-အဖြူရောင်ရင်ခွင်-
(၁)ကျုပ်အရင်က ဒီအလုပ်ကိုဝါသနာပါလှတာမဟုတ်ဘူး။ ကိုယ့်ဘာသာ ဆိုင်ကယ်တက္ကစီလေး ဆွဲပြီး ဘဝကို ဖြတ်သန်းလာတာ။ သားသမီးတွေရှိတော့လည်း ဘဝဆိုတာ ဘယ်လောက် ကြမ်းကြမ်း အိုအေစစ်တစ်ခုလိုထင်မိခဲ့တာ။ ကျုပ်ဆီ ဒီပိုးရောက်လာတာ ကျုပ်သားငယ်လေး ကြောင့်။ ကျုပ်သားငယ်လေးက အင်မတန်ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်တာ။ အခုမှ အသက်က ဆယ်နှစ်တည်းရှိသေးလို့သာ။ အကြီးကောင်ကတော့ သူ့ဘာသာသူအေးဆေးပဲ နေတတ်တာ။ ပြောရမယ်ဆို ကျုပ်က သားကြီးထက် သားငယ်ရဲ့စိတ်ကိုကြိုက်သဗျ။ ဒါပေမဲ့ သားငယ်ရှေ့မှာတော့ မပြောရဲဘူး။ ဒီကောင် ရောင့်တက်လာမှာသေချာတယ်။ ကျုပ်သားငယ်လေးက တရိစ္ဆာန်တွေကိုအရမ်းချစ်တာ။ သူများရိုက်လွှတ်လိုက်တဲ့ခွေးကလေး တွေ ထိတ်ပုတ် ခေါင်းကွဲဖြစ်ပြီဆို အရက်ပြန်လေးထည့်ပေးပြီးခေါ်ထားလိုက်ရော။ အနာတွေ ပုတ်ပွလို့နံစော်နေတဲ့ခွေးကလေးတွေကို တောင် ဒီကောင်မရွံရှာဘူး။ အရက်ပျံတွေ မီးဖိုထဲက ပြာတွေလောင်းထည့်လို့ သူ့ဦးနှောက်တစ်ထွာတစ်မိုက်လေးက ထွက်တဲ့ အတိုင်း ဒေါက်တာ ရမ်းကုလုပ်တတ်တာ။ ဟိုတစ်ခါကလည်း ခွေးလေးတစ်ကောင်ခြေထောက်နာနေတာကို သူ့ အမေရဲ့ပရုပ်ဆီ တွေယူလိမ်းပေးတာ တစ်ဘူးလုံးကုန်ရော။ အရိုက်ခံရတာတောင် ဒီကောင် အပြုံးမပျက်ဘူး။ ကျုပ်သားနှစ်ယောက်မှာ အကြီးကောင်က ပျော့တိပျော့ဖတ်ဆိုပေမယ့် စိတ်တော့အရမ်းကြီးတယ်။ ဒေါသကြီးတဲ့ နေရာမှာလည်း သူ့အမေနဲ့ တစ်ထေရာတည်း။ သားငယ်လေးကတော့ ဆိုးဆိုးပေပေ လေးဆိုပေမယ့် စိတ်ထားနူးညံ့တယ်။ တစ်ခုခုဆို ကူညီချင်လိုက်တာလည်း ကျုပ်ငယ်ငယ်ကအတိုင်း ပဲ။ ခြံဝမှာလာတောင်းတဲ့မိန်းမတစ်ယောက်ကို သူ့အမေရဲ့ ထဘီအသစ်စက်စက်ကြီးကိုယူပြီးပေး လိုက်တာများ ရက်ရက်ရောရောပဲ။ သူ့အမေရိုက်လို့ တံမြက်စည်းတစ်ချောင်းကုန်တာတောင် အသံ တစ်ချက်မှမထွက်ဘူး။ မနေနိုင်လို့ကျုပ်ဝင်ဆွဲတော့ ဘာပြောတယ်မှတ်လဲ။ ထမီလေးတစ်ထည်ပေး လိုက်တာများ အကုန်လုံးပေးလိုက်တာကျနေတာပဲ။ အခုတော့ တံမြက်စည်းတစ်ချောင်းဆုံးသွားပြီ မဟုတ်လားတဲ့။ ဘုန်းကြီးကျောင်းမှာသွားလှူရင် ကုသိုလ်တောင်ရဦးမယ်ဆိုပဲ။ သူ့အမေဆို ဒေါသ ထွက်လွန်းလို့ တဆတ်ဆတ်တုန်နေရော။ အရိုက်ခံရလို့အသံတစ်ချက် မထွက်တဲ့ကောင်က သူကုပေးထားတဲ့ခွေးကလေးတစ်ကောင်သေ သွားတော့ ငိုလိုက် တာများဗျာ။ ပြီးတော့ ထမင်းလုံးဝမစားပဲ ငိုင်တိငိုင်တိုင်လေးနေတော့တာ။ ရပ်ကွက်ထဲမှာလည်း သားငယ်လေးနဲ့မသိတဲ့ သူ မရှိဘူး။ ဒီကောင်က ကူညီတတ်တော့ အားလုံး ချစ်ကြတယ်။ အခုလည်း ဘယ်သူပေးလိုက်လဲမသိဘူး။ ကြက်ကလေး နှစ်ကောင်ပါလာတယ်။ အထီးနဲ့အမတစ်စုံ။ မမွေးပါနဲ့လို့ပြောတော့ သူ့ကြက်က ရိုးရိုးကြက်မဟုတ်ဘူး။ တိုက်ကြက်တဲ့။ ကျုပ် အံ့သြသွားရတယ်။ သူ့အမေကတော့ ခါးခါးသီးသီးပဲ။ ဒီတော့ ဒီကောင် ထမင်းမစားပဲ ဆန္ဒပြတော့တယ်။ ကျုပ်ကတော့ သားအမိနှစ်ယောက်ရဲ့လွန်ဆွဲပွဲကို ဒီအတိုင်းပဲကြည့်နေလိုက် တယ်။ ဒီကောင်နေနိုင်ပေမယ့် သူ့အမေက မနေနိုင်ဘူးဗျ။ ခွင့်ပြုလိုက်ရောပေါ့။ အစကတော့ ဒီဝါသနာက သားငယ်တစ်ယောက်တည်း ပါလာသလားလို့ပေါ့။ တဖြည်းဖြည်းနဲ့ကျုပ် လည်း ဝါသနာ ပါလာတယ်။ တက္ကစီဆွဲပြီးအပြန်ဆို ဒီကြက်ကလေးတွေဆီပဲပြေးကြည့်မိတယ်။ ကြက်ကလေးနှစ်ကောင်ကလည်း ကြီးလာ လိုက်တာ အရောင်သွေးစုံစုံနဲ့။ သူ့အမေဆိုလည်း ဆန် လေးလက်တစ်ဆုပ်လောက် အမြဲကြဲပေးနေတာပဲ။ ဒီကြက်လေးနှစ် ကောင်ကို ကျုပ်တို့မိသားစု သံယောဇဉ်တွယ်လာရော။ ကြက်မ ဥစဥတော့ သားငယ်လေးအရမ်းပျော်နေတာဗျ။ ကြက်က လေးတွေရတော့မယ်ဆိုပြီး ပျော်နေလိုက်တာ။ သားငယ်လေးကိုကြည့်ပြီး ကျုပ်တို့လည်းကြည်နူး နေမိတယ်။ ဒီလိုနဲ့ကြက်နှစ်ကောင်ကိုအစပြုပြီး ပွားလာလိုက်တာ ကျုပ်တို့အိမ်ဘေးမြေကွက်လပ်မှာကြက်ခြံ သေးသေးလေး ဆောက်ထားရတဲ့ အထိ။ ကြက်က တိုက်ကြက်တွေဗျ။ အပျိုးက ကောင်းသလား မမေးနဲ့။ တကယ့်ကြေးနဲ့တိုက်စားတဲ့ ကြက်တိုက်သမားတွေတောင် မျက်စိကျလာကြတာ။ ဈေး ကောင်းပေးပြီးလည်း လာဝယ်တယ်။ တိုက်ကြက်ဆိုတော့ တခြား ကြက်တွေနဲ့စာရင်ဈေးကောင်း ရတာပေါ့။ သူ့အမေကရောင်းချင်ပေမယ့် ဒီကောင်ကမရောင်းဘူးဗျ။ ကျုပ်သူငယ်ချင်းတစ်ယောက်အိမ်ကိုရောက်လာတာကစပြီး ဒီပိုးက ကျုပ်သားနဲ့ကျုပ်စီကူးစက် သွားတော့တာပဲ။ ကျုပ်သူငယ်ချင်းကပြောတယ်။ တိုက်ကြက်ကိုဒီအတိုင်းထားရင် ကြက်တုံးသွား တတ်တယ်တဲ့။ ဒီတော့ ခွပ်လက်ပေးရတယ် တဲ့။ ကျုပ်ကလည်း အခုမှတိုက်ကြက်မွေးဖူးတော့ မသိဘူး။ ခွပ်လက်ပေးပြီး တိုက်ကြည့်လို့ တစ်ပွဲတက် နှစ်ပွဲတက်ဆို တိုက်ကြက်ဈေးက ကိုယ့် ပါးစပ်ထဲမှာဆိုပဲ။ တကယ့်ကြက်တိုက်သမားတွေက ကိုယ်ခေါ်သမျှဈေးပေးဝယ်သတဲ့ဗျ။ ဒီတော့ တိုက်ကြက်အပေါ်ထားတဲ့ကျုပ်သဘောထားတွေပြောင်းလာတယ်။ ကျုပ်သူငယ်ချင်းက သူ့ကြက်ကိုယူလာပြီး ကျုပ်ကြက်နဲ့ခွပ်လက်ပေးတယ်။ နှစ်ချက်လောက်ပဲ ခွပ်ရသေးတယ် သူ့ကြက်ပြေးသွားရောဗျာ။ ကျုပ်ကြက်ရဲ့ခွပ်ချက်က ပြင်းလိုက်တာလွန်ရော။ ကျုပ်သားငယ်လေးဆို