>
မောင့်ကို ဘယ်တော့မှ မေးလိမ့်မှာမဟုတ်တဲ့ စကားတစ်ခွန်းဟာ "ကျွန်မကို ချစ်ရဲ့လားဟင်" ဆိုတာပါပဲ။ အခါခါ အရှက်ရစေ၊ နာကျင်ရစေတဲ့မေးခွန်းမှာ ဘယ်တုန်းကမှ တိတိပပ အဖြေရှိမနေခဲ့ဘူးလေ။ သံယောဇဉ်ဆိုတဲ့ ချည်တိုင်ဟာ အင်မတန် လှပညွတ်နူးဖွယ်၊ မက်မောသာယာဖွယ် ချည်နှောင်မှုတစ်ခုပေပဲ။ သို့သော် အင်မတန် စူးနင့်ခက်ထန်တဲ့၊ ဝေဒနာတွေနင့်ကနဲပေးတတ်တဲ့ တုတ်နှောင်ပိုင်စိုးမှုတစ်ခုလည်း ဖြစ်သေးတယ်။ အဲဒီသံယောဇဉ် စကားတွေကြောင့်ပဲ မောင့် အနားက ပြေးထွက်ဖို့ တွေးမိလေတိုင်း လှုပ်ကနဲ လူးလွန့်လှိုင်းထတတ်တဲ့ ရင်ဝေဒနာတွေဖြစ် တည်ရင်း ကျွန်မခြေလှမ်းတွေက တုန့်ကနဲ ရပ်တန့်သွားတတ်တာ။
ပတ်သက်ဆက်ဆံမှုတိုင်းမှာ နှစ်ဦးနှစ်ဘက် ညီမျှစွာ ချစ်ရည်တူကြမယ်ဆိုရင် သိပ်ကောင်းမှာပဲနော်။ ကျွန်မ ဒီလောက်စိတ်ညစ် ရမယ် မဟုတ်ဘူး။ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ တစ်လမ်းမောင်း ဟိုင်းဝေးပေါ်မှာ မရပ်တမ်းပြေးနေရတဲ့ကားတစ်စင်း ကြာလာတဲ့အခါ ရေဆူသလိုမျိုး။ ကျွန်မလည်း ပူလောင်ကျွမ်းမြေ့လို့… မောလွန်းလှပါပြီ။
“ဖုန်းဆက်နော် ဘယ်တော့ သင်တန်းပြီးမှာလဲ”
“နောက်နှစ်နာရီကြာရင်ပေါ့၊ မဆက်တော့ပါဘူးလေ၊ ဆက်လိုက်တိုင်း ဖုန်းမကိုင်ရင် မြိုင် စိတ်ညစ်ရတယ်”
“ဟာ ဆက်လိုက်ပါကွာ၊ ကျွန်တော် ရှိနေမှာပါ။ စကားပြောရတာပေါ့ နော်”
“ဟုတ်၊ ဆက်လိုက်မယ်လေ ဒါဆိုလည်း၊ သေချာစောင့်နေ”
ရိုးအီနေတဲ့ မောင့်နှုတ်ထွက်စကားပေါ့ပေါ့တန်တန်တွေကြားမှာ အမှတ်မရှိတာကိုက ကျွန်မအမှား။ တစ်ကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်၊ အခါခါ…။
ကျွန်မမှာ မောင့်ကို ပြောပြဖို့ရာ စကားတွေ စီကာစဉ်ကာ တွေးထားမိသေးတာ။ အတန်းပြီးလို့ ကျွန်မ မောင့်ဆီဖုန်း ဆက်တော့ မျှော်လင့်ထားသလို ဖုန်းမကိုင်ပါ။ ဖြစ်နေကျပေမဲ့ နှလုံးသားက ထုံနေရမဲ့ အစား နာကျင်စူးနင့်ကာ ဝမ်းနည်းစိတ်နှင့် လောင်မြိုက်တော့တာ။ ပြီးခဲ့တဲ့ နှစ်နာရီ၊ အဲ့ဒီနှစ်နာရီလေးကမှ ပြောထားခဲ့တဲ့စကား တစ်ခွန်းဟာ မြန်မြန် ဆန်ဆန်မေ့လောက်စရာတဲ့လား ကွယ်။ မောင့်စိတ်ထဲမှာ ကျွန်မ ရှိကို ရှိမနေတာပါ။ အိမ်အပြန်လမ်းတစ်လျှောက် မျက်ရည်တွေ တပေါက်ပေါက်ကျလျှက်က ဆို့နင့်ကြေကွဲစေတာ။
အပေါ်ယံကြည့်ရင်တော့ ဘာမှမပြောပလောက်တဲ့ ဖြစ်ရပ်လေးပေ မဲ့ မောင့်အရေးတယူ၊ သတိတရတွေ ကို မျှော်လင့်ထားပြီး မရတာလောက် ဘာများကြေကွဲစရာရှိဦးမှာလဲကွယ်။ ဒေါသလား၊ ဝမ်းနည်းစိတ်လား မသေချာ၊ ဘာကိုမှ လုပ်ချင်စိတ်မရှိဘဲ ညစာမေ့တာမို့ အဲ့ဒီညက ကျွန်မ အစာအိမ်နာ ပြန်ထပါရော။ တစ်ညလုံးလည်း နာလွန်းလို့ လူးလိမ့်နေကာ အိပ်မရ။
