-ထိုင်းနိုင်ငံမှာ မြန်မာပြည်သားပိုင် စက်ရုံအလုပ်ရုံတွေမှာ အလုပ်မလုပ်ကြပါနဲ့-
ခတ်တာပဲ။ ။ ခက်တာက ကြာတော့ ကြာခဲ့ပါပြီ။ မြန်မာပြည်မှာက ငတ်မွတ်ခေါင်းပါးပြီး အလုပ်အကိုင်ကလည်း တယ်ရှားဆိုတော့ကာ ထိုင်းနိုင်ငံထဲကို ၀င်ပေါက်အမျိုးမျိုးကနေ ၀င်လာကြ၊ ရရာအလုပ်လုပ်ကိုင်ပြီး အသက်ဆက်ကြနဲ့ပေါ့။
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ် (ခရိုင်) မဲဆောက်မြိုဆိုတာက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းလောက် နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြို့လေဗျာ။ ထိုင်းအစိုးရဆီကို တရားဝင်မှတ်ပုံတင်ပြီး လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံက (၂၈၀) လောက်ပဲရှိပြီး ဘာမှတ်ပုံတင် အထောက်အထားမှမရှိတဲ့ ရဲလိုင်းကြေး၊ လ၀ကရဲလိုင်းကြေး၊ ရွာလူကြီးလိုင်းကြေး၊ ထောက်လှမ်းရေးလိုင်းကြေးတွေနဲ့ ခပ်တည်တည်ပဲ ပိုင်သလိုလို၊ ဆိုင်သလိုလိုနဲ့ စက်ရုံငယ်၊ အလုပ်ရုံငယ် (အိမ်ရုံ) ဖွင့်ပြီး စားသောက်နေကြသူတွေလည်း အများကြီးပဲဗျို့။အဲဒီ အိမ်ရုံတွေမှာ နေ့စားခ (၇၀၊ ၈၀) ဘတ်လောက်နဲ့ ထမင်းစား ကျွန်ခံ၊ ကျောတစ်ခင်းရ ကျွန်ခံဘ၀နဲ့ ရရာအလုပ်ကို လုပ်နေကြသူတွေက အများသားပဲ။ အဲဒီ အိမ်ရုံလုပ်ငန်း လုပ်ကိုင်ကြသူတွေထဲမှာ မြန်မာအလုပ်သမားတွေ အဆင်ပြေစေဖို့၊ သက်သာချောင်ချိဖို့ ဘာညာနဲ့ မဟာကယ်တင်ရှင် ရည်မှန်းချက်တွေနဲ့ အပြော တစ်မျိုး၊ အလုပ်တစ်မျိုး လုပ်နေကြသူတွေလည်းရှိရဲ့။ အဲဒီ အိမ်ရုံ လုပ်ငန်းကို တရားမ၀င် (ဘာမှတ်ပုံတင်မှ မတင်ပဲ) လိုင်းကြေးအမျိုးမျိုးပေးပြီး ‘မြန်မာပြည်သားအချင်းချင်း လည်ပင်းတက်နင်းရေးလမ်းစဉ်’ကို မြိန်မြိန်ကြီး အကောင်အထည်ဖော်နေကြသူတွေထဲမှာ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ ကြံ့ဖွတ်ပြေး၊ စွမ်းအားရှင်ပြေး စတဲ့ မြန်မာပြည်ထဲက စာရိတ္တအရာမှာ စံနမူနာယူလောက်သူတွေလည်း ပါလေရဲ့။
သူတို့တွေ ဖွင့်လှစ်ထားတဲ့ မြန်မာပြည်သားပိုင်စက်ရုံငယ်မှာ ထမင်းလေး ၂ နပ်၊ ၃ နပ်ကျွေး၊ ကျောတစ်ခင်းစာ နေရာလေးပေးပြီး နေ့စားခ (၇၀၊ ၈၀) ဘတ်နဲ့ တနင်္ဂနွေပိတ်ရက်ဆိုတာ လည်းမရှိ၊ ထိုင်းနိုင်ငံရဲ့ နိုင်ငံတော် အလုပ်ပိတ်ရက် (၁၃) ရက်ဆိုတာလည်း နတ္ထိ ဖြစ်နေတဲ့ မြန်မာပြည်သား အချင်းချင်း တက်နင်းကြတဲ့ ဒင်းတို့တတွေဟာ ပါးစပ်ကြားက နတ်စကားထွက်တာက….. “ကယ်တင်နေတာပါ။ တတ်နိုင်သမျှ မြန်မာပြည်သားတွေကို စောင့်ရှောက်နေတာပါ”တဲ့။ အဲဒီ အိမ်ရုံ (စက်ရုံ၊ အလုပ်ရုံငယ်) တွေဟာ နေ့စားခ မပေးပဲ မောင်းထုတ်တာတို့၊ အခု ဖြစ်ပေါ်နေတဲ့ ယာယီပတ်စ်ပို့နဲ့ အလုပ်သမားလက်မှတ် (စာအုပ် ၂ မျိုး) အတွက် ဘာအာမခံချက်မှ မပေးတာတို့ကို ရဲရဲတင်းတင်း ပြုလုပ်လျက်ရှိနေကြပတယ်။
ဒါကြောင့်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာ၊ တာ့ခ်ပြည်နယ် (ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံ (LPO- ဆ၀ါဒီကန်)မှာ ဒီအမှုတွေဟာ အခုတလော ခပ်စိတ်စိတ်ကလေး ဖြစ်ပေါ်နေပါကြောင်း မီးမောင်းထိုးပြပါရစေ။
(အဲသဟာကြောင့် မြန်မာပြည်သားအချင်းချင်း တက်နင်းတတ်တဲ့ မြန်မာပြည်သားပိုင် စက်ရုံ အလုပ်ရုံတွေမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခဲ့မိရင်လည်း အလျင်အမြန် ပြန်လည်ထွက်ခွာကြပါ။ လုပ်မယ်လို့ ကြံစည်နေကြသူတွေကိုလည်း အကြောက်အကန် ငြင်းဆန်ပြီး ကန့်ကွက်ပေးခြင်းနဲ့ ကူညီကြပါနော်)
** သောင်ရင်းနဂါး **

No comments:
Post a Comment