သြော်…သူတို့တတွေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်နေကြပါကလား။ သူတို့လိုပဲ ငါတို့လည်း လွတ်လပ်ပေါ့ပါးစွာအိမ်ပြန်နေချင်စမ်းပါဘိ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ကြသည်ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက်၊ မက်ပ်ဖောင်ဒေးရှင်း ရေဒီယို (၁၀၂ ဒဿမ ၅၀) မှ နေ၍ ဆရာမိုး နှင့် ဆရာဇော်တို့က ဤသို့ ရေးဖွဲ့သီကုံးကာ ကိုယ်တိုင်ဆိုခဲ့တာရှိပါသည်။
**ရွှေ့ပြောင်းတို့ အိမ်အပြန်**
(ရေးဖွဲ့-ဆရာမိုး)
အပိုဒ် ၁။ ။ ♪♫ဒို့တတွေ xx အပြန် xx အမိမြေ xx ခွဲခွာသော xx ဒို့တတွေများ xx (ဒို့ရွှေ့ပြောင်းများ) (ဒို့အားဒို့မာန်)၂ xx ဒို့တတွေ xx အပြန် xx ဒို့တေးတွေဆိုလို့ xx အိမ်သို့ပြန် xx♪♫
အပိုဒ် ၂။ ။ ♪♫အတိတ်ကောင်း xx နိမိတ်ကောင်း xx ဖြစ်ကြစေရန် xx (ဖြစ်ကြစေရန်) xx (ဒို့မွေးဖွားအမှန်) xx ဇာတိရပ်အပြန် xx ဒို့တေးတွေဆိုလို့ xx အိမ်သို့အပြန် (မိသားစု xx ဆုံဖို့ xx အိမ်သို့အပြန်) ♪♫
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာတော့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးပေါ်က တရားဝင်ပြန်ကြသူတွေရော၊ အမှတ် ၁ ဂိတ်မှသည် ၁၉ ဂိတ် အထိရှိသော သောင်ရင်းမြစ်ရေ တိမ်တိမ်ကို ကျော်ဖြတ်ရသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးအောက်ကုတို့ ဆိပ်များမှ ပြန်ကြသူတွေပါ တော်တော်များပါသည်။
ပြန်ကြပါလေ… ပြန်ပါလေတော့။ ကွဲကွာနေသော မိမိတို့၏ မိသားစုတွေနှင့် ပြန်ဆုံတွေ့ခွင့် ရက်ပိုင်းကလေးကို အမိအရ ပျော်ရွှင်ကြပေလေတော့။ ဟုတ်ပေတာပေါ့။ စက်ရုံအလုပ်ရုံ အလုပ်သမားများဆိုလျှင် ခွင့်ရက် (၇) ရက်လောက်၊ အိမ်တွင်းမှု (အိမ်ဖော်) အလုပ်သမလေးများဆိုလျှင် ခွင့်ရက် (၁၀)ရက်မျှ၊ အသီးသီးရကြသည်။ စိုက်ပျိုရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနှင့် ကျပန်းလုပ်သားများကတော့ အလုပ်ရှင်ထံမှ ဘယ်ရွေ့ ဘယ်မျှခွင့်ရက်တောင်းခဲ့စရာမလိုပဲ မိမိတို့စိတ်ကြိုက်ခွင့်ရက်ယူကာ ဘာဆိုဘာမှ လုပ်သက်မရှိကြ သူများလည်း ဖြစ်နေကြပါသည်။
(Photo-JACBA/ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြိုအမှတ် ၂ ကုတို့ ဆိပ်မှ အိမ်အပြန်လမ်း)
သူတို့တတွေ၏ အိမ်အပြန်လမ်းသည် သင်္ကြန်ကာလနှင့် နီးကပ်စွာရှိနေကြသည့်အလျောက် မော်တော်ယာဉ်စီးနင်းခကလည်း ၂ ဆ ခန့်ရှိသည်။ သို့သော် သူတို့ မပြန်သည်မရှိ။ ဇာတိရပ်ရွာအထိ အရောက်ပြန်ကြသည်။ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စသည်တို့ကသာမက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အထိလည်း ပါရှိကြသည်။ မြန်မာပြည် တနံတလျားက ထိုင်းနိုင်ငံထဲ လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားထုကြီးကား သိန်း ၃၀ (၃သန်းခန့်) ရှိနေပြီဖြစ်သည်။ ဤအရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်သာ အိမ်ပြန်ကြခြင်းဖြစ်သည်။ ကျန်ရှိသော ၉၀ ရာခိုင် နှုန်းက အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန်ကြသေးတာရှိသလို မနှစ်ကမှ ပြန်ထားသဖြင့် မပြန်ကြတာလည်းရှိသည်။
ဘာပဲဖြစ်ဖြစ်… အချိန်တန်လျှင် အိမ်ပြန်ချင်ကြသူ ချည်းသာဖြစ်သည်။ အကြောင်းတစ်ခုခု ကြောင့် အိမ်မပြန်ကြသေးသော ယုံကြည်ချက်ပြင်းပြသူတွေရှိသည်။
မည်သို့ပင်ဖြစ်စေကာမူ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ အိမ်အပြန်လမ်းတွင် သင်္ကြန်ရနံ့ တွေ သင်းပြီး အန္တရာယ်ကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ၏။
**သောင်ရင်းနဂါး**

No comments:
Post a Comment