မနက်မိုးလင်းတော့ ထုံးစံအတိုင်း ကိုယ့်အနာကိုမေ့ကာ မနေနိုင်သူကျွန်မကပဲ မောင့်ဆီ ဖုန်းဆက်ရပြန်တာ။ မောင်က အိပ်ရာထဲကနေ နောက်တစ်နာရီလောက်မှ ပြန်ဆက်၊ ညက အလုပ်မိုးချုပ်လို့ ခု သူအိပ်ရေးမဝသေးပါ တဲ့။ နောက်တစ်နာရီ….။ ကျွန်မအတွက် နာရီလက်တံတွေက နှေးကွေးစွာ သွားနေကြသလိုပါ။ မောင့်ကို စကားမပြောရမချင်း ကျွန်မစိတ်တို့က ဘယ်မှာမှ တည်မရနိုင်။ အချိန်တွေကို စောင့်ရတာ ရောက်နိုင်ခဲလှတယ်။ ကျွန်မမှာ လက်ကနာရီကို တကြည့်ကြည့်နဲ့ရယ်။
“မောင် နိုးပြီလား၊ အိပ်ရေးဝပြီလားဟင် မြိုင် ပြောမယ်၊ မနေ့ညက ဘာလို့ဖုန်းမဖြေတာလဲ၊ သင်တန်းပြီးရင် ဆက်လိုက်နော်ဆိုလို့ သေချာဆက်တယ်။ ဖုန်းမဖြေပြန်ဘူးနော်”
“ကျွန်တော် ဖုန်းနားမှာ ရှိမနေလို့ပါ မြိုင်ရာ”
“မြိုင် အသေအချာ ပြောခဲ့တာ၊ မောင်ပဲ ဆက်လိုက်ပါဗျာဆို…မောင်ဟာ သိပ်စိတ်ညစ်ဖို့ကောင်းတာပဲ”
“ဖုန်းအနားမှာ ရှိမနေလို့ပါဆိုဗျာ။ ဟာ မနက်စောစောစီးစီးကွာ ကျွန်တော်စိတ်ရှုပ်လာပြီ၊ ဖုန်းချလိုက်တော့မယ်”
“ခဏနေပါဦး၊ အင်းလေ ထားပါတော့၊ ခု မနက်စာရော စားပြီးပြီလား”
“အင်း”
“ဘာစားလဲ”
“ကော်ဖီသောက်တယ်”
“ဟင် ကော်ဖီတစ်မျိုးထဲလား၊ နေ့လည်စာက အဝေးကြီးလိုသေးတာ၊ မောင် ဆာနေမှာပေါ့”
“ဘီစကစ်လည်း စားတယ်”
“သြော် ပြီးရော ဒါဆိုလည်း”
“နေ့လည် ထပ်ဆက်နော်၊ ကျွန်တော် အခု ချိန်းထားတဲ့အလုပ်ကိစ္စတစ်ခုရှိနေလို့ ရေချိုးပြီး အပြင်သွားတော့မယ်”
“ဟုတ်၊ မြိုင် ထပ်ဆက်လိုက်မယ်နော် မောင်၊ တာ့တာ”
ဖုန်းချလိုက်တာနဲ့ သက်ပြင်းမောကိုပါ ချရသူက ကျွန်မ မြိုင်ရယ်။ ဘာကြောင့်လဲ…။ ကျွန်မ ဘာကြောင့်….. ဒီလောက် ပျော့ညံ့နေရတာလဲ။ စိတ်ဆိုးစိတ်ကောက်ရမဲ့သူက ကျွန်မ မဟုတ်ဘူးလား။ မောင် ဖုန်းချလိုက်မှာ၊ မောင့်အသံမကြားရတော့မှာ စိုးရိမ်ကာ အလျှော့ပေးရသူဟာ ကျွန်မဖြစ်နေ ပြီး သွေးအေးအေးနဲ့ပြန်တွေးမိတိုင်း မိန်းမသားတစ်ယောက်ရဲ့ ဖြစ်တည်မှုက အဲဒီလောက် အောက်ကျနောက်ကျနိုင်သင့်ပါရဲ့လားဆိုကာ အားငယ် ရှက်ရွံ့မိရတာ။ မောင်ဟာ ကျွန်မအပေါ် နိုင်စားလှချည်ရဲ့။ ကျွန်မအပေါ် စိမ်းပြတ်လှချည်ရဲ့။ ကျွန်မကသာ… အမှတ်နည်းပါးလွန်းလှသူ။
“မွေးနေ့အတွက် ဘာလိုချင်လဲဟင်”
“ဘာမှမလိုချင်ပါဘူး မောင်ရယ်၊ မြိုင့်အပေါ် အမြဲချစ်နေရင် ကျေနပ်ပြီ”
“စကားတတ်တယ်နော် မြိုင်က”
“အာ မဟုတ်ပါဘူး၊ မြိုင် တကယ်ပြောတာပါ”
“မြိုင့်မွေးနေ့အတွက် မောင့်ကို မြိုင်က လက်ဆောင်ပြန်ပေးမယ်၊ ပြောင်းပြန်ပေါ့နော်၊ မွေးနေ့ရှင်က လက်ဆောင်ပြန်ပေးတယ်ပေါ့ နော်။ မောင် ဘာလိုချင်လဲ ဟင်”
“ကဗျာစာအုပ်လေး လုပ်ပေးမလား”
“ကဗျာစာအုပ်….”
