် ကြမ်းခင်းပေါ်တွင် ထိုင်ရ၏။ မိန်းမကြီးတို့သည် အတန်ကြာသည်အထိစကား ပြောနေကြသည်။ သူတို့ပြောစကားများကို သူမ စိတ်မဝင်စားအားချေ။ လှပသောအိမ်ကြီးကိုသာ သူမ ငေးမောကြည့်နေမိခဲ့သည်။ ခဏကြာသောခါ သူမကိုခေါ်လာသည့်မိန်းမကြီးက ငွေတစ်ထပ်ကိုယူ၍ထွက်သွား၏။ သူမကို တစ်ချက်မျှပင် ငေးကြည့်မသွားခဲ့ပါ။ သူမတစ်ယောက်တည်းသာ ယောင်ချာချာနှင့်ကျန်ရစ်ခဲ့ သည်။ ခဏလေးအတွင်းမှာပင် ကြောက်စိတ် က နေရာအနှံ့စီးဝင်လာခဲ့သည်။ ထိုစဉ်မှာပင် အိမ်ကြီးထဲမှ ပိန်လှီပါးလှပ်ပြီးအလွန်အရုပ်ဆိုးသည့်မိန်းမကြီးတစ်ယောက် ထွက်လာသည်။ ထိုမိန်းမကြီးနာမည်က ဒေါ်ဇာယု တဲ့။ ဒေါ်ဇာယုက သည်အိမ်ကြီး၏ အိမ်ဖော်ဖြစ်သည်။ ဒေါ်ဇာယုက သူမ အားဆောင့်ဆွဲကာ အခန်းတစ်ခုထဲသို့ခေါ်သွားခဲ့၏။ ထိုအခန်းသည် အိမ်ကြီးနှင့်အလွန်ခြားနားလေသည်။ အမှိုက်သရိုက်များ ပင့်ကူမျှင်များနှင့်ပြည့်နှက်နေကာ အောက်သိုးသိုးအနံ့ပင်ရရှိနေခဲ့၏။ ထိုအခန်းကို သူမ အချိန်အကြာကြီးရှင်းလင်းခဲ့ရသည်။ ထိုအချိန်မှစ၍ သူမအားမွေးစားမည်ဆိုသောမိန်းမကြီးသည် လုံးဝပေါ်မလာတော့ပါ။ သူမသည် ဒေါ်ဇာယု ခိုင်းသည့် အိမ်အလုပ်များကို မနားတမ်းလုပ်ရသည်။ သူမ အလုပ်တစ်ခုမှားယွင်းသွား လျှင် ကြိမ်လုံးနှင့်အရိုက်ခံရသည်။ ထမင်းလည်း မစားရတော့ပါ။ သူမသည် အိမ်ကြီး၏သခင်မ ဒေါ်မြခက် ခိုင်းသမျှလည်းလုပ်ရသေးသည်။ တစ်ခုခုမှားယွင်းခဲ့လျှင် ခေါင်းကို အခေါက်ခံရ၏။ သူမက ဒေါ်မြခက်၏သမီး နီလာခက်၏ ခိုင်းဖော်ခိုင်းဖတ်လည်းဖြစ်သေးသည်။ နီလာခက်ကလည်း သူမကို မထင်လျှင် မထင်သလို ရိုက်နှက်တတ်သည်။ နီလာခက်ကို သူမ အရမ်းမုန်းသည်။ ဒေါ်မြခက်နှင့် ဒေါ်ဇာယုကိုလည်း မုန်းသည်။ သည်အိမ်ကြီး ကိုလည်း သူမ မုန်းမိသည်။ တစ်နေ့လုံးမနားမနေလုပ်ရပြီးလျှင် သူမ၏ညစ်သိုးသိုးအခန်းထဲတွင် ငိုကြွေးခဲ့ရသည်။ ငိုကြွေးရင်း မိုးလင်းခဲ့ရ သည့်အကြိမ်ပေါင်းကလည်း များလွန်းခဲ့ပြီဖြစ်သည်။ ဆယ်နှစ်ရှိခဲ့ပါပြီ ..။ သူမဘဝ သည်အိမ်ကြီးထဲတွင် ငရဲခံခဲ့ရသည်မှာ ဆယ်နှစ်တိတိကြာမြင့်ခဲ့ပါပြီ။ အခုဆို သူမ အသက် နှစ်ဆယ် ပြည့်ခဲ့ပြီဖြစ်သည်။ ဆယ်နှစ်တာကာလအတွင်း သူမတွင် နာမည်တစ်ခုထပ်တိုးလာခဲ့သည်။ ထိုနာမည်က အိမ်ဖော်မိရွှေအ တဲ့။  

(၂) 

အိမ်ကြီးတစ်ခုလုံးလှုပ်ရှားအသက်ဝင်နေခဲ့သည်။ ဒေါ်မြခက်ကိုယ်တိုင်ပင်လျှင် ဂနာမငြိမ်သလို ခြံဝသို့လည်ပင်း ရှည်ထွက်မတတ်ကြည့်နေခဲ့သည်။ နီလာခက်သည်လည်း ရေမိုးချိုးကာအခန်းထဲ ဝင်သွားပြီးကတည်းကထွက်မလာတော့ပါ။ ဒေါ်ဇာယုနှင့် သူမသည်သာ မနားမနေနှင့်အလုပ်လုပ် နေခဲ့ရသည်။ မနက်အစောကြီးကတည်းက အိမ်ကြီးတစ်ခုလုံးကိုသူမသန့်ရှင်းရေးလုပ်ရသည်။ ခြံထဲတွင်လည်း သူမသာ သန့်ရှင်း ရေးလုပ်ရသည်။ ပြီးသည်နှင့် မီးဖိုချောင်ထဲတွင် ဒေါ်ဇာယု ညွှန်ကြားသည့်အတိုင်း ချက်ပြုတ်ရသည်။ သည်နေ့တော့ သူမ တော်တော်ပင်ပန်းပါသည်။ မနားမနေရလုပ်နေရသည်မို့ သူမ ခွေလဲချင်နေပြီဖြစ်သည်။ ဟင်းကလည်းအမယ်ပေါင်းများစွာ ချက်ပြုတ်ရသည်။ ဒေါ်ဇာယုက သူမလုပ် သမျှ မျက်လုံးဒေါက်ထောက်ကြည့်နေခဲ့သည်။ သူမလုပ်သမျှ စိတ်တိုင်းကျသည် ဟူ၍မရှိသော ဒေါ်ဇာယုသည် သူမတစ်ခုမှားသည်နှင့် ခေါင်းခေါက်ရန်အဆင်သင့်ဖြစ်နေခဲ့သည်။ ပင်ပန်းနေသည့် အကြားက သူမခေါင်းကလည်း ကျိန်းစပ်နာကျင်နေခဲ့သည်။

