- ခါးသက်သွားသောပျားရည်စက်၏အတ္ထုပ္ပတ္တိ -
လမသာသော ညများတွင် ကြယ်ကလေးများ ဝမ်းနည်းနေမည်လား။ကြေကွဲနေ
မည်လား။ သို့သော် ထိုဝမ်းနည်း ကြေကွဲမှုတို့သည် အခိုက်တန့်ခဏမျှသာဖြစ်ပါ
လိမ့်မည်။ မနက်ဖြန် သို့မဟုတ် မနက်ဖြန်ပေါင်းများစွာတွင် ကြယ်ကလေးများ
ထံသို့ လမင်းကြီးရောက်လာပေလိမ့်မည်။ ထိုအခါ ကြယ်ကလေးများ ဝမ်းသာ
ကြည်နူးဖြစ်ကြလိမ့်မည်။ သို့သော် သူမ ဘဝမှာတော့ ….။
(၁)
တသုန်သုန်တိုက်ခတ်လာသည့် လေပြည်ညင်းများ၏နောက်ကွယ်မှ စံပယ်ပန်း
ရနံ့များကို ရှူရှိုက်မိလာသည်။ စံပယ်ပန်းရနံ့ကြောင့် သူမ ခေါင်းတစ်ခုလုံးမူးဝေ
လာသလိုပင်။ အေးမြသောရနံ့တို့ပေးစွမ်းသည့် ဖြူစင်သောပန်းဟု မောင်
တင်စားပြောဆိုခဲ့စဉ်က စံပယ်ပန်းများကို သူမ နှစ်ခြိုက်ခဲ့ ဖူးသည်။ အခုတော့
စံပယ်ပန်းရနံ့ကိုပင် မခံချင်တော့။ စံပယ်ပန်းသည် သူမ မုန်းတီးသောစားရင်း
တွင် နံပါတ်တစ်နေရာ ချိတ်ထားခဲ့ချေပြီ။
မောင်..။ သူမ တိုးတိတ်စွာရေရွတ်လိုက်မိသည်။ မောင့်အကြောင်းတွေးတိုင်း
အသည်းနှလုံးတွေနာကျင်လာသည်။ မောင် သည် သူမကို အဖြေအတိအကျ
ရှိနေသည့် ပုစ္ဆာတစ်ပုဒ်ကို တွက်ခိုင်းပြီး အထီးကျန်နေစေခဲ့၏။ နေ့တစ်နေ့၏
တစ်ညတာကို မျက်ရည်များနှင့် ဖြတ်သန်းခဲ့ရသည့် သူမကို မောင်စာနာမိပါရဲ့
လား။ လည်ပင်းရှည်ထွက်မတတ်စောင့်စားနေရသည့် သူမ၏ မျှော်တော်ယောင်
ဘဝကိုရော မောင် သတိမှရပါလေရဲ့လား။
တစ်ချိန်က ခုံတန်းပြာလေးပေါ်တွင် မောင်နှင့်အတူ ကြည်နူးခဲ့သည်။ ကြယ်က
လေးများကိုပင် ရေတွက်ခဲ့ဖူးသည်။ လမင်းကြီးကို သက်သေထား၍ ချစ်ခွန်းသီ
ခဲ့ဖူးသည်။ အခုတော့ သူမ တစ်ယောက်တည်း။ သူမ သိပ်ချစ်ရသော မောင်
သည် အနားတွင်မရှိ။ အခုချိန်ဆို မောင် ဘယ်များရောက်လို့နေမလဲ။ မောင်
ဘာတွေများလုပ်နေမလဲ။ သူမ မသိချင်ပါ။ အမှန်တော့ မောင့်အကြောင်းသိ
ရမှာ ကြောက်နေမိခြင်းဖြစ်သည်။
ဒီညလည်း မောင် ညဉ့်နက်မှ ပြန်ရောက်မည်ထင်သည်။ တစ်ခါတစ်လေ သူမ
ကို မောင် မချစ်တော့ဘူးလား ဆိုသည့်မေးခွန်းက တစ္ဆေတစ်ကောင်လို
ခြောက်လှန့်လွန်းလှ၏။ မောင့် အပြုံးကို သူမ တောင့်တမိသည်။ မောင့်ရဲ့
အယုအယများကို မျှော်လင့်မိသည်။ ဒီညလည်း မောင့်အကြောင်း တွေးရင်း
