-မြန်မာပြည် အလုပ်သမားဌာန ဦးစီးအရာရှိကိုယ်တိုင် လိုက်ပါဖြေရှင်းပေးသည့် မဲဆောက်မြို့ ချန်ပီယံစက်ရုံ
အလုပ်သမား ၈၇ ဦး ပြဿနာ-
(Photo- မြန်မာပြည်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦး)
(မတ်လ ၂၂ ရက် ၂၀၁၃- သောင်ရင်းနဂါး)
ထိုင်းနှိင်ငံ- ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်၏ ညွှန်ကြားချက်အရ မြန်မာပြည်အလုပ်သမားညွှန်ကြား မှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးနှင့် မြန်မာသံရုံး၏ အလုပ်သမားအကျိုးဆောင်ကော်မတီဝင် ဦးမိုးကြိုး (JACBA) တို့သည် ယနေ့ မနက်ပိုင်းက မဲဆောက်မြို့ SD Fashion (အရပ်အခေါ်- ချန်ပီယံစက်ရုံ)၏ အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား ၈၇ ဦးပြဿနာကို အတူတကွ ကွင်းဆင်းဖြေရှင်းခဲ့ကြသည်။
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ်(ခရိုင်) မဲဆောက်မြို့၊ One Stop Service (Tak) ဦးစီးအရာရှိ ဦးသက်ဦး (မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ဦးစီးအရာရှိ) သည် အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်၏ ညွှန်ကြားချက်အရ ကော်မတီဝင် ဦးမိုးကြိုး (JACBA) နှင့် အတူ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ တာ့ခ်ပြည်နယ် (ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်)သို့ အတူတကွ ကွင်းဆင်းကာ ယနေ့မှာပင် အလုပ်ဖြုတ်ခံရသော SD Fashion Co, Ltd မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၇ ဦး၏ ကြိုတင်မပြောသောကြောင့် ၁ လစာနစ်နာကြေးနှင့် လုပ်သက် အလိုက်နစ်နာကြေးများ ရရှိရန် တိုက်တွန်းပြောဆိုခဲ့ကြသည်။
SD Fashion Co, Ltd အလုပ်ရှင်မှ ဦးစီးအရာရှိ ဦးသက်ဦးလာသည့်အခိုက် မလာရောက်ပဲ ပြန်သွားသောအခါမှသာ လာရောက်သဖြင့် အလုပ်ရှင်ခေါ်လာသော ရူးကြောင် မူးကြောင်နှင့် အခြားအလုပ်ရှင်တစ်ဦး၏ မြန်မာအလုပ်သမားအပေါ် ခြိမ်းခြောက်မှုကို LPO ရုံးထဲ၌ တွေ့မြင်ခဲ့ရသည်။ အဆိုပါ ရူးကြောင် မူးကြောင် ထိုင်းအလုပ်ရှင်ဆိုသူမှာ အိမ်တွင်းမှုလုပ်ငန်း ၃ ခု လုပ်ကိုင်ဘူးအပြီး ယင်းလက်အောက်မှ မြန်မာအလုပ်သမား တို့အား လုပ်အားခမပေးပဲ ထိုင်းရဲအား ခေါ်ယူခြိမ်းခြောက်ခဲ့သော အလုပ်ရှင်ဖြစ်သည်။ ဤ ရူးကြောင် မူးကြောင်ကောင်ကို တာ့ခ်ခရိုင် (LPO)ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဖိဆွန်ဘွန်း ကိုယ်တိုင် ငေါက်ငမ်းကာ ရုံးထဲမှ မောင်းထုတ်ခဲ့ရသည်။
(Photo-ရူးကြောင် မူးကြောင် ထိုင်းအလုပ်ရှင်)
SD Fashion Co, Ltd ယနေ့အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား ၈၇ ဦးတို့သည် ယခုလ လစာအား မတ်လ ၂၅ (၀ါ) မတ်လ ၂၆ ရက်နေ့၌ ထုတ်ယူပြီးစီးချိန်မှစပြီး၊ စက်ရုံမှ ထွက်ခွာပေးရမည် ဖြစ်သောကြောင့် နေရေး ထိုင်ရေးနှင့် စားဝတ်နေရေး ရုတ်တရက် အခက်အခဲ ကြုံတွေ့ရသကဲ့သို့ အလုပ်ရှင်မှ ကြိုတင် မပြောဆိုသောကြောင့် ရရှိမည့် နစ်နာကြေး တစ်လစာ ကိုပင် အဓိကထားကာ ယနေ့ တောင်းဆိုခဲ့ကြသော်လည်း မရခဲ့ပေ။
သို့ဖြစ်၍ ထိုင်းအလုပ်သမားကာကွယ်ရေးဥပဒေ (BE-2541/ 1998) ပါ အလုပ်သမား အခွင့်အရေးအရ ကြိုတင် မပြောသော တစ်လစာနစ်နာကြေးနှင့် လုပ်သက်အလိုက် နစ်နာကြေးရရှိရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့၏ မဲဆောက်မြို့တွင် ပထမဦးဆုံး စိတ်ဝင်တစား ကာကွယ်ရပ်တည်ပေးသော SD Fashion Co, Ltd သည်ကား သမိုင်းဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား လှုပ်ရှားမှု တစ်ခု ဖြစ်နေပေတော့သည်။

No comments:
Post a Comment