-ကိုကို့ရဲ့သတို့သမီး-
“ကိုကို” … ကျွန်မအပေါ်ဂရုတစ်စိုက်ရှိပြီး ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် … ကျွန်မအနားမှာမရှိပေမယ့် အဝေးကနေ အမြဲလိုလိုဂရုစိုက်ပေးတတ်တဲ့ “ကိုကို” … တစ်ခါတစ်လေ အားငယ်စိတ်တွေဝင်လာခဲ့ရင် အဝေးတစ်နေရာက စိတ်ပူနေတတ်တဲ့ “ကိုကို” … ကျွန်မအတွက် ကျွန်မဘ၀အတွက် လိုအပ်ရသူ“ကိုကို” …
တစ်ကယ်တော့ ကျွန်မနဲ့ ကိုကိုက ငယ်စဉ်ကတည်းကအတူကြီးပြင်းလာခဲ့သူတွေလည်း မဟုတ်ပါဘူး … အခြားသူတွေလို အပြင်မှာတွေ့ဆုံပြီး ခင်မင်ခဲ့ရသူလည်း မဟုတ်ပါဘူး … ကျွန်မ တက္ကသိုလ်ဝင်တန်းအောင်တဲ့ နှစ်၊ ဖေဖေဆုံးသွားတဲ့အချိန်မှာပဲ မေမေနဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မတို့(၂)ယောက်သာ လူ့လောကအလယ်မှာ ကျန်နေခဲ့ပြီး စိတ်ဓါတ်တွေကျ အားငယ်နေချိန် သူငယ်ချင်းတွေရဲ့ဆွဲဆောင်မှုကြောင့်ပဲ Online စသုံးဖြစ်ခဲ့ပါတယ် … Online သုံးရင်းနဲ့ပဲ ကျွန်မ ပထမဦးဆုံးခင်မင်မိသူက “ကိုကို”နဲ့ပါ … ကိုကိုက ဘွဲ့ရပြီးလို့ အဆင့်မြင့်ပညာတွေဆက်သင်ဖို့အတွက် နိုင်ငံရပ်ခြားကိုရောက်နေသူတဲ့ … ခုဆို ကျွန်မကျောင်းပြီးလို့ ကွန်ပျူတာသင်တန်းကျောင်းတစ်ခုမှာ ဆရာမလေးတောင်ဖြစ်နေခဲ့ပေါ့ … ကိုကိုနဲ့ ကျွန်မခင်မင်လာခဲ့တဲ့ သက်တမ်းကလည်းနှစ်တွေကြာလာပြီလေ … အပြင်မှာမတွေ့ဖူးကြပေမယ့် ဓါတ်ပုံချင်းဖလှယ်လို့တော့ တည်ကြည်ခန့်ညားတဲ့ ကိုကို့ရုပ်သွင်ကို ကျွန်မမြင်ဖူးနေပါတယ် … ဖုန်းလည်းအမြဲပြောဖြစ်လို့ ကိုကို့ရဲ့တည်ငြိမ်ပြီးဆွဲဆောင်မှုရှိတဲ့ အသံလေးတွေကိုလည်း ကျွန်မစွဲလန်းနေခဲ့ရတာပေါ့ …. တစ်နေ့တစ်ခြား ကိုကို့ကို သံယောဇဉ်တွေပိုပိုတိုးလာလို့ ကိုကိုမြန်မာပြည်ပြန်လာမယ့် နေ့ရက်တွေကိုသာ လက်ချိုးရေလို့စောင့်စားနေခဲ့ရသူပါ …
ကျွန်မမွေးနေ့ပဲဖြစ်ဖြစ် … ကိုကိုနဲ့ ကျွန်မစတင်ဆုံစည်းခဲ့တဲ့ အမှတ်တရနေ့ပဲဖြစ်ဖြစ် … ကျွန်မစိတ်ညစ် နေလို့ပဲဖြစ်ဖြစ် ကျွန်မကိုဂရုတစ်စိုက်နဲ့ ပန်းစည်းလေးတွေ အရုပ်လေးတွေပို့ပေးလို့ တစ်မျိုး ဖုန်းဆက်လို့ တစ်ဖုံ ကျွန်မကိုပျော်ရွှင်မှုတွေပေးခဲ့သူပေါ့ … ကျွန်မနဲ့ဖုန်းပြောရင်း အခန့်မသင့်လို့စကားများစိတ်ကောက် ခဲ့ကြရင် ပျာယာခတ်အောင် ပြန်ချော့ခဲ့သူ ကိုကို … ကျွန်မကျောင်းတက်တုန်းကဆို ယောက်ျားလေးသူငယ်ချင်း တိုင်းကို သူနှင့်မိတ်ဆက်မပေးမိတဲ့အခါများရှိခဲ့ရင် စိတ်ဆိုးတာများမပြောလေနဲ့ … ကျွန်မလည်းဒီလိုပဲပေါ့ ကိုကိုနဲ့ ကောင်မလေးတစ်ယောက်ယောက်နဲ့များတွဲရိုက်ထားတဲ့ပုံ မတွေ့လေနဲ့ … တွေ့တာနဲ့စိတ်ကောက် ပြီပဲ … မောင်နှမတွေထက်ပိုချစ်ပြီး ချစ်သူလို့ တိတိကျကျအမည်တပ်မရပေတဲ့ ကိုကိုနဲ့ ကျွန်မတို့ရဲ့ ၁၅၀၀ မကျ , ၅၂၈ မကျတဲ့ အချစ်မျိုးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အကြင်နာတွေပိုလို့ ချစ်နေခဲ့ရတာလေ …
ဒီလိုတွေနဲ့ပဲ ကိုကိုနဲ့ကျွန်မရဲ့ကြားထဲက သံယောဇဉ်ကြိုး လေးကို ခိုင်မြဲအောင်တည်ဆောက်ရင်း နေ့တွေလတွေနှစ်တွေကို ဖြတ်ကျော်ရင်း မမျှော်လင့်တဲ့တစ်နေ့ … မနက်စောစောစီးစီး ဖုန်းမြည်လာလို့ နားထောင်လိုက်တော့“ဝေနှင်း … ကိုကိုပြန်ရောက်နေပြီ … ညနေကျောင်းလာကြိုမယ်”တဲ့ … ကျွန်မ၀မ်းသာဝမ်းနည်းဖြစ်ခဲ့ရပါတယ် … ကိုကိုနဲ့ကျွန်မခင်မင်လာခဲ့တဲ့(၄)နှစ်ကျော် သက်တမ်းမှာ ဖုန်း၊ အီးမေးလ်တွေနဲ့ပဲ ဆက်သွယ်နေခဲ့ရပေမယ့် ခုတော့ အပြင်မှာလက်တွေ့ဆုံဆည်းကြတော့မယ် … ကျွန်မ ဖော်မပြနိုင်အောင် မြူးတူးခုန်ပေါက်လို့ အောက်ဆင်းလာတော့ မေမေကတောင်ထူးဆန်းသလို ကြည့်နေတော့ ကျွန်မရှက်ပြုံးလေး ပြုံးပြလိုက်ပြီး “မေမေ … သမီးဒီနေ့ နောက်ကျလည်းစိတ်မပူနဲ့နော် … ကိုကို ပြန်ရောက် နေပြီတဲ့ မေမေရ … အဲဒါ ကိုကိုနဲ့အေးဆေးတွေ့ပြီးမှ ပြန်လာမယ်နော်”လို့ ပြောပြီး အိမ်ရှေ့ထွက်လို့ လာကြိုမယ့် Freey လေးကို တပြုံးပြုံးနဲ့စောင့်နေလိုက်ပါတယ် …။စာသင်ချိန်တွေမှာလည်း တက်ကြွနေလေတော့ သင်တန်းသားတွေနဲ့ အခြားဆရာမတွေကတောင် “တို့ဆရာမလေးတော့ ဒီနေ့ အတော်လေးပျော်စရာတစ်ခုခု ဖြစ်ထားတယ်ထင်တယ်”လို့ သတိထားမိကုန်တဲ့ အခြေအနေအထိတောင် ကျွန်မပျော်နေခဲ့ရပါတယ် … ညနေ(၃)နာရီမထိုးခင် သင်တန်းချိန်တွေပြီးဆုံးကာနီးမှာတော့ ကျွန်မ မသိတဲ့ပြည်တွင်းနံပါတ်လေးတစ်ခုနဲ့ ဖုန်းလေးထမြည်လာတော့ေ၀၀ါးဝါးနဲ့ ကိုကိုပဲဖြစ်မှာလို့တွေးရင်း နားထောင်လိုက်တော့ ထင်တဲ့အတိုင်း ကိုကိုပါပဲ … ဒါပေမယ့် ကိုကိုက “ကလေးရေ … ကိုကိုလာမကြိုဖြစ်တော့ဘူးကွာ … ကိစ္စလေးနည်းနည်းရှိလို့”တဲ့ … ကျွန်မမပျော်တွေဘယ်ရောက်ကုန်လည်းတောင် မသိတော့ပါဘူး … ဒါနဲ့ပဲ အိမ်ကိုပြန်လာ အခန်းထဲက အပြင်မထွက်တော့ပဲ စာအုပ်တွေဖတ်နေတာ ဘယ်လောက်တောင်ကြာသွားလည်း မသိဘူး … “သမီးရေ … ခဏထွက်လာပါအုံး”လို့ မေမေ့ လှမ်းခေါ်သံကြားလိုက်ရတော့မှ နာရီကိုကြည့်လိုက်တော့ ညနေ(၆)နာရီ ကျော်နေမှန်းသိလိုက်တော့တယ် … ဒါနဲ့အခန်းပြင်ကိုထွက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့ ဧည့်ခန်းမှာမေမေနဲ့စကားပြောနေတဲ့ ဧည့်သည်တစ်ယောက် … “ဟော … ဆင်းလာပါပြီ”တဲ့ လို့ပြောပြီး မေမေက ဧည့်သည်အတွက်စားစရာစီစဉ်လိုက်အုံးမယ်ဆိုပြီး နောက်ဖေးဘက်ထွက်သွားပါတယ် … ကျွန်မလည်း နောက်ကျောပေးထိုင်နေတဲ့ ဧည့်သည်ရှေ့တည့်တည့်ကို ရောက်တော့မှပဲ “ဟာ … ကိုကို … ဘယ်လိုဖြစ်ပြီးတော့” လို့ စကားစလိုက်ပြီးမှ ညနေက ကိုကိုရဲ့ပျက်ကွက်မှုအတွက် စိတ်ကောက်ဖို့ သတိရသွားပါတယ် … “ကလေး … စိတ်ကောက်ပြီမဟုတ်လား … ကိုကိုသိသားပဲ … ညနေက အရေးကြီးကိစ္စရှိလို့ မလာဖြစ်တာပါကွာ … နောက်ကိုအဲလိုမဖြစ်စေရဘူး … နောက်ပြီး ကိုကိုက နိုင်ငံခြား ပြန်မသွားတော့ဘူးလေ … လုပ်ငန်းတစ်ခုထောင်ပြီး ဒီမှာပဲအပြီးနေဖို့ပြန်လာတာပဲဟာ”ဆိုပြီး ချော့တော့လည်း ကျွန်မကြာကြာစိတ်မကောက်နိုင်ခဲ့ပါဘူး … မေမေဖျော်တိုက်တဲ့ကော်ဖီကို သောက်ရင်းစကားတွေ မကုန်နိုင်အောင် ပြောနေလိုက်ကြတာ ည(၈)ထိုးကာနီးတော့မှပဲ ကိုကိုက ပြန်တော့မယ့်အကြောင်း ပြောရင်း “ဒါနဲ့ ဝေနှင်း … ကိုကိုတောင်လာရင်းကိစ္စမေ့တော့မလို့ … ဟိုးအရင်တုန်းက ကိုကို့ကို ပြောဖူးတာ မှတ်မိလား … ကိုကိုမင်္ဂလာဆောင်ရင် ကလေးက ရှေ့ဆုံးကပန်းကြဲပေးချင်တယ်ဆိုတာလေ … အဲဒါ ဝေနှင်းလေး ပန်းကြဲဖို့သာ ပြင်ထားနော် … ကဲ ကိုကိုပြန်ပြီ … ”တဲ့ … ကျွန်မ ကိုကို့ကို နှုတ်ဆက်ဖို့တောင်သတိမရလိုက် ပါဘူး … ကြောင်တောင်တောင်နဲ့ ကိုကိုပြောသွားတဲ့ အဓိပ္ပါယ်ကို