သူ့ကြက်နိုင်လို့ပျော် နေလိုက်တာ။ ကြက်ခွပ်လက်ပေးပြီးဒီအတိုင်းမထား ဘူးဗျ။ ရေထိုး လက်ပူတိုက်လုပ်ပေးတယ်။ ပြီးတော့ ကြက်ကို ချွဲထုတ်ပေးတယ်။ ကျုပ်သူငယ်ချင်း လုပ်ပေးနေသမျှ ကျုပ်သားနဲ့ကျုပ်ထိုင်ကြည့်နေမိတယ်။ တစ်ခါမှတ်မိသွားရင် နောက်တစ်ခါဆို သူများကိုလုပ်ခိုင်းစရာမလိုတော့ဘူးလေ။ ကိုယ်တိုင်လုပ်ရုံပေါ့။ ဒီလိုနဲ့ တိုက်ကြက်ပိုးက ကျုပ်တို့သားအဖဆီချည်းနင်းဝင်ရောက်လာတော့တယ်။ ကြက်ဖတွေ ကိုကျတော့ ကောင်းကောင်းပြုစုရတယ်။ ညရောက်လို့အိပ်တန်းတက်ပြီဆို ကြက်ဖတွေကို တစ်ကောင်ချင်းဆီ အစာထပ်ကျွေးတယ်။ ကျွေးတာကကျတော့ စပါးနဲ့ဆန်ကိုရောကျွေးတယ်။ ဒီအတိုင်းမြေမှာချကျွေးရင် ကြက်နှုတ်သီးနာမှာစိုးလို့ ဘူးခွံအလွတ် တစ်ခုမှာ အဝတ်ဟောင်းကို ပတ်ပြီး အစာတင်ကျွေးရတယ်။ ကြက်အတောင်တွေ ခြေတောက်တွေကို နှိပ်နယ်ပေးရတယ်။ ကျုပ်မိန်းမကတော့ သိပ်မကြည်ချင်ဘူး။ ကြက်တွေနဲ့ပဲအလုပ်ရှုပ်နေတဲ့ကျုပ်တို့သားအဖကို မျက်စောင်းတချီချီနဲ့ပေါ့။ ကျုပ်သားကြီးကတော့ ကြက်ကိုယောင်လို့တောင်မလှည့်ကြည့်ဘူး။ ကျုပ်တို့သားအဖနှစ်ယောက်သာပဲ ဒီတိုက်ကြက်တွေနဲ့ လုံးချာလိုက်နေလေတော့တယ်။
(၂)
အခုတလော တက္ကစီဆွဲရသိပ်အဆင်မပြေဘူး။ မြို့သေးသေးလေးမှာတိုးလာလိုက်တဲ့ဆိုင်ကယ် တွေကအများကြီး။ တစ်အိမ်ကိုတောင် နှစ်စီးသုံးစီးရှိလာကြပြီ။ ကျုပ်မှာတော့ ရှိနေတဲ့ဆိုင်ကယ် အစုတ်လေးနဲ့ပဲ ရလိုရငြားတက္ကစီဆွဲရတယ်။ တက္ကစီဆွဲတဲ့ဆိုင်ကယ်သမားတွေလည်းအများသား။ ကိုယ့်ဖောက်သည်နဲ့ကိုယ်မို့သာ တစ်နေ့လေးငါးထောင်ရအောင်မနည်း ဟဲနေရတာ။ အများဆုံးရ တဲ့နေ့ဆို ကိုးထောင်တစ်သောင်းလောက်ပေါ့။ နယ်ဝေးကိုအော်ဒါပါသွားရင် တစ်သောင်းခွဲလောက် တော့ရတယ်။ ဒါပေမဲ့ ရတဲ့ငွေက ဆိုင်ကယ်ပြင်လို့ကုန်တာနဲ့ပဲ သိပ်အဖတ်မတင်မိဘူး။ ဆိုင်ကယ်ကကြာပြီဆိုတော့ အမြဲတမ်း ပြင်နေရတယ်။ ပျက်အစဉ် ပြင်ခဏဆိုတဲ့စကားလိုပဲ။ အမြဲပျက်ပျက်နေပြီး ပြင်လိုက်တော့ လည်း ခဏလေးပဲခံတယ်။ ဆိုင် ရောက်ပြန်ရော။ ဆိုင်ကယ်လေးလဲထုတ်ချင်ပေမယ့် လက်ထဲမှာလည်း ငွေပိုငွေလျှံမရှိတော့ခက်သား။ အခုတလော ကျုပ်မိန်းမလည်းတော်တော်လေးတွက်ချေကိုက်နေတယ်။ ကျုပ်တက္ကစီဆွဲတာသိပ်မရ ပေမယ့် ကြက် ရောင်းရတဲ့ငွေနဲ့ကာမိနေလို့သာပဲ။ တိုက်ကြက်ပျိုးမို့ လာဝယ်ကြတာ။ ကြက်မဒန်း တစ်ကောင်ကို ငါးထောင် ခြောက်ထောင်ရတယ်။ ကြက်ဖကျတော့ မရောင်းဘူး။ ကြက်မဆိုတော့ မျိုးပွားလာပြီးအများကြီးဖြစ်လာရင် အစာဖိုးနဲ့ အကုန်အကျများမှာ စိုးတယ်။ ကိုယ်က စီးပွားဖြစ်မွေး တာမဟုတ်တော့ အများကြီးလည်းမမွေးနိုင်ဘူး။ ဒါတောင် စုစုပေါင်းအကောင်သုံးဆယ် လောက်ရှိ သေးတယ်။ ကြက်မကများတယ်။ ကြက်ဖကျတော့ ဆယ်ကောင်လောက်ပဲပါတယ်။ ခွေးဆွဲတာတွေ လည်းရှိတော့ သိပ်အဖတ်မတင်ဘူး။ ကြက်ဖကကျတော့ ဈေးကောင်းရတယ်။ အလတ်စားတစ်ကောင်ကိုတစ်သောင်းပေးနေပြီ။ ဒါတောင် ခွပ်လက်တစ် ခါပေးပဲရှိသေးတာ။ ခွပ်လက်သုံးခါပေးပြီးလို့ တစ်ပွဲနိုင်ရင် နှစ်သောင်း။ ဒါပေမဲ့ ကျုပ်မရောင်းဘူး။ ကျုပ်က ကြက်မွေးပြီးရင် သံယောဇဉ်ကြီးတယ်ဗျ။ ကျုပ်တို့သားအဖက ကြက်ကိုယုယုယယနဲ့ပြုစုတာ။ မျက်စိအောက်အပျောက်မခံနိုင်အောင်ချစ်တာ။
ဟိုသားအမိကကျတော့ ဒီလိုမဟုတ်ဘူး။ ကြက်ကိုအစာတစ်ခါကျွေးရင်ကံကောင်း။ အိမ်ထဲကြက် ဝင်ရင် နီးတာနဲ့ ဆွဲပစ်တာ။ ကြက်လာဝယ်တဲ့အသံများကြားလို့ကတော့ အချိုးကိုပြောင်းသွားရော။ ကြက်ဖတွေဈေးကောင်းရပြီဆို ရောင်း ချင်ကြတာပဲ။ ကျုပ်က ကျုပ်လက်နဲ့ပြုစုထားတဲ့ကြက်ကို သူများကိုမရောင်းချင်ဘူး။ ဒါကြောင့် ကြက်မကိုရောင်းခိုင်းပြီး ကြက်ဖကိုချမ်းသာပေးလို့ပြောထား ရတယ်။ ဒါတောင်သိပ်မကြည်ချင်သေးဘူး။ ဈေးကောင်းရတဲ့တော့ ကြက်ဖကို မျက်စောင်းထိုးချင် သေးတယ်။ တကယ်မလွယ်တဲ့ မိန်းမ။ အဲ .. ပြောမယ့်သာပြောရတယ်။ ကျုပ်မိန်းမကိုလည်း သနားသားဗျ။ အရင်ကပြည့်ပြည့်စုံစုံနေ လာခဲ့သမျှ အခု အကျည်းထဲ အကျပ်ထဲရောက်လာတော့ သူလည်း ငွေရနိုင်မယ့်နည်းလမ်းတွေ ကို ကြံဖန်တွေးမိတယ်ထင်ပါ့။ ခြံထဲက ထွက်တဲ့ အသီးအနှံလေးတွေဆိုလည်း ဟင်းရွက်ရောင်းတဲ့ သူတွေကိုဖောက်သည်သွင်း။ ကြက်လာဝယ်ရင်ကြက်ရောင်းလို့။ ရလာတဲ့ငွေကလည်း လက်ထဲမှာ ကြာရှည်ခံတာမှတ်လို့။ နေ့မြင်ညပျောက်ဆိုသလိုပဲ။ အိမ်ရဲ့ဝေယျာဝစ္စမှန်သမျှ ကျုပ် မိန်းမပဲဖြေရှင်း နေခဲ့ရတာ။ ကျုပ်က ဆိုင်ကယ်တက္ကစီလေးဆွဲ။ အပြန်ကျရင် ရလာတဲ့ငွေကို မိန်းမဆီအပ်။ ပြီးရင် ကျုပ်တို့သားအစ်ဖ ကြက်တွေနဲ့ပဲအချိန်ကုန်သွားကြတာ။ ကျုပ်မိန်းမကျတော့ လက်ထဲ ရောက်လာတဲ့ငွေလေးနဲ့ သင့်တင့်မျှတအောင် ဘယ်လိုခြိုးခြံသုံးနေရလဲဆိုတာ ကျုပ် မတွေးမိဘူး။ ပြီးတော့ ကျုပ်မိန်းမကို လေးစားရတဲ့အချက်တစ်ချက်က ကြက်တွေကို လာဝယ်တိုင်းမရောင်း တာကိုပဲ။ ဟိုနေ့က ကြက်မဒန်းလေးတစ်ကောင်ကိုလာဝယ် တော့ ကျုပ်မိန်းမ ဝမ်းသာအားရနဲ့ကိုထရောင်းရှာတာ။ နောက်မှ ကြက်စွပ်ပြုတ်လေး သောက်ချင်လို့လာဝယ်တာဆိုတဲ့စကားကိုလည်းကြားရော မရောင်းတော့ဘူးဗျ။ ကျုပ် ရင်ထဲ ပီတိဖြစ်မိတယ်ဗျာ။ ငွေဘယ်လောက်လိုလို ကိုယ်မွေးထားတဲ့ကြက်လေးသေတွင်း ထဲရောက်မယ့် ကိစ္စကိုတားလိုက်နိုင်တာ ဘယ်လောက်ကြည်နူးဖို့ကောင်းလိမ့်သလဲ။ ကျုပ်တို့က တိရိစ္ဆာန်တွေကိုမွေးပြီးရင် သံယောဇဉ် တွယ်လွယ်တယ်ဗျ။ ကျုပ်သားငယ်လေးလည်း ဒီအတိုင်းပဲ။ သူ့ကြက်ကလေးတွေကို တုန်နေအောင်ချစ်ရှာတာ။ ကြက်မ တွေရောင်းတာတောင် သူ့မျက်နှာ မကြည်ချင်ဘူး။ ဒါပေမဲ့လည်း ကြက်မတွေကမရောင်းလို့မဖြစ်ပြန်ဘူး။ ကြက်တွေ ပွားလာရင် ထားစရာမရှိ ကျွေးစရာမရှိဖြစ်ကုန်မှာလေ။ ဒီတော့ ကြက်မတွေက ကျုပ်မိန်းမနဲ့သာဆိုင်ပြီး ကြက်ဖတွေကျတော့ ကျုပ်တို့သားအဖရဲ့မူပိုင်လိုဖြစ်နေခဲ့တော့တာ။
(၃)
အခုတလော မိန်းမလည်း မျက်နှာမကောင်းလှဘူး။ ငွေရေးကြေးရေး ကြပ်တည်းမှုက ကျုပ်တို့ဆီ ရွေ့လျားလာတော့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ဒီကြားထဲ တက္ကှစီကလည်း သိပ်ဆွဲလို့ မကောင်း။ ဟိုဘက်လမ်းထိပ်က မရွှေကြည်ကလည်း အိမ်ကိုခပ်စိပ်စိပ်လေးဝင်ထွက်လာတော့ ကျုပ်သိလိုက်ပြီ။ ကျုပ်မိန်းမ အကြွးယူထားမိပြီ။ မရွှေကြည်က ငွေမျက်နှာ ကလွဲပြီး ဘာကိုမှ ကြည့်တတ်တာမဟုတ်ဘူး။ ဒီတော့ အကြွေးဘယ်လောက်ရှိလဲလို့ ကျုပ်မိန်းမကိုမေးကြည့်မိတယ်။ ငါးသောင်းတဲ့။ အတိုးမပါပဲ အကြွေးက ငါးသောင်းတောင်တဲ့။ တစ်နေ့တက္ကစီဆွဲလို့မှ ကျုပ် ငါးထောင်ရရင် ကံကောင်း။ အခု ဒီငွေ ငါးသောင်းကိုကျုပ်ဘယ်လိုရှာရမလဲ။ ကျုပ်တို့မှာပိုလျှံလို့ စုမိဆောင်းမိတယ်ဆိုတာလည်းမရှိဘူး။ အကျဉ်းအကြပ်တွေက ဘေးတိုက်နံတိုက် ရွေ့လျားလာ တော့ ကျုပ်တို့လင်မယားနှစ်ယောက်ခေါင်းခဲရပြီ။ မရွှေကြည်က တစ်ပတ်ရက်ဆိုင်းပေးထားသတဲ့။ တစ်ပတ်ပြည့်လို့မှ မပေးနိုင်ရင် မရွှေ့ကြည်ကို ကျုပ်တို့ဘယ်လိုရင်ဆိုင်ရမလဲ။ စဉ်းစားမိတိုင်း ကျုပ် ခေါင်းမှာ ဆံပင်ဖြူတွေများလာသလိုပဲ။ ကျုပ်မိန်းမဆီက သက်ပြင်းချသံသဲ့သဲ့ကလည်း ကျုပ်ရင်ကို အပူလှိုင်းတစ်ခုကိုဖြတ်သွားတယ်။ ကျုပ်မိန်းမလည်း ဘယ်လောက်တောင် သောကဖြစ်နေလိုက် မလဲ။ ကျုပ်မိန်းမကို သနားစိတ်တွေ တရိပ်ရိပ်တိုးလာရတယ်။ ဟိုတွေးဒီတွေးနဲ့ ကျုပ် ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိလိုက်ပါဘူး။ ကျုပ်သားငယ်လေးရဲ့ ခေါ်သံကြားမှ ကျုပ်လန့်နိုးလာခဲ့တယ်။ ပထမဆုံးရင်ဆိုင်လိုက်ရတာက သားငယ်လေးရဲ့မျက်ရည် ဝိုင်းနေတာ့ မျက်ဝန်းနှစ်စုံကိုပါပဲ။ ကျုပ် ထိတ်ကနဲဖြစ်သွားခဲ့တယ်။ သားငယ်လေးက ကျုပ်လက် ကိုကိုင်ပြီး