 သည်နေ့တော့ ဒေါ်မြခက်တို့အတွက် မင်္ဂလာရှိသောနေ့တစ်နေ့ဟု သူမ ပြောသံကြားမိသည်။ အိမ်သို့ ဧည့်သည်လာမည်တဲ့။ ထိုဧည့်သည်က နီလာခက်နှင့်လက်ထပ်မည့်သတို့သားလောင်းတဲ့။ ဒေါ်မြခက်တို့က တစ်ခုမှအတိမ်းအစောင်း မခံ။ လိုအပ်သမျှ သူမသာ ဒိုင်ခံလုပ်ပေးရသည်။ သူတို့ လက်ညှိုးညွှန်သမျှ သူမ မနားမနေလုပ်ရ၏။ သူမ အတွက်တော့ နေ့ရက်တိုင်းက အမင်္ဂလာနေ့ပင် ဖြစ်သည်။ ခဏနေတော့ အိမ်ပေါ်ထပ်မှ နီလာခက်ဆင်းလာ၏။ သစ်လွင်သည့်အဖိုးတန်အဝတ်အစားများနှင့် လှပနေသည့် နီလာခက်ကို သူမငေးကြည့်နေမိခဲ့သည်။ နီလာခက်၏ တင်းမာခက်ထန်သည့်အကြည့် ကိုမြင်လိုက်ရစဉ် သူမ မျက်နှာလွှဲလိုက်မိ၏။ နီလာခက်က သူမဆီလျှောက်လာကာ .. “ ညည်းကိုပြောထားရဦးမယ်၊ အခုလာမယ့်ဧည့်သည်ကို ဘာတစ်ခုမှမတိမ်းစောင်းစေနဲ့၊ တစ်ခုခု မှားယွင်းလို့ကတော့ ညည်းသေပြီသာမှတ် ” သူမ ရိုကျိုးစွာခေါင်းညိတ်ပြလိုက်မိ၏။ ငုံ့လျှိုးရလွန်းပြီဖြစ်သည့်သူမခေါင်းသည် မြေပြင်နှင့်သာ အဖော်ဖြစ်ခဲ့ရ၏။ ကောင်းကင်ကိုတော့ သူမ မောကြည့်ခွင့်မရှိ။ သူမသည် ခိုတွယ်စရာရင်ခွင်မဲ့ သော ငှက်တစ်ကောင်။ အတောင်ရှိသော်လည်း ပျံသန်းခွင့်မရှိ။ အမှောင်သည်သာ သူမနှင့် အသားကျခဲ့ပြီထင်သည်။ ထိုစဉ် အိမ်ရှေ့မှကားသံကို သူမကြားလိုက်ရသည်။ ဒေါ်မြခက်တို့ဝမ်းသာအားရပြေးထွက်သွားကြ၏။ သူမကတော့ မီးဖိုချောင်ထဲတွင်ပင် လုပ်စရာရှိသည်ကိုလုပ်နေလိုက်သည်။ “ ဟဲ့ မိရွှေအ .. ဘာလုပ်နေတာလဲ၊ အအေးတွေယူသွားလေ ” ဒေါ်ဇာယု၏အသံကြောင့် သူမ ထိတ်ကနဲတုန်သွား၏။ ခပ်မြန်မြန်လေးခေါင်းညိတ်ပြကာ အအေးဗန်း ကိုယူလျှက် ထွက်လာခဲ့၏။ ဧည့်သည်ကတစ်ယောက်တည်းဖြစ်၏။ နီလာခက်တို့၏မျက်နှာပေါ်တွင် သကာရည်လောင်းထားသလို အပြုံး တို့ကဖိတ်လျှံနေခဲ့၏။ သူမ အအေးကိုချပေးကာ အိမ်ထဲဝင်ရန် jပင်လိုက်စဉ် ဧည့်သည်ထံမှစကားသံထွက်လာခဲ့၏။ “ နေပါဦး .. ဒါကမင်းဖျော်ထားတာလား ” ထိုသူ၏စကားသံအဆုံးတွင် သူမ ထိတ်လန့်တုန်လှုပ်စွာခေါင်းညိတ်မိသွား၏။ တစ်ခုခုများမှားလို့ လား။ သူမ ဖျော်ထားသည့်အအေးက မကောင်းလို့လား။ ခေါင်းထဲတွင် အချက်ပေးသံများဆူညံ သွား၏။ သို့သော် သူမ တုန်လှုပ်စွာ ရပ်နေမိဆဲဖြစ်သည်။ ထိုသူသည် အအေးကိုယူကာ တစ်ငုံ aသာက်လိုက်၏။ ပြီးနောက် သူမကိုကြည့်ကာ .. “ သောက်လို့ကောင်းတယ်၊ ဒါဘယ်လိုဖျော်ထားတာလဲ ” သူမ ထိုသူ့ကို ဘယ်လိုပြန်ဖြေရပါ့မလဲ။ သူမမှ စကားမပြောတတ်တာ။ သူမ ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့၏။ ရှက်ရွံ့သိမ်ငယ်မှုကလည်း နေရာအနှံ့မှတိုးဝင်လာခဲ့၏။ နီလာခက်၏ဒေါသထန် သည့်အကြည့်ကိုလည်း သူမကြောက်လှပါပြီ။ ဖြစ်နိုင်လျှင် ထိုနေရာမှ သူမထွက်ပြေးသွားချင်မိသည်။ သို့သော် အေးစက်ဆွံ့အစွာ သူမရပ်နေမိဆဲဖြစ်၏။ “ ကိုမင်းကလည်း၊ သူမှစကားမပြောတတ်တာ၊ သူ့နာမည်က မိရွှေအ တဲ့၊ နီလာတို့အိမ်က အိမ်ဖော်လေ ” “ သြော် .. သနားစရာပဲကွာ ” နေရာအနှံ့မှတိုးဝင်လာသည့်သိမ်ငယ်မှုများကိုတွန်လှန်းရင်း သူမတုန်လှုပ်နေမိ၏။ အရှိန်ပြင်းပြင်း စီးကျရန်အားယူ နေသည့်မျက်ရည်များကိုလည်း ပုတ်ခတ်ဖယ်ရှားနေမိသည်။ ထိုသူ၏ ဂရုဏာ မျက်ဝန်းကိုကြည့်ပြီး သူမ ဝမ်းနည်းမိသည်။ လောကတွင် သူမကို ဂရုနာသက်သည့်သူရှိသေးသည် ပဲ။ “ ဟဲ့ .. မိရွှေအ၊ မသွားသေးပဲ ဘာရပ်လုပ်နေတာလဲ၊ ခဏနေထမင်းစားမှာ၊ အဆင်သင့်ပြင် ထား ” သူမ ခေါင်းညိတ်ကာ လှည့်ထွက်လာခဲ့သည်။ ထိုသူ၏ဂရုဏာမျက်ဝန်းတစ်စုံက သူမအာရုံထဲ အထိကပ်ငြိပါလာခဲ့၏။ ထိုသူသည် နီလာခက်နှင့်လက်ထပ်မည့်သူ။ သူမနှင့်မဆိုင်သော်လည်း နာကျင်နေသည့်နှလုံးသားအတွက် သူမ အဖြေရှာ မတတ်။ သူမဘဝက ဒုက္ခနှင့်ဖွားဖက်တော် ဖြစ်၏။ ဒုက္ခနှင့်အဖော်ပြုရင်းနေလာခဲ့သည်မှာကြာခဲ့ပြီ။ သို့သော် နောက်ထပ် ဒုက္ခ တွေရောက် မလာစေချင်တော့ပါ။ ဒုက္ခကင်းသည့်နေရာတစ်ခုတွင် သူမ ခေတ္တခဏမျှခိုဝင်ခွင့်ရလျှင်ပင် သူမ ကျေနပ်မိပြီဖြစ်သည်။ 

 (၃) 

သူမတစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေမိသည်။ ဆာလောင်သည့်ဝေဒနာကလည်း သူမကို ခပ်ပြင်း ပြင်းနှိပ်စက်နေခဲ့သည်။ ကြမ်းခင်းပေါ်ကျသွားသည့်မျက်ရည်စက်များကို တစ်ယောက်ယောက်မြင် သွားမည်စိုးသဖြင့် အမြန်သုတ်လိုက်ရ၏။ ဧည့်သည်ကိုမြူဆွယ်သည်ဟုဆိုကာ နီလာခက်က သူမ ကိုရိုက်နှိက်၍ ထမင်းမကျွေးပဲပစ်ထားခဲ့သည်။ တကယ်တော့ သူမ ဘာကိုမှမြူဆွယ်ဖြားယောင်းခြင်း မရှိခဲ့ပါ။ အပြစ်မရှိ အပြစ်ရှာမှန်းသိသော်လည်း ဖြစ်သမျှ သူမ အမှားများသာ။ သူမသည် သေဆုံး သည်အထိ ဒုက္ခပေါင်းများစွာနှင့် မှားယွင်းနေဦးမည်ထင်သည်။ ဒေါ်မြခက်နှင့်နီလာခက်က မင်္ဂလာဝတ်စုံချုပ်မည်ဟုဆိုကာထွက်သွားကြသည်။ ဒေါ်ဇာယုက သူမကို အလုပ်ပေါင်း များစွာနှင့်ထားခဲ့ကာ သွားအိပ်နေပြီထင်သည်။ သူမသည်သာ အလုပ်ဟူသမျှတစ်ခုပြီး တစ်ခုလုပ်နေခဲ့ရသည်။ ပင်ပန်းသည့် ဒဏ် ဆာလောင်သည့်ဒဏ် နာကျင်သည့်ဒဏ်ရာတို့နှင့် သူမ ပျော့ခွေချင်နေပြီဖြစ်သည်။ သို့သော် သူမ အနားမယူရဲပါ။ နီလာခက်တို့ပြန်လာ၍ အလုပ်မပြီးလျှင် သူမ ပို၍နာကျင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ပျော့ခွေလာသည့်စိတ်ကိုတင်းကာ နီလာခက်၏ အခန်း ကိုသန့်ရှင်းရေးဝင်လုပ်ရပြန်သည်။ “ ဘာဖြစ်လို့ငိုနေတာလဲ၊ ဟိုသားအမိနှိပ်စက်ကြပြန်ပြီလား ” အသံမပေးပဲဝင်လာသည့်သူကိုကြည့်ပြီး သူမထိတ်လန့်သွားမိ၏။ အခန်းထဲတွင် သူမနှင့် သူ နှစ်ယောက်တည်းသာ။ ဒေါ်ဇာယုသာမြင်သွားခဲ့လျှင် သူမဘဝသွားပြီ။ နောက်ထပ်သူမ နှိပ်စက် ခံရဦးမည်။ သူမ ခြေဟန်လက်ဟန်ဖြင့် နီလာခက်တို့ မရှိကြောင်း သူ့ကိုပြောမိသည်။ သူသည် သူမပြောသမျှကိုစိတ်ဝင်စားဟန်မရှိ။ သူမကိုသာ စိတ်မကောင်းသလိုကြည့်နေခဲ့၏။ “ ကိုယ်သိပါတယ်၊ သူတို့မင်္ဂလာဝတ်စုံသွားချုပ်နေတာမဟုတ်လား ” သူမ လျှင်မြန်စွာခေါင်းညိတ်ပြလိုက်မိသည်။ သို့မှသာ သူ မြန်မြန်ပြန်သွားပေလိမ့်မည်။ သူမနှင့်သူ အတူရှိနေသည် ကို တစ်ယောက်ယောက်မြင်ခဲ့လျှင် သူမသက်သာမည်မဟုတ်။ သူ့ကိုလည်း မြန်မြန် ပြန်စေချင်လှပြီဖြစ်သည်။ သို့သော် သူမ တွင် သူ့ကိုနှင်လွှတ်ပိုင်ခွင့်မရှိပါ။ သူသည် နီလာခက်နှင့် လက်ထပ်မည့်သတို့သားလောင်း။ ထို့ကြောင့် သူ မြန်မြန်ပြန်သွား ပါစေဟုသာ သူမ ဆုတောင်းမိ သည်။ “ အလကား အပိုအလုပ်တွေပါကွာ၊ ကိုယ်ကမှ သူ့ကိုလက်ထပ်မယ်လို့မပြောရသေးတာ၊ ကိုယ် တကယ်ချစ်တာက မင်းကိုပဲ၊ ကိုယ့်ကိုမင်းလက်ထပ်နိုင်မလား ” သူမ မယုံကြည့်နိုင်စွာခေါင်းကိုခါရမ်းနေမိသည်။ သူမလိုစကားမပြောနိုင်သည့်အိမ်ဖော်တစ်ယောက် ကို သူလက်ထပ် မည်တဲ့။ မဖြစ်နိုင်သောစကားတစ်ခွန်းအတွက် သူမ ရင်မခုန်နိုင်။ ကြောက်ရွံ့ ထိတ်လန့်သောစိတ်ဖြင့်သာ သူမတုန်လှုပ်နေမိ သည်။ တစ်စုံတစ်ယောက်က သူမတို့နှစ်ယောက် အားမြင်သွားမည်ကိုသာ သူမကြောက်မိသည်။ “ ဘာလဲ .. ကိုယ့်ကိုမယုံဘူးလား၊ ကိုယ် မင်းကိုစတွေ့တွေ့ချင်းချစ်မိခဲ့တာ၊ မင်းကလွဲပြီး ကိုယ် ဘယ်သူ့ကိုမှ လက်မထပ်ဘူး ” သူ့စကားကို သူမခေါင်းခါရင်း လက်တကာကာဖြင့်ငြင်းဆန်နေမိ၏။ ထိုစကားလုံးတွေကို သူမ ကြောက်သည်။ သူမ ဘဝသည် ထိုသို့ အနုအရွအလှအပစကားလုံးများအကြားပျော်ဝင်ခွင့် ရှိသည့်အနေအထားမျိုးမဟုတ်။ သူမသည် ဒုက္ခိတ။ သူမသည် တစ်အိမ်လုံး၏အောက်ခြေသိမ်း အလုပ်မှန်သမျှလုပ်ရသည့် အိမ်ဖော်တစ်ယောက်။ ဒေါ်မြခက်တို့သားအမိ၏ ကြိုးဆွဲရာကနေရ သည့် အရုပ်တစ်ရုပ်။ သူမသည် ပင်မြင့်စံဖြစ်ခွင့်မရှိသည့်လူတစ်ယောက်မှန်း သူမသိ၏။ နောက်ထပ်ဆက်ပြောလာမည့် ထိုသူ၏စကားလုံးများကို သူမကြားရမည်ကိုကြောက်ရွံ့လာ၏။ နီလာခက်တို့ပြန် ရောက်လာ၍တွေ့သွားခဲ့လျှင် သူမ သက်သာမည်မဟုတ်။ ထို့ကြောင့် သူ့ရှေ့မှ သူမပြေးထွက်လိုက်မိ၏။ သို့သော် သူမ ထွက်ပြေးခွင့်မရလိုက်ပါ။ ထိုသူ၏လှမ်းဆွဲလိုက်မှုကြောင့် သူမ ဟန်ချက်ပြက်ကာလဲကျသွားခဲ့သည်။ ထိုသူ၏ရင်ခွင်ထဲသို့ သူမရောက်ရှိသွားခဲ့သည်။ ရှက်ရွံ့မှုနှင့်ထိတ်လန့်မှုတို့ပေါင်းဆုံကာ သူမ တုန်လှုပ်သွားမိသည်။ သူစိမ်းယောကျာ်းတစ်ယောက် ၏ရင်ခွင်ထဲတွင် ရှိနေခဲ့သည့်အဖြစ်ကို သူမရှက်မိ၏။ ထိုအဖြစ်အားတစ်ယောက်ယောက်မြင်သွား မည်ကိုလည်းသူမကြောက်ရွံ့မိ၏။ ထို့ ကြောင့် ခေါင်းကိုအသေခါရမ်းကာ သူ့အား သနားခံသော အကြည့်ဖြင့်ကြည့်မိ၏။ ဝူးဝူးဝါးဝါးဖြင့်အော်ဟစ်ရင်း သူ့ကို တောင်းပန်မိ၏။ သို့သော် သူမအားဖက်တွယ်ထားသည့် သူ့လက်တွေက ပို၍တင်းကြပ်လာခဲ့၏။ သူမသည် အချိန် မရွေးကြွေလွင့် သွားနိုင်ကြောင်း တုန်လှုပ်စွာသိလိုက်ရ၏။ သို့သော် ထိုသူ၏ကျော့ကွင်းထဲမှသူမ ရုန်းထွက်ခွင့်မရခဲ့ပါ။ သူမ၏ဘဝ အမှောင် ကမ္ဘာ ထဲသို့လွင့်စင်သွားခဲ့ရသည်။ ထိုနေ့သည် သူမ အတွက် မျက်ရည်များဖြင့်ခင်းကျင်းခဲ့သော ကမ္ဘာပျက်သည့်နေ့ဖြစ်ခဲ့ရ လေသည်။

 (၄) 

သူမအတွက် နောက်တစ်ခါကမ္ဘာပျက်ရသည့်နေ့က နီလာခက်တို့လက်ထပ်သည့်နေ့ဖြစ်၏။ နီလာခက်နှင့် သူ စည်ကားစွာလက်ထပ်ပွဲကျင်းပနေသည့်အချိန်တွင် သူမက ညစ်နွမ်းနေသည့် အခန်းကျဉ်းလေးထဲတွင်ငိုပွဲဆင်နေခဲ့ရသည်။ ပါးစပ်ကထွက်ကျလာသည့်စကားတစ်ခွန်းကို တာဝန် မယူနိုင်ခဲ့လျှင် သူမလိုစကားမပြောနိုင်ခြင်းက ပို၍တန်ဖိုးရှိပါသည်။ တန်ဖိုးမဲ့စကားတစ်ခွန်းနှင့် သူမ ဘဝကြွေပျက်ခဲ့ရသည့်နေ့တစ်နေ့သည် သူ့အတွက် အိပ်မက်တစ်ခုလောက်အရာမထင်ခဲ့ပါလား။ သို့သော် သူမအတွက်တော့ နက်ရှိုင်းသည့်ချောက်ကမ်းပါးအောက်ပြုတ်ကျခဲ့သလို သူမဘဝသေဆုံး ခဲ့ရသည်။ သည်အိမ်ပေါ်သို့သူရောက်မလာခဲ့သည့်အတွက်တော့ သူမ ဖြေသာမိသေးသည်။ နီလာခက်က သူ့အိမ်တွင်လိုက်နေ ခဲ့သည်။ သူသည် မင်္ဂလာပွဲပြီးကတည်းက သည်အိမ်သို့ရောက်မလာခဲ့ပါ။ သူမကိုတွေ့ရန် သူ တွန့်ဆုတ်နေခြင်းဖြစ်မည်။ ဒါမှ မဟုတ် သူ သတ္တိနည်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူရောက်လာခဲ့လျှင်လည်း သူမ ဘာမှလုပ်ပိုင်ခွင့်မရှိပါ။ သူမသည် လူတိုင်းနင်းခြေသွားနိုင်သည့်ကျောက်ခဲတစ်လုံးလို တန်ဖိုးမဲ့လွန်းလှပါသည်။ သူတို့လက်ထပ်ပြီးတစ်လကြာသောအခါ နီလာခက်သည် အိမ်သို့ခပ်စိပ်စိပ်လေးဝင်ထွက်လာသည် ကိုတွေ့ရ၏။ အရင်က တစ်လတစ်ခါလောက်သာရောက်လာတတ်သည်။ အခုတော့ တစ်ပတ်ကို နှစ်ခါ သုံးခါမျှ ရောက်လာတတ်၏။ ရောက်လာတိုင်းလည်း မျက်နှာမကောင်းတတ်ပါ။ အမြဲတစေ သားအမိနှစ်ယောက်အခန်းအောင်းကာ တီးတိုးတိုင်ပင်နေ တတ်ကြသည်။ နီလာခက်ပြန်သွားလျှင် ဒေါ်မြခက်က မျက်နှာမကောင်းစွာနှင့်ကျန်ရစ်ခဲ့ပြန်သည်။ နီလာခက်တို့အိမ်ထောင်ရေးအဆင်မပြေမှန်း သူမရိပ်မိပါသည်။ သို့သော် သူမ မသိလိုက် မသိ ဘာသာပင်နေခဲ့၏။ တစ်နေ့လုံးမနားမနေအလုပ်လုပ်ရခြင်းသည်သာ သူမတာဝန်ဖြစ်သည်။ သူမ တွင် အနာဂတ်မရှိပါ။ နိစ္စဓူဝ အလုပ်များနှင့်သာ နှစ်ပါးသွားရင်း သူမတွင် အနာဂတ်ပျောက်နေခဲ့ သည်။ တစ်နေ့တော့ နီလာခက်တို့၏လျှို့ဝှက်ချက်ကို သူမ ကြားသိခဲ့ရသည်။ သူက ကလေးအလွန်လိုချင် သည်တဲ့။ သို့သော် နီလာခက်က ကိုယ်ဝန်မဆောင်နိုင်သည့်မိန်းမတစ်ယောက်ဖြစ်ခဲ့၏။ နီလာခက် ကလေးမရနိုင်ကြောင်းကို သူ မသိ။ ကလေးလိုချင်သည့်ယောကျာ်းနှင့် ကလေးမရနိုင်သည့်မိန်းမ။ ပြီးပြည့်စုံမှုမရှိသည့်လောကကြီးကို သူမ အံ့သြမိ၏။ နီလာခက် ကလေးမရနိုင်ကြောင်း သူသာသိ သွားခဲ့လျှင် အိမ်ထောင်ရေးပြိုကွဲသွားနိုင်သည်တဲ့။ နီလာခက် ငိုယိုကာပြောနေသမျှကို သူမ ကြားသိ ခဲ့ရ၏။ နီလာခက်၏ပြဿနာကိုသိပြီးမကြာခင်မှာပင် သူမအတွက်ပြဿနာတစ်ခုပေါ်လာခဲ့ရပြန်သည်။ အလှည့်အပြောင်း များလွန်းသည့်ကံကြမ္မာသည် အရှုံးပေးနေသည့်သူမကိုမှ အနိုင်ယူနေခဲ့၏။ သူမ၏ဆေးစက်ကျရာ အရုပ်ထင်ရသောဘဝက အကျည်းတန်လွန်းနေခဲ့ပါသည်။ ထိုအဖြစ်အပြက်ကိုစတင်သတိထားမိသူက ဒေါ်ဇာယုဖြစ်၏။ အခုရက်ပိုင်းအတွင်း သူမ စားချင် သောက်ချင်စိတ် မရှိ။ မကြာမကြာဆိုသလို သူမ ပျို့အန်နေခဲ့၏။ အစားအသောက်ပျက်နေသည့် သူမကို ဒေါ်ဇာယု သတိထားမိလာသည်။ နားလည်သည့်ဒေါ်ဇာယုက သူမအားစမ်းသပ်လိုက် သည်နှင့် လျှို့ဝှက်ချက်တစ်ခုကဘွားကနဲပေါ်လာ၏။ သူမတွင် ကိုယ်ဝန် ရှိနေပြီတဲ့။ ဒေါ်ဇာယုကတစ်ဆင့် ဒေါ်မြခက်သိသွားတော့ မိုးမီးလောင်တော့၏။ သူမအားရိုက်နှက်ကာ ကလေးအဖေကိုမေး၏။ ခေါင်းကိုသာ သူမ အသေခါရမ်းမိ၏။ ထိုအခါ စကားမပြောတတ် သည့်အတွက် သူမဝမ်းသာမိခဲ့၏။ ဒေါ်မြခက် ရိုက်နှက်သော အခါ ဗိုက်ထဲမှကလေးအား ထိခိုက်မိကို သူမ ပူပန်တတ်လာသည်။ သူမတွင် နှောင်တွယ်စရာကြိုးတစ်ချောင်းရစ်ပတ်လာ သည့်အတွက် သူမတိတ်တဆိတ်ကြည်နူးမိသေး၏။ ထိုအတွက် ဒုက္ခဟူ၍လည်း သူမ မထင် ရက်ခဲ့ပါ။ ရင်သွေးလေးဟူသော အသိသည်သာ သူမခေါင်းထဲစူးနစ်ဝင်နေခဲ့သည်။ ထိုအကြောင်းကို အိမ်သို့လာသော နီလာခက် သိသွားခဲ့၏။ အံ့သြစရာကောင်းလောက်အောင်ပင် နီလာခက်က တည်ငြိမ်နေခဲ့၏။ သူမအား ဆံပင်ဆွဲကာရိုက်နှက်မည်ထင်သော်လည်း သူမကို ကရုဏာသက်စွာကြည့်နေခဲ့၏။ နီလာခက် သည် သူမအား ဖေးမစွာတွဲထူခဲ့၏။ သူမ မယုံနိုင် အောင်ဖြစ်မိသည်။ သူမအပေါ် ထိုသို့ နူးညံ့စွာဆက်ဆံလိုက်မည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့ချေ။ သို့သော် နီလာခက်က သူမအပေါ် အမှန်တကယ်ပင်ကောင်းလွန်းခဲ့သည်။ သူမ ကိုယ်ဝန်ရှိကြောင်းသိပြီးနောက်တစ်နေ့တွင် နီလာခက်တွင်လည်း ကိုယ်ဝန်ရှိကြောင်း သိခဲ့ရ ပြန်သည်။ သူမ ဝမ်းသာပါသည်။ နီလာခက်သည် ကိုယ်ဝန်ရှိပြီးမှ သူမအပေါ်ပို၍နွေးထွေးလာခဲ့ သည်။ သူမ၏ညစ်နွမ်းနွမ်းအခန်းကျဉ်းလေး ကနေ သစ်လွင်လှပသည့်အပေါ်ထပ်အခန်းတွင် သူမ ပြောင်းရွှေ့နေခဲ့ရသည်။ သို့သော် သူမ အပြင်သို့ထွက်ခွင့်မရှိပေ။ အချိန်ပြည့်ထိုအခန်းလေးထဲ တွင်သာ ပြည့်စုံစွာနေခဲ့ရသည်။ ထိုသို့နေရသည်လည်း သူမအတွက်ကောင်းပါသည်။ နီလာခက်ကိုယ်ဝန်ရှိသည်ဆိုကတည်းက သူလည်းအိမ်သို့ ခပ်စိပ်စိပ်ရောက်လာခဲ့သည်။ ဖြစ်နိုင်လျှင် သူနှင့်မတွေ့သည်က သူမအတွက် ကောင်းပါသည်။ ကလေး၏အဖေက သူပင် ဖြစ်ကြောင်း သူမ တစ်သက်လုံးကွယ်ဝှက်ထားရ မည်။ ထိုကိစ္စကို သူမကလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှမသိစေရ။ သူမ၏ သွေးသားရင်းချာ ကလေးတစ်ယောက်ရှိလာခဲ့ခြင်းကပင် သူမအတွက်ပြည့်စုံလုံလောက်လှပြီဖြစ်သည်။ လောက ကြီးတွင် သူမ တစ်ယောက်တည်းမဟုတ်တော့ပါ။ သူမတွင် သံယောဇဉ် ကြိုးတစ်ချောင်းတိုးလာ ပြီဖြစ်သည်။ နီလာခက်က ကိုယ်ဝန်ရှိကတည်းက အိမ်တွင်သာလာနေတော့သည်။ သူ့ယောကျာ်းကတော့ နီလာခက်အား လာကြည့်ပြီး ပြန်သည်ကများ၏။ ထူးဆန်းသည်က ဒေါ်မြခက်သည်ပင် နီလာခက်ထက် သူမကိုပို၍ဂရုစိုက်သလိုထင်ရ၏။ ကိုယ်ဝန်ရှိကတည်းက သူမ အရှင်သခင် တစ်ယောက်လိုနေခဲ့ရ၏။ စားချိန်တန်လျှင် အခန်းထဲသို့အဆင်သင့်ယူလာပေး၏။ လိုအပ်သမျှ အားလုံးအဆင်သင့်။ အခုမှ တစ်အိမ်သားလုံး သူမအပေါ်ကောင်းနေကြသည်။ ထိုသို့နေလာခဲ့ရင်း လျှို့ဝှက်ချက်တစ်ခုကို သူမတွေ့ရပြန်သည်။ အခန်းထဲကနေ အပြင်သို့မထွက်ရ သောသူမသည် စိတ်ကျဉ်းကြပ်လာသဖြင့် အခန်းပြင်သို့ခိုးထွက်မိ၏။ ထိုအချိန်တွင် ဒေါ်မြခက်၏ အခန်းမှထွက်လာသည့် နီလာခက်ကိုတွေ့ လိုက်ရခြင်းဖြစ်၏။ အရင်က သူမနှင့်အပြိုင်စူထွက်နေ သည့် နီလာခက်၏ကိုယ်ဝန်သည် အခုတော့ပြားကပ်နေခဲ့၏။ ဒါဆို နီလာခက်တွင် ကိုယ်ဝန်ရှိသည် ဆိုတာက လိမ်ညာထားခဲ့သည်ပေါ့။ သူမ အံ့သြစွာဖြင့် အခန်းထဲသို့ပြန်ဝင်လာမိ၏။ နီလာခက်၏လုပ်ရပ်ကို သူမနားမလည်မိချေ။ ကိုယ်ဝန် မရှိပဲနှင့် ဘာကြောင့်များဟန်ဆောင်ခဲ့ရသလဲ။ အတွေးများစွာဖြင့် သူမ မွန်းကြပ်လာခဲ့၏။ ထိုလုပ်ရပ်ကို သူမ၏အသိဥာဏ်နှင့် တိုင်းထွာ၍ စဉ်းစားမရအောင်ဖြစ်နေမိခဲ့၏။ ခဏကြာသောအခါ အခန်းရှေ့မှခြေသံဖွဖွကြားလိုက်ရ၏။ ထိုအခါ သူမ ကုတင်ပေါ်တက်ကာ အိပ်ချင်ဟန်ဆောင် နေလိုက်၏။ သူမအနားသို့ လူတစ်ယောက်ရောက်လာကြောင်း သူမ သိ၏။ ခဏနေသောအခါ ထိုသူက ပြန်၍ ထွက်သွား၏။ သူမ အသာကြည့်လိုက်သောအခါ ဗိုက်ဖုံးအင်္ကျီ ဝတ်ထားသောနီလာခက်ကိုတွေ့လိုက်ရသည်။ နီလာခက်၏ဗိုက်သည် သူမ မြင်ခဲ့သလို ပြားကပ် ကပ်လေးမဟုတ်ပြန်တော့။ ကိုယ်ဝန်ဆောင်တစ်ယောက်လို ဗိုက်ကလေးက စူထွက်လျှက်ရှိနေခဲ့ လေသည်။ 