ဘာသာပြန်ရင်း ကျွန်မ၀မ်းနည်းလာပါတယ် … ကိုကို့ဘက်က နောက်ပြောင်တဲ့သဘောနဲ့ ပြောသွားခြင်းမျိုးလား တစ်ကယ်ပဲလားတော့ ဝေခွဲမရပေမယ့် ကျွန်မကတော့ ရက်သတ္တပတ်တစ်ပတ်လောက်ဟာ အတွေးမျိုးစုံနဲ့ပဲ ဖြတ်သန်းခဲ့ရတယ် … ကိုကို့ကို မေးတော့လည်း ပြုံးရုံသာပြုံးပြပြီး ဘာမှရေရေရာရာ တိတိကျကျမသိခဲ့ရဘူး … တစ်ပတ်ကျော် ကျွန်မရဲ့သင်တန်းအားလပ်ရက် ဆန်းဒေးလေးမှာ မေမေ့ကိုအိမ်အလုပ်တွေကူလုပ်ပေး နေတုန်း ကိုကိုရောက်လာပါတယ် … “ကလေး … ဒီနေ့အားလား … ကိုကိုနဲ့တစ်နေရာလိုက်ခဲ့နော် …”လို့ ကျွန်မကိုပြောရင်း “ အန်တီ … ကျွန်တော် ဝေနှင်းကို ခဏခေါ်သွားမယ်နော်”လို့ မေမေ့ဆီ ခွင့်တောင်းပြီး ကိုကိုနောက်ကို ဘာကိစ္စမှန်းမသိ ဘုမသိဘမသိနဲ့ လိုက်လာမိပါတယ် … တစ်နေရာရောက်လို့ ဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်တော့ “မင်္ဂလာဝတ်စုံဆိုင်”တဲ့ … “ဆင်းလေ ကလေး … ကိုကိုတို့ လူတစ်ယောက်ခဏစောင့်ရအုံးမှာ”ဆိုတာနဲ့ ကျွန်မလည်း ကိုကိုပြောတဲ့အတိုင်း ယောင်ချာချာနဲ့ ဆင်းပြီး ကိုကိုနဲ့အတူ ဆိုင်ထဲလေးမှာ မိနစ်ပိုင်းလောက်စောင့်နေတုန်း ခပ်ချောချောမမတစ်ယောက် တံခါးတွန်းဖွင့် ၀င်လာတော့ “လှလိုက်တာ”လို့ ကျွန်မတောင် တီးတိုးလေးရေရွတ်လိုက်မိသေးတယ် … မထင်မှတ်ခဲ့ပါဘူး … အဲဒီ မမကပဲ ကိုကို့နားကိုလာပြီး “မောင်ရောက်နေတာကြာပြီလား … နောက်ကျသွားတာ ဆောရီးပါကွယ်”တဲ့ … “ဟင် မောင် … မောင်ဆိုပါလား … ဒါဆို ကိုကိုနဲ့ အဲဒီ မမနဲ့က … ပြီးတော့ သူတို့ ၂ ယောက်ချိန်းထားကြတာ မင်္ဂလာဝတ်စုံဆိုင်မှာ …” ကျွန်မ အတွေးတွေနဲ့ နစ်မြောနေတုန်း “သီရိ … ဒါ မောင့်ရဲ့အချစ်ရဆုံး ညီမလေး ဝေနှင်းတဲ့ … မောင်တို့ Wedding မှာ ညီမလေးကိုပန်းကြဲခိုင်းမလို့လေ …. ခုကလေးက လိုက်သာလာတာ … ဘာကိစ္စမှန်းမသိသေးဘူး … သူ့ကိုအံ့သြသွားအောင်ရယ် … သီရိနဲ့လည်း တစ်ခါတည်းဆုံစေချင်တာရယ်ကြောင့် ကြိုမပြောထားမိဘူးလေ …” ကျွန်မကို ကိုကိုမိတ်ဆက်ပေးတော့ အဲဒီမမက တရင်းတနှီးစကားပြောပါတယ် … သူမ ဘာပြောနေမှန်းတော့ ကျွန်မတိတိကျကျမသိပါဘူး … ကျွန်မ၀မ်းနည်းစိတ်နဲ့ ကြားတစ်ချက်မကြားတစ်ချက်ပါပဲ … ဒီလိုနဲ့ပဲ ကိုကိုရဲ့မင်္ဂလာဆောင်မှာ ပန်းကြဲမယ်လို့ ဟိုးအရင်က ကျွန်မအမှတ်တမဲ့ ဟာသအဖြစ် နောက်ပြောင်ခဲ့တဲ့စကားအတိုင်း ကျွန်မရင်နာစွာနဲ့ပဲ လုပ်ပေးဖြစ်ခဲ့ပါတယ် … ဒီနေ့ ကိုကိုတို့ Wedding နေ့လေး … မင်္ဂလာအချိန်မတိုင်ခင်ကတည်းက သတို့သမီးနဲ့အတူ ဟိုတယ်မှာမိတ်ကပ်အလှပြင်ဖို့ ကြိုရောက်နှင့်နေခဲ့ပြီး ကိုကိုရောက်လာတဲ့အချိန်မှာ ၀တ်စုံပြည့်နဲ့ဖြစ်နေပါပြီ … ကိုကို့ရဲ့သတို့သမီးလေးက လည်း လှလိုက်တာများ … ဖြူလွနေတဲ့အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ ချစ်သူတစ်ယောက်ကို ကြည့်တဲ့ ကိုကို့အကြည့်တွေကလည်း ချစ်ခြင်းတွေပြည့်နေလိုက်တာများ … ချစ်သူရှိနေတာကို ဘာကြောင့် ဘာကြောင့်ကြိုမပြောပြခဲ့သလည်း ကိုကိုရယ် … တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုကို့ရဲ့သတို့သမီး ဖြစ်ဖို့စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်နှက်နေသူတစ်ယောက်ကို ရက်စက်နိုင်လိုက်တာ ကိုကိုရယ် … ကိုကို့မင်္ဂလာဆောင်မှာ ပန်းကြဲမှာနော်လို့ နောက်ပြောင်ဖူးသလို … ကိုကို့သူငယ်ချင်းမင်္ဂဆောင်ပုံမှာ သတို့သမီး၊ သတို့သားနဲ့ဓါတ်ပုံတွဲရိုက်တော့ သူတို့ဝတ်စုံတွေကိုကြည့်ပြီး ကိုကိုနဲ့ကလေးမင်္ဂလာဆောင်ဖြစ်ရင် အဲလိုမ၀တ်ဘူးနော် … ပန်းရောင်အဖျော့လေးဖြစ်ဖြစ် … အဖြူရောင်အဖျော့လေးဖြစ်ဖြစ် ဆင်ပေးမှာလို့ ကိုကိုပြောတော့ ကျွန်မ၀မ်းသာအားရပဲ ပန်းရောင်ဖျော့လေး ၀တ်မှာနော်လို့ ပြောခဲ့တာရော ကိုကိုသတိမရဘူးလားဟင် … ပန်းကြဲမယ့်သူ … သတို့သား၊ သတို့သမီး၊ အရံတွေနဲ့ နှစ်ဘက်မိဘတွေအားလုံး နေရာယူပြီးချိန် မင်္ဂလာတီးလုံးလေးစတဲ့အချိန်မှာ လေးလံသောခြေလှမ်းတွေ … မကျအောင်ထိန်းထားတဲ့မျက်ဝန်းက မျက်ရည်တွေ … ရင်ထဲကတဆစ်ဆစ်နာကျင်မှုဒဏ်တွေကို မင်္ဂလာခန်းမကြီးထဲက အခြားသူတွေမရိပ်မိအောင် ကြိုးစားထိန်းရင်း ကျွန်မတိတ်တိတ်လေးဆုတောင်းလိုက်မိတာက “နောင်ဘ၀ဆက်တိုင်း ကိုကို့ရဲ့သတို့သမီးလေးသာ ဖြစ်ပါရစေ ... ကိုကို”
**မိုးညချမ်း**

No comments:
Post a Comment