“အင်း ဟုတ်တယ်လေ၊ မဂ္ဂဇင်းထဲမှာပါပြီးသား မြိုင့်ကဗျာလေးတွေကို စုပြီး ကျွန်တော့်အတွက် စာအုပ်လေး လုပ်ပေးပါလား”
“သမီး မြိုင် အကြီးမမိသားစု နောက်လ မေမေတို့နဲ့ ပြောင်းပြီးလာနေလိမ့်မယ်။ အဲဒါ မြိုင့်အခန်း သူတို့ကို ခဏပေးနေလိုက်ပါ သမီးရယ် နော်”
“သူတို့ငှားနေတဲ့အိမ်က ဘာဖြစ်လို့တဲ့လဲ မေမေ”
“အိမ်ရှင်က အိမ်လခတိုးတောင်းလို့တဲ့ သမီးမြိုင်၊ အဲဒါ သူတို့ ဒီမှာနေရင်း အိမ်ရှာကြလိမ့်မယ်။ အိမ်ရရချင်း ပြောင်းပေးပါ့မယ် တဲ့။ သမီးက ဖွားဖွားအခန်းမှာ ပြောင်းအိပ်ချေ နော်၊ မေမေ အိပ်ယာပြောင်းပေးထားတယ်”
မတတ်နိုင်ပါ။ မြိုင့်အခန်းကလေးမှာ တစ်ယောက်ထဲနေရတာ အဆင်ပြေလွတ်လပ်ပေမဲ့ မမကြီးတို့ မိသားစုအရေးက ပိုအရေးကြီးနေတာမို့ မြိုင်နားလည်ရမှာ။ တစ်ခုပဲ၊ မြိုင်က မမကြီးယောကျာ်းကို ကြည့်မရပါ။ တက်လမ်းမရှာ ဘာမရှာ၊ သူ သက်သာဖို့သာ ကြည့်တတ်တဲ့ ယောကျာ်းစား။ လက်ရှိအလုပ်က အဆင်မပြေ၊ လစာနည်းတယ်ဆိုပြီး ပါးစပ်ကအော်နေပေမဲ့ လည်း နောက်အလုပ် အသစ် ဖြစ်ဖြစ်မြောက်မြောက်မရှာချင်ဘဲ အလုပ်သက်သာတာမို့ လူသက်သာပြီးရော မှိန်းလိုက်နေချင်သူ သာ။
ဒီတော့ မမကြီးပဲ နေရာတကာ ဖပ်သီဖပ်သီ။ စာသင်နှစ်တနှစ်အတွက် ကလေးတွေ ကျောင်းဖွင့်တိုင်း မမကြီးနားက နားကပ်လေးပြုတ်လိုက်၊ ဘယ်လက်က လက်ကောက်လေး တစ်ဖက်ပြုတ်လိုက်မို့ မြိုင်က မမကြီးအတွက် အသည်းနာလှတယ်။ ဒီကြားထဲ မမကြီးက သူ့ယောကျာ်းထိရင် နည်းနည်းကလေးမှ မခံတတ်တာမို့ ညီအစ်မချင်း စကားများမဲ့အပေါက်ကိုလည်း မြိုင် ခုကတည်းက ကြိုမြင်ရင်း စိတ်ပျက်ရတယ်။
အတွေးနဲ့တောင် မြိုင့်စိတ်တွေ လေးလံလာတယ်။ လူလည်း ပင်ပမ်းလှပြီ။ ရေချိုးခန်းထဲ ဝင်ပြီး ရေပန်းအောက် ခေါင်းထိုးဝင်လိုက်တဲ့ခဏမှာတော့ မြိုင့်တစ်ကိုယ်လုံးအေးကနဲဖြစ်သွားကာ ခဏတော့ အေးချမ်း သွားသလိုလို…။
@@@@@@@@@@@@@@@
ဒီနေ့တော့ ရုံးက နေ့ဝက်ခွင့်ယူထားတာမို့ ရုံးအလုပ်တွေကို တစ်မနက်လုံး အပြတ်ဖြတ်နေခဲ့မိတယ်။ မနက် ဆယ်နာရီခွဲလောက်မှာ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ဖုန်းဆက်ခဲတဲ့ မောင့်ဆီကမို့ ကျွန်မ ရုတ်တရက် ပျော်သွားခဲ့တယ်။
“မြိုင် ကျွန်တော် အပွိုင့်မင့်တစ်ခု အရေးပေါ်ရှိလာလို့ ဒီနေ့နေ့လည် မြိုင်နဲ့ချိန်းထားတာ မလိုက်နိုင်တော့ဘူး၊ အဲဒါ ပြောမလို့”
“ဟင် မောင်ရယ်၊ မြိုင်က ခွင့်တောင် တင်ပြီးနေပြီ၊ မောင့်ကိစ္စက နောက်တစ်နေ့ ရွှေ့လို့ မရဘူးလား ဟင်”
“မရဘူး မြိုင်၊ ကျွန်တော် ဒီနေ့ သွားတွေ့မှ ရမယ်။ စကားပြောပြီးနေပြီ”
“အင်းလေ၊ ပြီးတာပါပဲ မောင်ရယ်”