မိုးလင်းဦးမှာသေချာလှသည်။(၂)
“ မင်းရဲ့ မျက်နက်ဝန်းလေးတွေကို မောင် သိပ်မြတ်နိုးတာပဲကွယ် ” မောင်က သူမ ကိုကြည့်ပြီး လှမ်းပြောသည်။ သူမ ကြည်နူးမိတာအမှန်။ သူမ ကတော့ မောင့်ရဲ့အပြော၊ မောင့်ရဲ့ အကြည့် အားလုံးကို ချစ်မြတ်နိုးသည်။ “ မောင့်ကိုစတွေ့တွေ့ခြင်း ဒီမျက်ဝန်းကလေးတွေကပဲ မျက်စောင်းတွေ ပစ်လွှတ်ခဲ့တာလေ ” သူမနှင့်စတွေ့တုန်းက အဖြစ်အပြက်တွေကိုလည်း မောင် မှတ်မိနေသေးသည်။ ဟုတ်ပါသည်။ မောင့်ကို စတွေ့တုန်းက သူမ အရမ်းအမြင်ကပ်ခဲ့သည်။ ချောမော ခန့်ညားသည့် မောင့်အနားတွင် မိန်းကလေးများ ဝိုင်းဝိုင်းလည်နေသည်ကို ဘာ ရယ်ကြောင့်မှန်းမသိ အမြင်ကပ်ခဲ့မိသည်။ ထို့ကြောင့် မောင်နှင့်ဆုံတိုင်း မျက် စောင်းများပို့လွှတ်ခဲ့သည်။
“ အဲဒီ မျက်စောင်းလေးတွေကပဲ မောင့်ရဲ့ ဘယ်ဘက်ရင်အုံတည့်တည့် စိုက်ဝင်ပြီး အချစ်တွေမွေးဖွားလာခဲ့တာပေါ့ ” မောင်က ပြောသေးသည်။ တကယ်လည်း တတ်နိုင်လွန်းသည့် မောင်ပါ။ သူမထံသို့ မောင်ချဉ်းကပ်လာစဉ်က မျက်နှာထားတင်းတင်းနဲ့ ဆက်ဆံခဲ့သည်။ သို့သော် အနက်ရှိုင်းဆုံးတစ်နေရာမှာတော့ မောင့်ရဲ့ပုံရိပ်တွေ ငြိတွယ်နေခဲ့၏။ တစ်လပင်မကြာလိုက်။ မောင်နှင့် သူမ ချစ်သူဖြစ်ခဲ့ကြသည်။ ချစ်ခြင်း၏ ပုစ္ဆာများ ကို မောင်နှင့်အတူ တွက်ချက် အဖြေရှာ ခဲ့သည်။ အချစ်ကို နူးညံ့စွာ စာကဗျာဖွဲ့နွဲ့ ခဲ့ကြသည်။ ထိုစဉ်က သူမ မိုက်မဲစွာကိုးကွယ်ခဲ့သော အချစ်သည် မတည်မြဲသောနိယာမ သဘောတရားတစ်ခုဖြစ်လာခဲ့မည်ကို သူမ မေ့လျော့နေမိခဲ့သည်။ ထိုကဲ့သို့ မေ့လျော့မိခြင်းကပင် သူမဘဝတစ်ခုလုံးစုတ်ပြတ်သွားခဲ့လေသည်။
(၃)
မှောင်မိုက်တိတ်ဆိတ်သောအခန်းထဲတွင် တိုးလျလျရှိုက်သံများက ပြန့်ကျဲ လျှက်ရှိ၏။ မျက်နက်ဝန်းမှ မြစ်နှစ်သွယ် က ခေါင်းအုံးပေါ်သို့ ဖြတ်သန်းစီးဆင်း သွားကြသည်။ ထိုစဉ် နာရီသံ ဆယ့်နှစ်ချက်က စည်းချက်ညီညီထွက်လာသည်။ သူမ နားယဉ်နေသော ခြေသံတရှပ်ရှပ်ကလည်း နောက်ဆက်တွဲထွက်ပေါ်လာ ပြန်သည်။ ထိုခြေသံကိုကြားရရုံနှင့်ပင် မျက်ဝန်းမှ မြစ်နှစ်သွယ်က ခမ်းခြောက် ရပ်တန့်သွားခဲ့သည်။ နှုတ်ခမ်းဖူးလေးတွင် အပြုံးရိပ်တို့ စွဲထင်လာခဲ့သည်။ မောင်က သူမဘဝကို ဤမျှအထိ လွှမ်းမိုးထားနိုင်ခဲ့သည်။ တိုးညင်းသော တံခါးဖွင့်သံကို ကြားရသည်။ သူမ အိပ်နေရာမှ မထမိသေး။ မီးခလုတ်ဖွင့်သံနှင့်အတူ အလင်းရောင် က တစ်ခန်းလုံးကို ဖြန့်ကျက်လာ၏။ “ မင်း အိပ်ပျော်နေပြီလား ၊ အိပ်မပျော်သေးရင် ခဏလောက်စကားပြောကြ ရအောင် ” မောင့်ရဲ့ ခပ်ရှရှအသံကိုကြားလိုက်ရသည်။ နူးညံ့မှုမရှိသလို တင်းမာမှုလည်း ရှိမနေသည့် မောင့်အသံကို မကြားရတာ ကြာခဲ့ပြီပဲ။ သူမ ရင်ခုန်စွာဖြင့် ထလာ ခဲ့သည်။ မောင့် အကြည့်များက သူမအပေါ် စိမ်းသက်လွန်းလှသည်။ မောင့် အနား တွင် ရပ်လိုက်စဉ် တိုတောင်းပြတ်သားသော စကားတစ်ခွန်းက လွင့်စင် ကျလာ၏။ “ ကိုယ်တို့ကွာရှင်းကြရအောင် ” သူမ လှိုက်ခနဲ တုန်လှုပ်သွားမိသည်။ ကြည့်စမ်းပါဦး။ သူမ ရင်ကိုနာကျင်စေ သည့် စကားလုံးတွေက မောင့်နှုတ်ဖျား က ထွက်ကျလာသတဲ့လား။ သူမက သာ တုန်လှုပ်သွားမိသော်လည်း မောင်ကတော့ အေးတိအေးစက်။ တစ်ပတ် ဆယ်ရက် အိမ်မပြန်ခဲ့သော မောင်သည် ဒီစကားတွေပြောဖို့ အားယူနေခဲ့လေ သလား။ မောင် မရှိသည့် နေ့ရက်တွေကို သူမဘယ်လို ဖြတ်သန်းခဲ့ရသလဲ။ ဒါတွေကို မောင် သိမှသိပါရဲ့လား။ “ ဖြူ့မှာဘာအပြစ်ရှိလို့ ဒီလိုစကားမျိုးပြောရတာလဲ မောင် ” သူမ အမေးကို မောင်က စိတ်ရှုပ်ထွေးဟန်ဖြင့်ခေါင်းကုတ်၏။ ပြီးမှ သူမကို အေးစက်စက်အကြည့်များဖြင့်ကြည့်ကာ.. “ မောင် မင်းကိုငြီးငွေ့သွားပြီ ” တဲ့။ သူမ မျက်လုံးများပြာဝေသွားသည်။ သူမတစ်ကိုယ်လုံး နတ်ပူးသလို တုန်ယင် လာခဲ့ သည်။ “ တောက် .. ” သူမ အသိပြန်ဝင်လာသည့်အချိန်မှာတော့ မောင့်ရဲ့ တောက်ခေါက်သံကို ပီပြင်စွာကြားလိုက်ရ၏။ မောင့်ရဲ့ပါးပြင်မှာ လက်ဝါးရာတစ်ခုက နီရဲထင်ရှား စွာ။ သူမ အမြဲချစ်မြတ်နိုးခဲ့ရသော မောင့်ကို ရိုက်လိုက်မိသည်။ သူမ မှားလား။ မောင့်ကို ရိုက်လိုက်မိသည့်အတွက် သူမ မှားသွားလား။ ဟင့်အင်း သူမ မမှားပါ။ သူမ ရိုက်လိုက်သော ဒဏ်ရာသည် ခဏနေပျောက် သွားလိမ့်မည်။ သို့သော် သူမ ရရှိခဲ့ သည်က သေရာပါမည့်ဒဏ်ရာဖြစ်သည်။ အကြိမ်ကြိမ်ကျရှုံးနေသည့် မိန်းမတစ်ယောက်၏ဘဝကို မောင် ဥပေက္ခာပြုလွန်း အားကြီးသည်။ စာနာမှုတရားကင်းမဲ့လွန်းလှသည်။ ရက်စက်လွန်းခဲ့သည်။ မောင့်အရှေ့မှာပင် သူမ ယူကြုံးမရဖြစ်စွာ ငိုကြွေးမိသည်။ ရင်ဘတ်မှတစစ်စစ် နာကျင်လာပြီးနောက်တွင် သူမ ပုံလျက်သားလဲကျသွားခဲ့သည်။ နောက်ဆုံး သိလိုက်သည်က အမှောင်ထုက သူမကို သိမ်းကြုံးဆွဲငင်သွားခြင်းပင်ဖြစ်၏။