တုန်တုန်ယင်ယင်ပြောရှာတယ်။ “ ဖေကြီး .. ခဝဲလေးမရှိတော့ဘူး၊ သား ညကသေချာထည့်ထားခဲ့တာ၊ အခုမရှိတော့ဘူး ဖေကြီးရဲ့ ” သားငယ်လေးရဲ့မျက်နှာက ပြိုတော့မဲ့မိုးလို အုံ့မှိုင်းလို့နေတယ်။ ကျုပ်လည်း ဆတ်ကနဲတုန်သွား တာပဲ။ ခဝဲဆိုတာ ကျုပ်တို့သားအဖ ချစ်စနိုးခေါ်တာလေ။ ခဝဲလေးက တိုက်ကြက်ကောင်း။ နှစ်ပွဲ တောင်နိုင်ပြီးသွားပြီ။ ကြက်တိုက်သမားတွေ လည်းဝယ်ဖို့ အမြဲလာလာမေးနေကြတာ။ ခဝဲလေးကို သုံးသောင်းပေးထားကြတာ။ ဒါတောင် ကျုပ်တို့ မရောင်းဘူး။ ကျုပ် သူငယ်ချင်းကပြောတယ်။ ငါးပွဲ နိုင်လို့ရှိရင် ကြက်တိုက်သမားတွေက သိန်းချီပေးပြီးဝယ်ကြတာတဲ့။ အခု ခဝဲလေးကိုမတွေ့တော့ဘူး ဆိုတော့ ကျုပ် တုန်လှုပ်သွားရတယ်။ “ သေချာရဲ့လား သားရဲ့၊ ညကသေချာထည့်ထားတာ ဖေကြီးလည်းတွေ့တာပဲ၊ ရှိရမှာပေါ့ ” “ သေချာကြည့်ပြီးပြီ ၊ မရှိဘူး ဖေကြီးရဲ့၊ ခဝဲလေး အခိုးခံရပြီထင်တယ်၊ ဟိုဘက်ရပ်ကွက်ထဲက ကြက်တွေတောင် မကြာမကြာ အခိုးခံရတယ်တဲ့ ” သားငယ်လေးက ပြောပြီး မျက်ရည်ကျလာတယ်။ ကျုပ် ရင်ထဲနင့်နေအောင်ခံစားရတယ်။ “ မဖြစ်နိုင်ပါဘူး သားရယ်၊ လာ .. ဖေကြီးတို့သွားရှာရအောင်နော်၊ ဖေကြီးတွေ့အောင်ရှာပေးမယ်၊ ကြားလား ” သားငယ်လေးက မျက်ရည်ကြားကနေခေါင်းညိတ်ပြတယ်။ ကျုပ် ခြေလှမ်းကျဲကျဲနဲ့ ကြက်ခြံဆီကို လျှောက်လာခဲ့တယ်။ ကြက်ခြံထဲဝင်ပြီး ကြက်တွေကို သေချာရှာကြည့်တယ်။ မတွေ့ဘူး။ ခဝဲလေးကို ရှာလို့တောင်မတွေ့ဘူး။ သားငယ် လေးပြောတာမှန်ပြီ။ ခဝဲလေး အခိုးခံလိုက်ရပြီ။ “ တောက် .. တော်တော်အတင့်ရဲတဲ့သူခိုး၊ ခြံထဲဝင်ပြီးတော့တောင်ခိုးရတယ်လို့ကွာ၊ မိရင်တော့ လား ရဲလက်ထဲအပ်ပြီး ထောင်ချပစ်ရမယ် ” ကျုပ် ဒေါသတကြီးအော်ဟစ်လိုက်မိတယ်။ ကျုပ်တို့တန်ဖိုးထားတဲ့ ကြက်ကို ဒီလိုအလွယ်ခိုးသွား တာ ဘယ်လောက် ခံပြင်းဖို့ကောင်းလဲ။ ကျုပ်သားငယ်လေးကတော့ မြေကြီးပေါ်ထိုင်ပြီး တရှုံ့ရှုံ့ ငိုကြွေးလို့။ သားငယ်လေးအနားမှာ ကျုပ်လည်း ထိုင်ချလိုက်တယ်။ သားငယ်လေးရဲ့ဆံပင်ကို ဖွဖွလေးပွတ်သပ်လိုက်ပြီး .. “ မငိုနဲ့သားငယ်ရ၊ အဲဒီ သူခိုးကိုတွေ့ရင် ဖေကြီးထောင်ချပစ်မယ် ” သားငယ်လေးက မျက်ရည်ကြားကနေ ကျုပ်ကိုလှမ်းကြည့်တယ်။ ပြီးတော့ နှုတ်ခမ်းသေးသေး လေးကနေ ကျုပ်ကိုလှမ်းမေးတယ်။ “ ထောင်ချရင်ဘာဖြစ်လဲဟင် ဖေကြီး ” “ ထောင်ကျရင် လွတ်လွတ်လပ်လပ်မနေရဘူးပေါ့ကွ၊ ဒီကြက်ခြံလေးလို အခန်းကျည်းလေးထဲမှာ နေရတာ ” “ ဒါဆို ခဝဲလေးကိုခိုးသွားတဲ့သူခိုးကို