မောင်ဖုန်းချသွားတော့ ကျွန်မစိတ်တို့ နွမ်းခွေကာ ရုံးမှာ တင်ပြီးသားခွင့်ကို ပြန်ဖျက်ရတယ်။ ဒီလိုပါပဲလေ၊ မောင်က အမြဲလိုလို သူ့အလုပ်တွေနဲ့ ရှုပ်နေတတ်သူ။ သူ့အလုပ်လောက် ဘယ်အရာကမှ အရေးမကြီးဘူးလို့လည်း ခံယူထားသူ။ ဒါပေမဲ့ ခဏကလေးကို မောင်ရယ်….။ ကျွန်မ မဂ္ဂဇင်းကဗျာတစ်ပုဒ်အတွက် စာမူခနဲ့ စာအုပ်ထုတ်ရမှာမို့ မောင့်ကို အဖော်ခေါ်မိတာ။ ကျွန်မအတွက် အချိန်ကလေး နည်းနည်းတောင်မှ မပေးနိုင်ဘူးလား မောင်ရယ်။
“မြိုင့်ကဗျာတစ်ပုဒ်အတွက် စာမူခ ဘယ်လောက်ရလဲ”ဆိုတဲ့ မောင့်အမေးကို ဖြေအပြီးတုန်း က မောင့်မျက်နှာ ပြုံးသဲ့သဲ့ကို ကျွန်မ အတော် မုန်းတီးခဲ့ဖူးတယ်။ ဟန်မဆောင်တတ်တဲ့ကျွန်မက ချက်ချင်းပဲ မျက်နှာမာပြလိုက်တော့ “ဂျင်းန်ဘောင်းဘီဝတ် ကဗျာဆရာမရယ် ကျွန်တော်က သိချင်ရုံ မေးတာပါဗျာ၊ ပိုက်ဆံချေးဖို့ မဟုတ်ပါဘူး”လို့ ရွှတ်နောက်နောက်စကားကို အမျက်ပြေ ဆိုလေတယ်။
တခါတလေ ကျွန်မကဗျာတွေအပေါ် မောင် စိတ်ဝင်တစားရှိတာကိုပဲ ကျွန်မကြေနပ်ရပြန်တယ်။ “ဒီတစ်လပါတဲ့ မြိုင့်ကဗျာ ဖတ်ကြည့်ရအောင်” ရယ်လို့ ကျွန်မလက်ထဲက စာအုပ်ကို ဆွဲယူလို့ ကျွန်မကဗျာပါတဲ့ စာမျက်နှာကို မာတိကာမှာ ရှာနေရင်ပဲ ကျွန်မက ပျော်ချင်လှပြီ။ ဖတ်ပြီးတော့မှ “အဲဒါ ဘာကို ရေးထားတာလဲ၊ ကျွန်တော် နားမလည်ဘူး” ဆိုမှသာ အောင့်သက်သက် ရယ်မောမိရမြဲ၊ မောင်ဆိုတဲ့ ယောကျာ်းတစ်ယောက်အပေါ် ချစ်ခင်နှစ်လိုစိတ်နဲ့ မောင့်မျက်နှာကို တိတိလင်းလင်း ငေးကနဲကြည့်မိမြဲ။
ကျွန်မ သိခဲ့ပါတယ်။ မောင်နဲ့ကျွန်မဟာ အကြိုက်၊ စရိုက်၊ ဝါသနာချင်းတွေ၊ တန်ဘိုးထားရာတွေအားလုံး တစ်လမ်းစီဆိုတာ။
ဒါတွေကို အချစ်နဲ့ ညှိကြည့်လို့ မရနိုင်ဘူးတဲ့လား ဟင်….။
မောင်က သူ တစ်ခုခု စိတ်ဝင်တစားလုပ်နေချိန်မှာ ကျွန်မနဲ့ ဖုန်းပြောဖြစ်ရင်တောင် “နောက် ငါးမိနစ်ဆို ဖုန်းချတော့မယ်နော်၊ ကျွန်တော် အလုပ်လေးဖြတ်ရဦးမယ်” ဆိုတတ်သူ။ မောင်နဲ့ စကားပြောမဝနိုင်တဲ့ ကျွန်မက “နေပါဦးကွာ နောက် ဆယ်မိနစ်လောက်နော်” လို့ ဈေးဆစ်တဲ့အခါ မောင်က “လူတစ်ယောက်နဲ့တစ်ယောက် ပတ်သက်မှုမှာ တစ်ယောက်စီ အတွက် နေရာလေးတွေ ပေးထား တတ်ရမယ်။ ကိုယ်ပိုင်အချိန်ဆိုတာ ရှိရမယ်။ ဒါကို လေးစားရမယ်”လို့ ပြောတတ်တယ်။
ဟင့်အင်း ကျွန်မက မောင့်အတွက် ကျွန်မပိုင်သမျှအချိန်တွေ ပေးနိုင် သလို မောင့်ဆီကလည်း ပြန် လိုချင်မိတာပဲ။ အဲဒီအခါမှာ မောင်က ပိုရင့်သီးစိမ်းတောက်တဲ့စကားမျိုးနဲ့ ကျွန်မရင်ကို ကွဲရှစေပြန်တယ်။
“မြိုင်…မြိုင်က ကျွန်တော့်ကို ချစ်တာမှ မဟုတ်တာဘဲ။ မြိုင်စိတ်ချမ်းသာဖို့အတွက် ကျွန်တော့်ကို လိုအပ်နေတာမျိုးပဲ၊ တကယ့်အချစ်ဆိုတာမှာ တစ်ယောက်စိတ်ချမ်းသာမှုကို နောက်တစ်ယောက်က နားလည်လက်ခံပေးနိုင်ရမယ်။ တစ်ယောက်လိုအပ်ချိန်မှာ တစ်ယောက်ကရှိနေပြီး မလိုအပ်ရင် မလိုအပ်သလို အလိုက်တသင့်နေပေးတတ်ရမယ်” တဲ့…။
