-မဲဆောက်မြို့ ချန်ပီယံ စက်ရုံ စက်ဆွဲဌာနမှ မြန်မာအလုပ်သမား ၈၇ ဦး ယနေ့ အလုပ်ဖြုတ်ခံရ-
(Photo-အလုပ်ဖြုတ်ခံရသောမြန်မာအလုပ်သမားခေါင်းဆောင်များနှင့်JACBA)
(မတ်လ ၂၂ ရက်၊ ၂၀၁၃- သောင်ရင်းနဂါး)
လုပ်ငန်းခွင်စည်းကမ်းများ၊ လုပ်ငန်းရှင်၏ ညွှန်ကြားချက်များကို မလိုက်နာဟု ဆိုကာ အလုပ်ဖြုတ်ခံကြရသော မြန်မာအလုပ်သမား ၈၇ ဦးသည် ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ် (ခရိုင်) ထိုင်းအလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်)တွင် ယနေ့ မွန်းလွဲပိုင်းတွင် နစ်နာကြေးတောင်းဆိုကြရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
မဲဆောက်မြို့၊ ချွန်ချန်ဘန်ချာလရပ်ကွက်တွင် တည်ရှိသော SD Fashion Co, Ltd (အရပ်အခေါ် ချန်ပီယံ) သိုးမွှေးစက်ရုံသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်တစ်ကြိမ်၊ ယခု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ကြကာ ပြီးခဲ့သည့်လက နောက်ဆုံးစာချုပ်တွင်မူ ယခုမတ်လစာမှ စပြီး ထိုင်းဥပဒေအရ နေ့စားခ ဘတ် ၃၀၀ ပေးရန်သဘောတူထားသည်။
သို့ရာတွင် အလုပ်ရှင်ဘတ်မှ ဘတ် ၃၀၀ ပေးသည်နှင့်အညီ မူလအတိုင်း မဟုတ်မူဘဲ လုပ်ငန်းဌာန (စက်ရှင်)များ ပြောင်းလဲခိုင်းစေခြင်း၊ အပါအ၀င် မလိုလားအပ်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် နေ့စဉ် နေ့တိုင်း ပြဿနာငယ်၊ ပြဿနာလတ်များ ပေါ်ပေါက်လာကာ ယနေ့တွင် အလုပ်ရှင်၏ ဇာတိရုပ်ဘွားဘွားကြီးပေါ်ပေါက်လာခြင်းဖြစ်၏။
ထိုင်းနိုင်ငံအလုပ်သမားကြီးကြပ်ကာကွယ်ရေးနှင့် လူမှုဖူလုံရေးအက်ဥပဒေ (BE-2541/ 1998)တွင်လည်း ယခုကဲ့သို့ အလုပ်ရှင်မှ အလုပ်သမားအား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ရုတ်တရက် အလုပ်ဖြုတ်ပါက နစ်နာကြေး ၁ လပေးရမည်ဟူ၍လည်းကောင်း၊ စက်ရုံအလုပ်ရုံ အလုပ်သမားများ အလုပ်ဖြုတ်ခံရပါက လုပ်သက် ၄ လနှင့် ၁ နှစ်ကြားအလုပ်သမားအား နောက်ဆုံးလစာ (၁) လစာ ကိုလည်းကောင်း၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်ကြား အလုပ်သမားအား နောက်ဆုံး (၃) လစာကိုလည်းကောင်း၊ လုပ်သက် ၃ နှစ်မှ ၆ နှစ်ကြား အလုပ်သမားအား နောက်ဆုံးလစာ (၆) လ စာကိုလည်းကောင်း၊ လုပ်သက် ၆ နှစ်နှင့် ၁၀ နှစ်ကြား အလုပ်သမားအား နောက်ဆုံးလစာ (၈) လစာကိုလည်းကောင်း၊ လုပ်သက် (၁၀) နှစ်နှင့်အထက် အလုပ်သမားအား နောက်ဆုံးလစာ (၁၀) လစာကိုလည်းကောင်း နစ်နာကြေးပေးရန်ပြဌာန်းထားသည်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ ကျောထောက်နောက်ခံဖြင့် ထိုင်းဥပဒေများပါ အလုပ်သမားများ၏ နစ်နာကြေးနှင့် အခြားရပိုင်ခွင့်များအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။နံပါတ်တစ် အလုပ်သမားခေါင်းဆောင်ဖြစ်သူ- ဇော်လေးအား၂၀၁၃ မတ်လ၁၈ရက် နေ့က လည်းအလုပ်ဖြုတ်ပစ်ထားသည်။

No comments:
Post a Comment