ထောင်ချပစ်နော် ဖေကြီး၊ ဒါမှ သားကြက်လေးတွေကိုနောက် ထပ်မခိုးမှာ ” “ အေးပေါ့၊ နောက်တစ်ခါမခိုးအောင် ဖေကြီးထောင်ချပစ်မယ်ကွ ” သားငယ်လေးက မျက်ရည်တွေကြားကနေပြုံးလာတယ်။ မခြောက်သေးတဲ့မျက်ရည်စတွေကို လှမ်းသုတ်ပေး လိုက်တယ်။ ကျုပ်သားငယ်လေးက အဲဒီလိုပါပဲ။ သူ့ကြက်ကလေးတွေကိုဆို အရမ်း သံယောဇဉ်ကြီးရှာ။ သူခိုးကလည်း သားငယ်လေးရဲ့ကြက်ကိုမှခိုးရတယ်လို့။ တွေ့များ တွေ့ရင်တော့ သေပြီသာမှတ်တော့လို့ ကျုပ်ဒေါသတကြီး ကြိမ်းဝါး လိုက်မိတယ်။
(၄)
ဒီနေ့ အိပ်ယာနိုးတာနဲ့ မနက်ခင်းက ပိုခြောက်သွေ့နေသလိုပဲ။ မီးဖိုထဲမှာချက်ပြုတ်နေတဲ့ ကျုပ် မိန်းမအသံလည်း မကြားရဘူး။ စကားများလွန်းတဲ့ သားငယ်လေးရဲ့အသံလည်းမကြားရဘူး။ အိပ်ယာထဲကနေ ကျုပ်ထလာခဲ့တယ်။ မျက်နှာသစ်ဖို့အတွက် ခြံထောင့်နားက ရေတွင်းနားကို လျှောက်ခဲ့တယ်။ အဲဒီမှာ တရှုံ့ရှုံ့နဲ့ငိုနေတဲ့ကျုပ်သားငယ်လေးကိုတွေ့လိုက်ရတာပဲ။ ကျုပ်ရင်ထဲ ထိတ်ကနဲဖြစ်သွားတယ်။ သားငယ်လေး ဘာဖြစ်ပြန်တာလဲ။ သူ့အမေ ရိုက်လိုက်လို့များလား။ ဒီမိန်းမ တော့ကွာ။ မနက်စောစောကြီး ခလေးကိုရိုက်ရတယ်လို့။ ကျုပ်မိန်းမကိုဒေါသဖြစ်သွားပြီး သားငယ်လေးဆီကိုလျှောက်လာခဲ့ တယ်။ “ သားငယ် .. ဘာဖြစ်လို့လဲကွ၊ သားအမေရိုက်လိုက်ပြန်ပြီလား ” ကျုပ်မေးတော့ သားငယ်လေးက ခေါင်းခါပြတယ်။ ဒါပေမဲ့ ငိုနေတာကိုတော့ တစ်ချက်မှမရပ်ဘူး။ သားငယ်လေးကို ကြည့်ပြီး ကျုပ်တောင် ဝမ်းနည်းလာမိတယ်။ “ ဒါဆို ဘာဖြစ်လို့လဲ သားရဲ့၊ ဖေကြီးကိုပြောလေ၊ မငိုပါနဲ့တော့ကွ ” ကျုပ် သားငယ်လေးရဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်။ သားငယ်လေးက ကျုပ်ကိုကြည့်ပြီး လှမ်းပြောတယ်။ “ ငနီလေးမရှိတော့ဘူး အဖေ ” သားငယ်လေးရဲ့စကားကိုကြားတော့ ကျုပ် ထိုင်ချမိလျှက်သားဖြစ်သွားတယ်။ မနေ့ကပဲ ခဝဲလေး ပျောက်သွားတာ။ ဒီနေ့ ငနီလေး မရှိတော့ပြန်ဘူးတဲ့။ “ သေချာရဲ့လား သားရဲ့၊ သေသေချာချာရှာကြည့်ပြီးပြီလား ” သားငယ်လေးက မျက်ရည်ကြားက ခေါင်းညိတ်ပြတယ်။ ကျုပ် ဒေါသတွေဆူဝေသွားတယ်။ ကျုပ် ကြက်တွေက တိုက်ကြက်မှန်းသိလို့ တမင်ခိုးသွားတာ။ ခဝဲလေးကိုဆို သုံးသောင်းပေးထားတာ။ ငနီလေးကျတော့ တစ်ပွဲပဲနိုင်သေးလို့ နှစ်သောင်းရနေပြီ။ ဒါ သိလို့ကို တမင်ခိုးသွားတာ။ “ တောက် .. ဒီသူခိုးတော့ကွာ၊ တွေ့ရင်တော့ မှတ်လောက်သားလောက်အောင်ကိုဆုံးမပြီး ထောင် ထဲပို့ရမယ် ” “ ဟင့်အင်း .. ထောင်မချပါနဲ့ ” ကျုပ်စကားအဆုံး