ဒါ မောင် နားလည်လက်ခံထားတဲ့ အချစ်တဲ့လေ…..။ ကျွန်မ နှလုံးသားတွေ ကျကွဲကျိုးကြေသွား ခဲ့တာ မောင်မှ မကြားလိုက်တာဘဲ…။ မောင်ရယ်….။
@@@@@@@@@@@@@@@
“နင်တို့က တကယ်ပဲ ယူဖြစ်သွားကြပြီပေါ့နော်”
“ဟမ် နင်ပြောပုံကြီးကလည်း ငါတို့ကပဲ မင်္ဂလာဆောင်မဲ့ကိစ္စကို အလကားပဲတင်း ဆော့နေသလိုလို”
“အဲ အဲလို မဟုတ်ပါဘူး ရွှေမြရယ်၊ ငါတို့နဲ့ ယှဉ်ပြီး တွေးမိသွားလို့ပါဟာ”
“အင်း နင်တို့နှစ်ယောက်က ဘယ်လိုကြီးလဲ၊ ဟိုကောင့်ကြည့်ရတာ ဒီတစ်သက် မိန်းမယူမဲ့အစား မီလျံနာလုပ်ပြီး ရှာစာဖွေစာတွေကို သူတစ်ယောက်ထဲပဲ ထိုင်စားတော့မဲ့ပုံ၊ ဖားစီးငါးစီး ငွေရှာနေပုံက…”
“နင်တို့မိန်းကလေးတွေကလေ အဲဒါပဲ၊ ငွေမရှိဘဲ ဘယ်လိုလုပ် မိန်းမယူမလဲဟ၊ နင့်ကို ခုလိုမင်္ဂလာဆောင်ဖို့တောင် ငါ့မှာ ရှိစုမဲ့စုလေးတွေအပြင် ငါ့အဖေဆီက ငွေချေးရသေးတာ နင် သိလား”
“ငါပြောပါတယ်။ တော်ရုံလေးပဲ ရုံးတက် လက်မှတ်ထိုး၊ လူအိုရုံဖြစ်ဖြစ် မိဘမဲ့ကလေးများဂေဟာမှာဖြစ်ဖြစ် နေ့လည်စာ အလှူလေး လုပ်၊ ဒါလောက်ဆိုရပါပြီ ဆိုတဲ့ဟာကို”
“ဟ ရမလားဟ၊ နင်က အဲလိုနားလည်ပေမဲ့ နင့်အဖေကြီးက မိန်းကလေးဆိုတာ တစ်သက်မှာ တစ်ခါ မင်္ဂလာဆောင်ရတာ ဘာညာနဲ့ တင့်တောင့်တင့်တယ်လုပ်ပေးစေချင်ပုံ နင့်အမြင်ပဲလေ”
“အေးပါဟာ ထားပါတော့။ ခုဟာက မြိုင့်လူက ဆိုးပါတယ်။ အတူနေချင်တယ် ဘာညာရော ပြောရဲ့လားမြိုင် ဟင်”
မြိုင်ဘာမှ ပြန်မပြောလိုက်ဘဲ ရူးချင်ယောင်ဆောင်လို့ ရယ်သာ ရယ်နေမိတော့တယ်။ “အရမ်းချစ်တယ်” ဆိုတဲ့ မောင့်နှုတ်ထွက် စကားကို မြိုင့်မျက်နှာရှေ့တည့်တည့်မှာ တစ်ခါပြောပြီး ကတည်းက မောင် နောက်ထပ် မပြောတော့တာ။ မောင်ဟာ ဘယ်လိုလူစားပါလိမ့်။ မိန်းကလေးတစ်ယောက်ကို ချစ်တယ် ချစ်တယ်ကွာလို့ ပြောနေရတာမျိုး ကြာရင် ရိုးသွားမှာ စိုးသလိုလို၊ ပြောပါများရင်ပဲ ပေါ့သွားမှာလိုလိုနဲ့ နောက်တစ်ခါ မေးလို့မရတော့တာ။
မြိုင်က "ချစ်လားဟင် မောင်"လို့ မေးလိုက်တိုင်း" ပြောမှသိမှာလား"ဆိုတဲ့ အကြည့်မျိုးနဲ့ မောင်က မြိုင့်ကို ကြည့်လို့သာ နေတော့တယ်။ ကြာတော့လည်း မြိုင့်နှုတ်ကပါ မရဲတော့။ မောင့်ကို သတိရတိုင်း မောင့်ဓါတ်ပုံကိုကြည့်ကာ ချစ်လိုက်တာမောင်ရယ် လို့ စိတ်ထဲက တဖွဖွ ရေရွတ် လွမ်းတနေမိတာမျိုးသာ ကျွန်မစိတ်အလွမ်းဖြေရာ။
ခုဆို မောင်နဲ့တွေ့ကြတိုင်း ဟိုအကြောင်း ဒီအကြောင်း လူမှုစီးပွားရေးတွေလောက် ပြောမိပြောရာ ပြောနေမိကြတော့တယ်။ ချစ်တဲ့ လွမ်းတဲ့အကြောင်းတွေ မပြောကြသလောက်ပဲ။ ဒီတော့ ကျွန်မမှာ မောင့်မျက်လုံးလေးတွေကိုပဲ လိုက်ဖမ်းဆုပ်ကြည့်နေရတော့တယ်။
မောင့်မျက်လုံးတွေဟာလေ ကြယ်ကလေးတွေလိုပါပဲ…..။
@@@@@@@@@@@@@@@
ကြာခဲ့ပြီပဲလေလို့ ဆိုရင်လည်း ရတယ်။ မကြာလိုက်သလိုပါပဲလေလို့ ပြောရင်လည်း ရနိုင်မယ်ထင်ပါရဲ့…..
မောင်နဲ့ ကျွန်မ ဝေးခဲ့ကြတာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ။ မောင်ရော ကျွန်မပါ လေးဆယ်ကျော်တွေ ဖြစ် ကုန်ကြပြီ။ ရင့်ကျက်သင့်သလောက် ရင့်ကျက်လာကြပြီ။ အရင်ကလို ပရမ်းပတာ မခုန်လှုပ်တော့ပေမဲ့လည်း မောင့်သတင်းတွေကြားတိုင်း ရင်ထဲ လှိုက်ကနဲ လူးလွန့်သွားတတ်မြဲ ဆိုတာကိုတော့ ကျွန်မ ဝန်ခံရမှာ။
နယ်မြို့ကလေးတစ်မြို့မှာ ကလေးတွေကို စာသင်တဲ့ ဆရာမလေးအဖြစ် ကျွန်မအိမ်က ထွက်လာချိန်၊ မောင်ကလည်း မောင့်အလုပ်နဲ့ ပတ်သက်တဲ့ ဒီဂရီတစ်ခုထပ်ယူဖို့ ပြည်ပကို ထွက်ခွာချိန်။ အဲ့ဒီအချိန်တွေတုန်းကတော့ ကျွန်မ အလူးအလဲခံစားရချိန်တွေပေါ့။
မောင်နဲ့နေ့တိုင်း စကားတွေပြောနေရမှ တစ်နေ့တာပြီးပြည့်စုံတဲ့ ကျွန်မအတွက် မောင်နဲ့ ဟိုးအဝေးကြီးမှာ ထီးတည်းနေဖို့ဆုံးဖြတ်ချက်ချခဲ့တာကိုက ကိုယ့်နှလုံးသားကို ကိုယ်တိုင်ချနင်းဖို့ ရဲတောက်ခဲ့တာမျိုး။ အဲဒီအချိန်တွေဟာ နှလုံးသားနဲ့ဝေးရာကို ထွက်ပြေးရင်းက နောက်ပြန်ပြန်ပြေးမိနေတဲ့ ကျိန်စာသင့်ခြေလှမ်းတွေကို တုတ်နှောင်ဆုံးမနေရချိန် ဆိုပါတော့။
အိမ်မှာ မမကြီးတို့ မိသားစုနဲ့လည်း နေရထိုင်ရတာ အဆင်မပြေ၊ မိဘသဘောတူသူနဲ့ စုလျားရစ်ပတ်ဖို့ဆိုတာကလည်း ကျွန်မအတွက် ဘယ်လိုမှ မဖြစ်နိုင်၊ မောင်နဲ့ အတူနေကြဖို့ဆိုတာကလည်း…..။
“မောင် မြိုင်နဲ့အတူနေရရင် မောင် စိတ်ချမ်းသာမယ် ထင်လားဟင်…”
ဒါ ကျွန်မဘက်က အရဲအကိုးဆုံး၊ မိန်းမတစ်ယောက်အနေနဲ့ ကျွန်မကို လက်ထပ်ပါလား မောင်လို့ မပြောရုံတစ်မယ် မြောင်းဖောက်စကားမျိုး မဟုတ်လား။
“မြိုင် မြိုင်နဲ့ကျွန်တော်က အတွေးအခေါ်အယူအဆချင်း၊ တန်ဘိုးထားရာချင်း၊ ဝါသနာချင်း၊ ဘဝအခြေအနေချင်း ဘာတစ်ခုမှ မတူကြဘူး။ အတူနေပြီးမှ တစ်ယောက်နဲ့တစ်ယောက် အမုန်းနဲ့ လမ်းခွဲကြရတာထက် ဝေးနေကြပြီး ချစ်ရက်နဲ့ လွမ်းနေကြရတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်မြိုင်။ ကျွန်တော် မြိုင့်ကို မမုန်းချင်ဘူး၊ မြိုင့်အပေါ်မှာရှိတဲ့ ကျွန်တော့်အချစ်တွေကို အရောင်ပြောင်းမသွားစေချင်ဘူး မြိုင်။ ကျွန်တော်တို့ ဒီလိုလေးပဲ နေကြရအောင်ပါ”
နေရာမှာတင်ပဲ လဲကျသေဆုံးသွားလောက်အောင် အရှက်ရနာကျင်စေခဲ့တဲ့ မောင့်စကားတွေ။ အရင်းအတိုင်း ပြန်ကြားယောင်မိတဲ့အခါတွေမှာ ကျွန်မ မျက်ရည်ကျမြဲပဲ။ ဟုတ်တယ် မောင်၊ နားမလည်မှုတွေနဲ့၊ မောင့်အပေါ်….၊ မောင့်အချစ်အပေါ် နားမလည်နိုင်မှုတွေနဲ့ ဆွေးဆွေးမြေ့မြေ့ ခံစားရမြဲ….
အချစ်ဆိုတာကို မောင်က စတင်ခဲ့တာ။ ကျွန်မကို သတိတရ လွမ်းဆွတ်နေရပါတယ်လို့ မောင်က စတင်ပြောကြားခဲ့တာ။ အချစ်ဆိုတာကို ကိုးစားတတ်အောင် မောင်က စတင် သင်ကြားပေးခဲ့တာ။ “အချစ်ဆိုတာ အတူတူနေရမှ မဟုတ်ဘူး မြိုင်” လို့ မောင့်အဓိပ္ပါယ်ဖွင့်မှုတွေအပေါ် ရင်ကွဲပက်လက် ခံစားတတ်ခဲ့တာ။ မောင်ထားခဲ့သလိုပဲ ကျွန်မ နေတတ်အောင်၊ နေပျော်အောင်နေရင်း စာသိပ်တတ်ချင်တဲ့ ဖြူစင်ချစ်စဖွယ် ကလေးငယ်တွေကြားမှာ ဘဝကို အရှိအတိုင်း လက်ခံနေသား ကျလာခဲ့ပြီ မောင်။
ကျေးဇူးတင်ပါရစေ။ တခါတလေ မောင့်ကို သိပ်လွမ်းလာတဲ့အခါ ကျွန်မစိုက်ထားတဲ့ စံပါယ်ပန်းကလေးတွေကို ငေးရင်း မောင့်ကို အလွမ်းဖြေရတာက လွဲရင် ကျွန်မ အဆင်ပြေနေပါတယ် မောင်။
@@@@@@@@@@@@@@@
ကျွန်မနဲ့ရော မောင်နဲ့ပါ အချစ်ခင်ရဆုံး ရွှေမြတို့သူငယ်ချင်းစုံတွဲရဲ့ မင်္ဂလာနှစ်ပတ်လည်ဖိတ်စာလေးရတော့ ဆက်စပ်ပတ်သက်ခဲ့မှုတွေကို တသီတတန်းကြီး တွေးမိရပြန်တယ်။ အဲဒီမနက်က ကားလက်မှတ်ဖြတ်နေရင်း ရွှေမြဆီက ဖုန်းဝင်လာတော့ အဲဒီပွဲကို မောင်လည်း တက်ရောက်ပါမယ်လို့ မောင့်ဆီက ဖုန်းမက်ဆေ့ခ်ျဝင်သတဲ့လေ။ ထူးဆန်းတယ် မောင်ရေ။ မောင် သိလား၊ ကျွန်မ စံပါယ်ပန်းရုံကလေးက ပန်းကလေးတွေ အပွင့်စုံပွင့်လို့ သင်းပျံ့မွှေးမြနေခဲ့တဲ့ မနက်ခင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်။
အစိမ်းရောင်နောက်ခံမှာ ကြယ်ဖြူပွင့်ကလေးတွေ ကြဲပက်ထားသလို စံပယ်ရုံလေးကိုကြည့်ရင်း ပန်းကလေးတွေ တစ်ပွင့်ချင်းစီဟာ မောင့်မျက်ဝန်းကြယ်စင်ကလေးတွေ ဖြစ်လို့သွားခဲ့တာ။
@@@@@@@@@@@@@@@
“ဟိတ် မိမြိုင် နင်က အရင်ကအတိုင်းပဲ၊ နည်းနည်းလေး ပိန်သွားတာက လွဲလို့”
စုစုက ကျွန်မကိုကြည့်ရင်း ပြောလာတော့ အရှက်ပြေပြုံးပြလိုက်ရင်း “အလွမ်းတွေနဲ့ နေသားကျလာပေမဲ့ လူက အသားပြန်မတက်တော့ဘူးဟ” လို့ ပြန်နောက်လိုက်မိတယ်။
“နင်ရော စု၊ ဟိုကောင် မပါဘူးလား”
“ဘယ်ဟိုကောင်လဲ၊ သူရလား”
“အေးလေ နင်ကလည်း ဘယ်သူရှိသေးလို့လဲ”
“သူနဲ့ငါ ကွဲသွားပြီဟ၊ ကြာပေါ့ သုံး-လေးနှစ်တောင် ရှိတော့မယ်”
“ဟယ် ဟုတ်လား၊ ဆောရီးပဲ သူငယ်ချင်းရယ်၊ ငါက အဝေးကို ရောက်နေတော့ မသိလိုက်ဘူးဟ။ ဒါနဲ့ နင်တို့က ဘယ်လိုဖြစ်ကြတာလဲဟယ်”
“ဒီလိုပါပဲဟာ၊ သူ့မိသားစု ငါ့မိသားစု၊ သူ့စရိုက် ငါ့စရိုက်တွေက ညှိလို့မှ မရတော့ ကွဲကြတာပေါ့။ အိမ်ထောင်ရေးမှာ ကွန်ပရိုမိုက်ဇ်လုပ်တတ်ဖို့၊ ကိုယ့်ပုံစံခွက်ထဲမှာ သူက အံမဝင်တဲ့အခါ တန်းညှိယူတတ်ဖို့ အတော်အရေးကြီးတယ်ဟ။ သားကြောင့် သူနဲ့ငါ အဆက်အသွယ်တော့ ရှိနေပါတယ်”
“စိတ်မကောင်းဘူးဟယ်၊ ကလေးက ကြားထဲက ဒုက္ခ”
“အေးလေ၊ မတတ်နိုင်ဘူးဟာ၊ အတူနေလို့ စိတ်မချမ်းသာကြတဲ့နောက်တော့၊ တစ်နေ့တစ်နေ့ တစ်ယောက်အပြစ် တစ်ယောက် လက်ညှိုးထိုးပြီး အရှုံးအနိုင်တွက်နေမဲ့အစား ဝေးလိုက်ကြရတာ ပိုကောင်းပါတယ်။ ဝေးတသက်သက်တဲ့ ဝေးနေတော့မှ လွမ်းရတာ အရသာ ဟိ ဟိ”
“အယ် ဖြစ်ရလေ မိစု နင်ကတော့လေ “
အဲဒီခဏမှာ ပြောဖူးခဲ့တဲ့မောင့်စကားတွေကို အပြင်းအထန် သတိရနေမိတယ်ဆိုတာ ကျွန်မ မငြင်းချင်ပါဘူး မောင် ရယ်။ သေချာတာက ခုထိ မောင်နဲ့ ကျွန်မ တစ်ယောက်နဲ့တစ်ယောက် မုန်းမသွားကြသေးပါဘူး နော်။ ကျွန်မကို မေ့ရော မေ့နေပြီလား မောင်ရာ။
“ဟေ့ မိစုနဲ့ မြိုင် ဘာတွေ အတင်းတုတ်နေကြတာလဲ”
“အဲ ရွှေမြ တယ်လှနေပါ့လား၊ လာ ငါတို့စားပွဲမှာ ခဏထိုင်ဦး၊ မေးစရာရှိတယ်”
“နင်တို့ ခုလို အိမ်ထောင်သက်တမ်း ဆယ်နှစ်ထိ ခိုင်မြဲအောင်၊ တစ်ယောက်နဲ့ တစ်ယောက် အမြဲချစ်နေနိုင်အောင် ဘာတွေ ဘယ်လိုများ အားထုတ်ကြရလဲ ဟင်”
“ဟမ် ငါတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အမြဲချစ်နေတယ်လို့ နင်တို့ကို ဘယ်သူပြောတုန်း၊ ငါတို့လည်း စိတ်အခန့်မသင့်တဲ့အခါ ထသတ်ကြတာပဲဟ ခိခိ”
“ကဲ မပြောလား မြိုင်၊ အိမ်ထောင်ရေးဆိုတာ ဒီလိုပဲဟ။ အလကားပါဟာ တိုးဝေက နေရာတကာ သိပ်တွေးလွန်းတာ။ မကောင်းဘူး သိလား၊ ခု ဒီပွဲ သူလာလိမ့်မယ်။ နင် မူးလဲပြလိုက်၊ မိန်းမမာယာတွေ၊ ပညာတွေ ဂိတ်ဆုံးထိ သုံးပစ်လိုက် မိမြိုင် ဟားဟားဟား”