(၄)
ညသည် လမင်းကြီးကြောင့် ပို၍တင့်တယ်နေ၏။ လမင်းကြီးကမူ အမှောင်ကို ခွင်းရန် အလင်းရောင်တို့ကို အစွမ်းကုန်ဖြန့်ကျက်လျှက် တိုက်စစ်ဆင်နေ၏။ နာရီသံဆယ့်တစ်ချက်က ရှည်လျားစွာထွက်လာသည်။ ညဆယ့်တစ်နာရီထိုး ချေပြီ။ လမင်း၏ အလင်းရောင်ကြောင့် အမှောင်ထုကမသိပ်သည်းလှ။ ထို အချိန်သည် လူတိုင်းအိပ်စက်ခြင်းဖြင့်အနားယူနေသည့် အချိန်။ သို့သော် သူမတစ်ယောက်တည်း ခြံရှေ့မှခုံတန်းပြာလေးပေါ်တွင်ထိုင်နေမိ သည်။ အိပ်စက်ခြင်းသည် သူမနှင့်လုံးဝ မသက်ဆိုင်သကဲ့ရှိနေချေ၏။ မိုးလင်းချင်လင်းသွားပါစေ။ မောင့်ကို စောင့်ရမည်။ မောင့်ကို သူမ မမုန်းရက် ပါ။ တစ်ခါကျရှုံး ပြီးသည့် သူမဘဝ မောင့်လက်ထဲတွင် အကြိမ်ကြိမ်ကျရှုံးပါ စေတော့။ သူမအဖြစ်က မျက်ကန်းတစ္ဆေ မကြောက်သလို ဖြစ်နေခဲ့ချေပြီ။ အအေးဒဏ်က တစ်စစသိပ်သည်းလာသော်လည်း သူမက ကျောက်ရုပ် တစ်ရုပ်ပမာ ထိုင်နေမိဆဲပင်။ သူမ မုန်းတီး သော စံပယ်ပန်းရနံ့များက လည်း မကြာမကြာ ပျံ့လွင့်လာလေသည်။ ထိုစဉ် အဝေးမှလာသည့် ကားမီးရောင်သဲ့သဲ့ကို တွေ့လိုက်ရ၏။ သူမ ရင်ထဲလှိုက်ခနဲဖိုသွားရသည်။ မောင် ပြန်လာပြီ ထင်သည်။ သူမထိုင်နေသည့် ခုံတန်းပြာလေးရှေ့တွင် ကားကတုံ့ခနဲရပ်သွားသည်။ မကြာမီ ကားတံခါးဖွင့်ပြီး မောင် ဆင်းလာသည်။ မောင့်ဆီသို့ သူမ လျှောက် လာခဲ့သည်။ မောင့်ရှေ့တွင်ရပ်ကာ သူမ ပြုံးပြလိုက်သည်။ သို့သော် မောင် က သူမကို လုံးဝဂရုမစိုက်။ တစ်ဖက်ရှိ ကားတံခါးကို သွားဖွင့်နေလေ၏။ ကားထဲမှ လှပသောခြေအစုံက ပထမဆုံးထွက်လာ၏။ ပြီးနောက် ခေတ်ဆန်သောမိန်းကလေးတစ်ယောက် ထွက်လာသည်။ ထိုမိန်းက လေး၏ လှပမှုကို လရောင်အောက်တွင် သူမ မြင်လိုက်ရသည်။ သူမ အံ့သြ မှင်သက်စွာဖြင့် မောင့်ကို လှမ်းကြည့်လိုက်သည်။ မောင့်မျက်နှာပေါ်တွင် အပြုံး ရိပ်များကိုတွေ့ရသည်။ ထိုအပြုံးများကို