သားငယ်လေးဆီကနေ အလန့်တကြားနဲ့ အသံထွက်လာတယ်။ ကျုပ် အံ့သြ သွားတယ်။ သူ့ ကြက်လေးအခိုးခံရလို့ ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့တာ။ အခုကျပြန်တော့ ကြက်ခိုး တဲ့သူခိုးကို ထောင်မချပါနဲ့တဲ့။ သားငယ် လေးကိုကြည့်ပြီး ကျုပ် နားမလည်နိုင်အောင်ဖြစ်သွား တယ်။ “ ဘာဖြစ်လို့လဲသားရဲ့၊ ထောင်ချပစ်ရမှာပေါ့ ” “ ဟင့်အင်း .. ” ကျုပ်ပြောလိုက်တော့ သားငယ်က အလန့်တကြားခေါင်းခါပြန်တယ်။ ကျုပ် နားမလည်မိပြန်ဘူး။ ဒါပေမဲ့ နောက်ဆက်တွဲထွက်လာတဲ့သားငယ်လေးရဲ့စကားက ကျုပ်ကို တုန်လှုပ်သွားစေတော့ တာပဲ။ “ ဒါဆို ဖေကြီးထောင်ကျသွားမှာပေါ့ ” တိုးလျလျထွက်လာတဲ့ဒီစကားတစ်ခွန်းက ကျုပ်ကိုသွေးပျက်သွားစေခဲ့တယ်။ ကျုပ်ရင်ထဲ တလှပ် လှပ်နဲ့ခံစားလိုက်ရတယ်။ သားငယ်လေးဆီကထွက်လာတဲ့စကားတွေက ကျုပ် ရင်ကို ဓားထက် ထက်နဲ့ထိုးမွှလိုက်သလိုပါပဲ။ “ ညက ကြက်ခြံထဲမှာအသံကြားလို့ သားထကြည့်တော့ ငနီလေးကို ဖေကြီး ဖမ်းသွားတာမြင် လိုက်တယ်၊ ဒါဆို ဖေကြီး ထောင်ကျမှာလားဟင်၊ ဖေကြီး ထောင်ကျရင် သားအရမ်းလွမ်းနေမှာ၊ ထောင်မကျပါနဲ့နော် ဖေကြီး ” ကျုပ် ရင်ထဲနင့်နေအောင်ခံစားလိုက်ရတယ်။ သားငယ်လေးက သူ့ကြက်ပျောက်သွားတာထက် ကျုပ် ထောင်ကျမှာ ကိုတွေးကြောက်နေခဲ့တာပဲ။ သားငယ်လေးကို ပွေ့ဖက်ထားလိုက်မိတယ်။ ကျုပ် မျက်ဝန်းမှာ မျက်ရည်တွေက လွတ်လပ်စွာကျဆင်းလို့။ အကြွေးတွေဆပ်ချင်လို့ ကျုပ်နဲ့ ကျုပ်မိန်းမ တိုင်ပင်ပြီး ကြက်တွေယူရောင်းခဲ့မိတာ။ သားငယ် လေးသိရင် ဝမ်းနည်း မှာစိုးလို့ မပြောပဲ ကျုပ်ကိုယ်တိုင်ရောင်းလိုက်မိတာ။ သားငယ်လေးကိုကျ တော့ သူခိုးခိုးတယ်လို့ပြောမိနေပေမယ့် ကျုပ်ရင်ထဲနာကျင်ခဲ့ရတယ်။ အခုတော့ သားငယ်လေးက သိသွားခဲ့ပြီ။ သိသွားခဲ့တာတောင် ကျုပ် ထောင်ကျမှာကိုတွေးကြောက် နေရှာတဲ့သားငယ်လေး။ ကျုပ် ရင်ထဲမချိလိုက်တာဗျာ။ ပကဓိဖြူစင်နေတဲ့ သားငယ်လေးရဲ့အဖြူရောင်စိတ်လေးကို ကျုပ် အရောင်ဆိုးခဲ့မိပြီ။ သားငယ်လေးရဲ့အဖြူရောင်ရင်ခွင်ကို ကျုပ် အရောင်တွေပြောင်းပေးမိခဲ့ပြီ။ ကျုပ် ကိုယ်တိုင်ဆိုးလိုက်မိတဲ့ အရောင်တွေကို ကျုပ်ကိုယ်တိုင်သန့်စင်ပေးရမယ်။ သားငယ်လေးရဲ့ ရင်ခွင်ဟာ အမြဲ အဖြူရောင်ဖြစ်နေစေဖို့ ကျုပ်မှာတာဝန် ရှိတယ်ဆိုတာ အသိနောက်ကျခဲ့ပေမယ့် နောက်ထပ်အရောင်ထပ်မဆိုးမိအောင် သတိထားရမယ်ဆိုတာ ကျုပ် သိလိုက်မိတယ်ဗျာ။
Posted by နတ်ရဲ (ရူပဗေဒ)

No comments:
Post a Comment