(၅)

 ပြင်းထန်သည့်ဝေဒနာက သူမကို ခပ်ပြင်းပြင်းနှိပ်စက်နေခဲ့သည်။ သို့သော်ထိုဝေဒနာသည် သူမ အတွက် ချိုမြိန်သည့်အားအင်သစ်တစ်ခုဖြစ်ပေါ်လာစေတော့မည်။ မကြာခင် သူမ၏နှလုံးသွေးဖြင့် ဖြစ်တည်သော ရင်သွေးလေးကို သူမ ပိုင်ဆိုင်ခွင့်ရတော့မည်။ သူမနှလုံးသည်းပွတ်နှောင်ကြိုးလေး အတွက် သူမအံကြိတ်ကာ မာန်တင်းထားခဲ့၏။ အခန်းထဲတွင် သူမနှင့်အတူ ဒေါ်မြခက်လည်းရှိ၏။ ဒေါ်မြခက်၏မိသားစုဆရာဝန်နှင့် ဒေါ်ဇာယု လည်း ရှိနေခဲ့၏။ ဒေါ်ဇာယုကလိုအပ်သည်မှန်သမျှကိုသိမ်းကြုံးလုပ်ပေးနေခဲ့၏။ နောက်ထပ် သတင်းတစ်ခုက နီလာခက်လည်း မွေးတော့မည် တဲ့။ ထိုစကားကို သူမ လုံးဝမယုံကြည်နိုင်ခဲ့ချေ။ နီလာခက်တွင် ကိုယ်ဝန်မရှိကြောင်းသူမသိသည်။ နီလာခက်သာ အမှန် တကယ်မွေးတော့မည် ဆိုလျှင် ဒေါ်မြခက်က သူမအနားတွင်ရှိနေစရာအကြောင်းမရှိပါ။ နီလာခက်အနားတွင်သာရှိသင့် ၏။ အခုတော့ အားလုံးက သူမမွေးဖွားမည့်ကိစ္စအတွက်သာ ပူပန်နေခဲ့၏။ ထိုကိစ္စသည် သူမအတွေးထဲတွင် ကြာရှည်နေရာမယူနိုင်ခဲ့ချေ။ နာကျင်မှုတို့ဖြင့် သူမ အသည်း အသန်ခံစားနေခဲ့ရ၏။ သူမတစ်ကိုယ်လုံး အားအင်တွေဆုတ်ယုတ်သွားသလိုခံစားရ၏။ အမှန် တကယ်ကို နာကျင်လွန်းလှပါသည်။ ရင်သွေး လေးအတွက် သူမ အားတင်းထားသော်လည်း တစ်ခါတစ်လေ မူးမူးမိုက်မိုက်ဖြစ်သွားခဲ့၏။ အသိအာရုံသည် အမှောင်ထုနှင့် နာကျင်မှုကြား လွန်ဆွဲနေခဲ့၏။ အဆတစ်ရာမကသောနာကျင်မှုကိုခံစားလိုက်ရပြီးနောက် ဆည်းလည်းသံလေး တစ်ခုကို သူမ ကြားခွင့်ရခဲ့လေသည်။ “ အူဝဲ … အူဝဲ .. ” ထိုအသံသည် သူမ၏နာကျင်မှုမှန်သမျှကို စုပ်ယူဝါးမြိုသွားခဲ့သည်။ စကားမပြောနိုင်သော သူမ၏ နှုတ်ခမ်းတွင် ပီတိ အပြုံးတို့ကတွဲလွဲခိုကြ၏။ သူမတစ်ကိုယ်လုံးမလှုပ်နိုင်အောင် နုံးခွေနေသည့် အကြားက ကလေးမျက်နှာကို သူမ မြင်တွေ့ချင် နေမိ၏။ သို့သော် ထိုဆည်းလည်းသံလေးသည် ပင် သူမနှင့်တဖြည်းဖြည်းဝေးကွာသွားသလိုခံစားလိုက်ရ၏။ သူမ ဘာကိုမှ သဲကွဲစွာ မမြင်ရ မကြား ရတော့ပေ။ နောက်ဆုံးသိလိုက်သည်က အမှောင်ထုက သူမကိုသိမ်းကြုံးစုပ်ယူသွားခဲ့ခြင်းပင်ဖြစ် လေသည်။ သူမ သတိပြန်ရလာသောအခါ သူမ၏အခန်းဟောင်းလေးထဲသို့ပြန်ရောက်နေခဲ့သည်။ ညစ်နွမ်းနွမ်း အခန်းလေးက သန့်ရှင်းမည့်သူမရှိသဖြင့် ပင့်ကူမျှင်များ ဖုန်များတက်ကာ ညှီစို့နံဟောင်နေခဲ့သည်။ သို့သော် ထိုအခန်းကိုရှင်းဖို့အတွက် သူမ စိတ်မဝင်စားပါ။ သူမ၏ ရင်သွေးလေးကိုသာ သူမ တမ်းတ နေမိသည်။ ဘယ်မှာလဲ .. သူမ၏ကလေးက သူမအနားတွင် မရှိ ပါ။ အခုချိန်ဆိုကလေးက နို့ဆာနေ တော့မည်။ ကလေးကိုထွေးပွေ့ကာ သူမ နို့ချိုတိုက်ကျွေးချင်သည်။ သို့သော် အခန်းကျဉ်း လေးထဲတွင် သူမတစ်ယောက်တည်းသာ။ ကလေးကို ဘယ်ခေါ်သွားကြတာလဲ။ သူမဆောက်တည်ရာမရစွာ တုန်လှုပ်နေမိ၏။ သွေးနုသားနုနှင့် သူမ နွမ်းဖတ် နေခဲ့သော်လည်း ကလေးဆီသို့သူမပြေးသွားချင်မိ၏။ အခန်းတံခါးကို သူမ ရိုက်ပုတ် ထုနှက်နေခဲ့မိ၏။ သို့သော် တံခါးကပွင့်မ လာခဲ့ချေ။ အပြင်ဘက်ကသော့ခတ်ထားသည့်အခန်းတံခါး သည် သူမကိုဥပေက္ခာပြုကာ ပိတ်လျှက်သားရှိနေခဲ့၏။ သူမ လိပ်ပြာလွင့်မတတ်ကြောက်ရွံ့မိပါသည်။ သူမရင်ဆိုင်နေရသည့်အဖြစ်အပြက်က သွေးပျက်ချောက်ချားစရာကောင်းလွန်းနေ ခဲ့၏။ သူမ၏ရှိသမျှ ခွန်အားဖြင့် တံခါးကိုသာ ထုရိုက်နေမိခဲ့သည်။ “ ညည်းတော်သင့်ပြီ မိရွှေအ၊ ညည်းရဲ့ကလေးမရှိတော့ဘူး၊ ညည်းက ကလေးအသေလေးမွေးလာ ခဲ့တာ ” အခန်းပြင်မှ ဒေါ်မြခက်၏စကားသံကို သူမသဲကွဲစွာကြားလိုက်ရ၏။ သူမ မယုံနိုင်စွာခေါင်းကိုခါရမ်းမိ ၏။ သူမ သတိ မမေ့ခင်အချိန်လေးအထိ ကလေး၏အသံကို သူမကြားခဲ့ရသေးသည်။ သူမ ကလေး မသေပါ။ ကလေးမသေသေးကြောင်း သူမ သိသည်။ ထို့ကြောင့် တံခါးကိုထုရိုက်ကာ ဝူးဝူးဝါးဝါးဖြင့် သူမအော်ဟစ်မိ၏။ သို့သော် တံခါးကပွင့်မလာခဲ့ပါ။ ဒေါ်မြခက် ၏စကားသံသည်သာထွက်လာခဲ့ပြန်၏။ “ ညည်းနောက်တစ်ခါဆူညံနေရင်တော့သေပြီသာမှတ်၊ ငါ့သမီး ကလေးမွေးပြီးလို့ သွေးနုသားနုမှာ ထိတ်လန့်သွား ရင် ညည်းမလွယ်ဘူးနော်၊ ညည်းမသိသေးရင်ပြောပြမယ်၊ ငါ့သမီးက ယောကျာ်း လေးမွေးတယ် ” ပြောပြီးသည်နှင့် လှည့်ထွက်သွားသည့် ခြေသံပြင်းပြင်းက သူမနှလုံးသားကိုနင်းခြေသွားသလိုပင်။ နီလာခက်က ယောကျာ်းလေးမွေးသတဲ့လား။ နီလာခက်တွင် ကိုယ်ဝန်မရှိကြောင်း သူမ မသိခဲ့လျှင် ထိုစကားကို သူမ ယုံကြည်မိပါဦးမည်။ အခုတော့ သူမ လုံးဝမယုံကြည်နိုင်။ သူမကလေးကို လုယူ ရက်သည်။ ရက်စက်သည်။ သူမအပေါ်ရက်စက်လွန်းအားကြီးသည်။ နီလာခက်တို့၏အကြံကိုလည်း အခုမှ သူမ ကောင်းကောင်းသဘောပေါက်လာမိသည်။ နီလာခက်ကလေးမရနိုင် ကြောင်း သူသိခဲ့ လျှင် အိမ်ထောင်ရေးပြိုကွဲသွားနိုင်သည်တဲ့။ အခုတော့ သူတို့အိမ်ထောင်ရေးတည်မြဲအောင်အတွက် သူမ၏ ကလေးကိုလုယူရက်သည်။ ထိုအကြောင်းကိုသိအောင် သူမ ပြောပြချင်မိသည်။ သို့သော် သူမ စကားမပြောနိုင်ခဲ့။ အခန်းထဲမှအပြင်သို့လည်း သူမ ထွက်ခွင့်မရ။ သူမ လက်မလျော့ နိုင်ပါ။ သူမ ကလေးကို သူမရအောင်ပြန်ယူရမည်။ တံခါးကို နာကျည်းစွာ သူမ ထုရိုက် နေမိသည်။ တံခါးသည် ခိုင်မာမှုများစွာဖြင့် ပကဓိအတိုင်းပိတ်နေဆဲပင်။ သူမသည်သာ ခွန်အားတွေမဲ့လာရင်း ထိုနေရာတွင် သာ လဲပြိုကျသွားခဲ့သည်။ သူမ မျက်ဝန်းတွင် ကြေကွဲမျက်ရည်များစွာကစီးကျလျှက် ..။ “ ဝူး ..အ .ဝူး ဝူးး.. ” သူမ အော်ဟစ်နေမိသည်။ “ ကျွန်မ ကလေးကိုပြန်ပေးကြပါ ” ဟူသောစကားက သူမနှုတ်မှပြတ် သားစွာထွက် မလာ။ ဝူးဝူးဝါးဝါးဖြင့်သာ မသဲကွဲစွာထွက်ပေါ်လာခဲ့သည်။ သို့သော် သူမ အော်ဟစ် နေဆဲဖြစ်သည်။ ဘယ်သူမှနားမလည် နိုင်သောစကားတစ်ခွန်းကိုသာ သူမ မမောနိုင်အောင်ပြော နေခဲ့သည်။ ထို့နောက် သူမ အမြင်တွေဝေဝါးလို့လာသည်။ သူမ ဘာကိုမှသဲကွဲစွာမမြင်ရတော့ပါ။ သူမ ပျော့ခွေသွားကာ အမှောင်ထုနှင့်တစ်သားတည်းဖြစ်သွားခဲ့သည်။ သူမ နှလုံးသားဖြင့်သာ ကြားသိနိုင်သော ထိုစကားတစ်ခွန်းကိုသာ သူမ နောက်ဆုံးပြောဖြစ်ခဲ့ပြီးနောက် ..။

Posted by နတ်ရဲ (ရူပဗေဒ)  

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)