သူမ ကြောက်ရွံ့ သွားမိခဲ့သည်။ ထိုစဉ်မှာပင် မောင်က မိန်းကလေး၏လက်ကိုဆုပ်ကိုင်လိုက်သည်။ ပြီးနောက် သူမထိုင်ခဲ့သည့် ခုံတန်းပြာလေး ပေါ်တွင် နှစ်ယောက်သားဝင်ထိုင်လိုက်၏။ မောင်က သူမကို လုံးဝဂရုမစိုက်ပါချေ။ မိန်းကလေးတစ်ယောက်နှင့် ညဉ့်သန်း ခေါင်ယံအချိန်အထိ အတူယှဉ်တွဲနေသည့် မောင့်အဖြစ်ကို သူမ လုံးဝ မရှုစိမ့် နိုင်။ မောင်က သူမအပေါ် စိမ်းကားရက်စက် လွန်းသည်။ မောင့်ဆီသို့ လျှောက် လာခဲ့သည်။ မောင့်အနားသို့ရောက်သောအခါ သူမရပ်လိုက်သည်။ မောင်က သူမကို တစ်ချက် မျှပင်မကြည့်။ ထိုစဉ် မောင်တို့ပြောနေသည့် စကားများကို သူမ တုန်လှုပ်စွာကြားလိုက်ရလေသည်။ “ မောင် .. မူယာ့ကိုချစ်ရဲ့လားဟင် ” “ ချစ်တာပေါ့ မူယာရယ်၊ ချစ်လို့ပဲ မူယာ့ကိုလက်ထပ်ခဲ့တာလေ ” အို .. မောင်တို့လက်ထပ်လိုက်ပြီဆိုပါလား။ ဒါဆို သူမကရော။ သူမကို မောင် ဘယ်လိုလုပ်မှာလဲ။ သူမလည်း မောင့်ရဲ့ဇနီးမယားတစ်ယောက်ပဲလေ။ သူမ ရှိလျှက်နဲ့ မောင်တခြားတစ်ယောက်ကိုလက်ထပ်စရာလား။ ဟင့်အင်း .. သူမ နားကြားမှားခြင်းပင်ဖြစ်မည်။ “ ဒါဆို မူယာနဲ့ မောင့်ရဲ့အရင်မိန်းမ ဘယ်သူ့ကိုပိုချစ်လဲ ” မောင် ဖြေလိုက်လေ။ သူမကိုချစ်တယ်လို့။ သူမ တစ်ယောက်တည်းကိုပဲ ချစ်တယ်လို့ဖြေလိုက်စမ်းပါ မောင်ရယ်။ ဒါမှ ဒီကောင်မ မောင့်အနားကနေ ထွက်သွားမှာ။ “ မောင်က မူယာ့ကိုသာအချစ်ဆုံး ” မျက်ရည်တွေက မဖိတ်ခေါ်ပဲ ကျဆင်းလာသည်။ မောင်ရက်စက်သည်။ အစက တော့ သူမကိုသာအချစ်ဆုံး တဲ့။ အခုတော့ သူမကိုဘေးချိတ်ထားရက်သည်။ သူမရှေ့တွင် တခြားတစ်ယောက်ကိုချစ်ကြောင်းပြောရက်သည်။ “ မူယာကတော့ မောင့်ရဲ့အရင်မိန်းမကို အရမ်းကျေးဇူးတင်တယ်သိလား ” သူမ နှုတ်ခမ်းကိုမဲ့လိုက်သည်။ သူမကိုကျေးဇူးတင်သတဲ့လား။ ဘာကြောင့် သူမကိုကျေးဇူးတင်ရတာလဲ။ သူမနဲ့ ဘယ်တုန်းကများ ကျေးဇူးတင် ကျေးဇူး စား ရှိုခဲ့ဖူးလို့လဲ။ ထိုမိန်းမကို သူမ မုန်းတီးစွာကြည့်နေမိခဲ့သည်။ “ သူထွက်သွားပေးလို့ မူယာနဲ့ မောင်အတူနေရတာလေ ” “ မူယာရယ် ၊ သေသွားတဲ့သူအကြောင်းကိုမပြောဘဲနေကြရအောင်လားကွာ ” သူမ တုန်လှုပ်သွားသည်။ သေပြီတဲ့ ..။ ဘယ်သူသေတာလဲ။ သူမလား ..။ မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ သူမ မသေပါဘူး။ မသေလို့ပဲ မောင်တို့ပြောနေ တာကိုကြားနေတာပေါ့။ “ သူသေသွားတာ မောင့်ပယောဂမပါပါဘူးနော် ” “ မပါပါဘူးကွာ ၊ မောင်ကွာရှင်းခွင့်တောင်းတဲ့အချိန်မှာ စိတ်ထိခိုက်လွန်ပြီးမေ့လဲ သွားတာလေ၊ နဂိုက နှလုံးရောဂါ အခံရှိတော့ အသက်ပါမလာတော့ဘူးပေါ့ ” သူမ သဲကွဲစွာကြားနေရသည်။ သူမ နှလုံးရောဂါနှင့် သေသွားပြီတဲ့။ မောင် ညာသည်။ သူမ မသေပဲ သေပြီလို့ ပြောရက်သည်။ ရယ်မောပျော်ရွှင်နေ ကြသည့် မောင်တို့ကိုကြည့်ပြီး သူမတဆတ်ဆတ်တုန်လာ၏။ အနီးအနားကို ဝေ့ကြည့်လိုက်စဉ် တုတ်တစ်ချောင်းကိုတွေ့လိုက်ရသည်။ သူမ တုတ်ချောင်းကိုဆွဲကိုင်လိုက်သည်။ သူမ မသေဘူးဆိုတာ သက်သေပြ ရမည်။ လက်ထဲမှတုတ်ဖြင့် မောင်တို့ ကိုလှမ်းရိုက်သည်။ အကြိမ်ပေါင်းများစွာ ရိုက်သည်။ သူမမျက်လုံးကို အသေမှိတ်ထားခဲ့သည်။ သူမ မျက်လုံးကို မဖွင့်ရဲ။ သွေးသံတရဲရဲဖြစ်နေမည့် မောင့်ကိုမြင်ရမှာကြောက်သည်။ သို့သော် အားတင်းပြီး သူမ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမ အံ့သြသွားသည်။ အဖြစ်အပြက်များက သူမတွေးထင်ထားသလိုမဟုတ်။ မောင်တို့နှစ်ယောက် သူမ၏ရိုက်ချက်များအောက်တွင် အလူးအလိမ့်နာကျင် နေလိမ့်မည်ဟုထင်ခဲ့သည်။ အခုတော့ သူမ အထင်နှင့်အမြင် တက်တက်စင် အောင်လွဲနေချေသည်။ မောင်သည် ထိုမိန်းကလေးနှင့် ရယ်မောပျော်ရွှင်စွာ စကားပြောနေဆဲပင်ဖြစ်၏။ သူမ မောင်တို့နှစ်ယောက်လုံးကို တုတ်နှင့် အသားကုန်လှမ်းရိုက်သည်။ မထိ .. လုံးဝမထိ။ ရိုက်ချက်က မထိပဲ လေကိုရိုက်သလိုဖြစ်နေ၏။ သူမ ထပ်ရိုက် သော် လည်း အချဉ်းကနှီးပင်။ ရိုက်ချက်များက မောင်တို့ကိုထိလျက်နှင့် ဘာကြောင့် လွဲချော်နေရတာလဲ။ သူမ တဖြည်းဖြည်းတုန်လှုပ်လာခဲ့သည်။ မောင်တို့ပြောသလိုများ သူမ …။ ဟင့်အင်း မဖြစ်နိုင်ပါဘူး။ သူမ မယုံနိုင် စွာဖြင့် မောင်တို့ကိုအဆက်မပြတ်ရိုက် နေမိသည်။ သို့သော် အမှန်တရားတစ်ခုကို သူမ နားလည်လာပြီးသည့်နောက် ..။ ညသည် ငိုရှိုက်သံများနှင့် ဖုံးလွှမ်းသွားခဲ့လေသည်။
Posted by နတ်ရဲ (ရူပဗေဒ)

No comments:
Post a Comment