စုတို့နဲ့ ရောရယ်လိုက်ရပေမဲ့ မြိုင့်စိတ်ထဲကတော့ မောင့်အကြောင်းသိသူပီပီ အောင့်ကနဲ နာကျင်မိပြန်တာ။ ဟင့်အင်း…။ မာယာမသုံးချင်ပါဘူး စုရယ်။ မြိုင်က မောင့်အတွက် အဖြူရောင်အတိုင်း အမြဲရှိချင်သူ ပါလေ။ မောင် စိတ်ချမ်းသာသလို နေပါစေ၊ မြိုင်နဲ့အတူနေရတာထက် တစ်ယောက်ထဲနေရတာက ပိုစိတ်ချမ်းသာလိမ့်မယ်ဆိုတဲ့ မောင့်ဆုံးဖြတ်ချက်အတိုင်း မောင်နေပါစေတော့။ တစ်ယောက်ချင်းစီရဲ့ ရင်မှာ အချစ်တွေသာ တည်မြဲနေမယ်ဆိုရင်လေ...။
“ဟဲ့ ဟိုမှာ တိုးဝေ”
ကျွန်မတို့စားပွဲနဲ့ နှစ်စားပွဲကျော်လောက်မှာ ဘေးတိုက်အနေအထားနဲ့ မြင်လိုက်ရတဲ့ မောင့်မျက်နှာ။ မောင် ဘယ်တုန်းကတည်းက ရောက်နေတာပါလိမ့်။ မြိုင့်ကိုတော့ မတွေ့ဘဲ နေမှာ မဟုတ်။ ဒါနဲ့တောင် လာနှုတ်မဆက်ဘဲ နေနိုင်လွန်းတာ။ အင်း အဲဒါ မောင်ပါပဲလေ၊ မြိုင့်မောင်ပေါ့။ မောင်က သူ့ရှေ့က လိမ္မော်ရည်ပုလင်းကိုသာ ငေးကြည့်နေတာ။
“နေဦး မိမြိုင် နင်ဒီမှာ ထိုင်နေ၊ တိုးဝေကို ငါ သွားခေါ်လာခဲ့မယ်”
“ဟဲ့ စု”
စုက ကြားပေမဲ့ ထထွက်သွားတာမို့ ကျွန်မ မတားသာ။
ဘယ်လိုများ စကားစရမှာပါလိမ့်….။ မောင် နေကောင်းလား အဲ မဟုတ်သေးပါဘူး။ သူများတွေရှေ့မှာ ရှက်စရာ။ ကိုတိုးဝေ နေကောင်းတယ် မဟုတ်လား….ဒါကျတော့လည်း သူစိမ်းဆန်လှချည့်။
“မြိုင် ပိန်သွားတယ် နော်”
“ဟုတ်၊ ဒါပေမဲ့ မြိုင် ကျန်းမာပါတယ် တိုးရဲ့”
ဖျတ်ကနဲ နှုတ်ကထွက်သွားပေမဲ့ အဆင်တပြေတော့ ရှိသလိုလို...။
“အရင်လိုပဲလား”
ဟင်…မောင် ဘာကို ဆိုလိုချင်ပါလိမ့်….။ ကျွန်မ နားမလည်ပါ။
“အရင်လိုပဲဟေ့ မိမြိုင်က အပျိုကြီး၊ နင့် စောင့်နေတာ”
“ဟာ…စု၊ နင် ပေါက်ကရတွေ….”
ရှက်ရှက်နဲ့ ဘေးနားက စုကို တံတောင်နဲ့တွက်တော့ စုက တဟားဟားအော်ရယ်ရင်း ကဲကဲ ပြောကြဦးနော်လို့ ဆိုပြီး ကျွန်မတို့နှစ်ယောက်ထဲ ထားရစ်ခဲ့လေတယ်။
မောင်က ပြုံးထေ့ထေ့နဲ့။
“မောင် နေကောင်းတယ် မဟုတ်လား၊ အလုပ်တွေရော အဆင်ပြေလား”
ရောက်တတ်ရာရာပါပဲ။ ကျွန်မတို့ ပြောမိတာတွေက အဆက်အစပ်မဲ့။
မောင်က အရင်အတိုင်း၊ သိပ်မပြောင်းဘူး။ နည်းနည်းလေး ပြည့်လာတာပဲ ရှိတယ်။ မောင့်ဆံပင် တိုတို ထောင်ထောင်လေးတွေကလည်း အရင်ကလိုပဲ။ မျက်မှန်ကိုင်းတစ်ဝက်အနက်ရောင်လေးနဲ့၊ ပုဆိုး ကြေးညိုရောင်လေးနဲ့ မောင်က သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးလို့။
ကျွန်မကတော့ မောင့်မျက်ဝန်းတွေထဲ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား လိုက်ရှာနေမိဆဲ။
“ဆံပင်ဖြူတွေ မရှိသေးဘူးနော် မြိုင်က”
“ဘယ်ကလာ မောင်ရာ၊ မြိုင် ဆိုးထားတာ”
“ဟုတ်လား ဟားဟား၊ မြိုင်ဟာလေ အရင်ကလိုပဲ သိလား”
အင်း ဟုတ်တယ် မောင်၊ မြိုင်က အရင်ကလိုပဲ ပွင့်လင်းဆဲ၊ စိတ်ထဲရှိတာ ပြောချတတ်မြဲ။ ရုတ်တရက် မောင့်လက်တစ်ဘက်က ကျွန်မ ပုခုံးပေါ် ဝဲကနဲ ကျရောက်တော့မဲ့ဟန်။ ကျွန်မရင်တွေ ဒိန်းကနဲ ဆောင့်ခုန်သွားလိုက်တာ။ ကျွန်မပုခုံးကို ဆုတ်ကိုင်ပြီး မောင် ဘာတွေများ ပြောလိုက်တော့မှာပါလိမ့်။ ကျွန်မအတွက် အသက်ရှူဖို့ မေ့သွားတဲ့ အခိုက်အတန့်လေး…။
“ခဏလေး မြိုင်…”
“ဒီမှာ မြိုင့်ပုခုံးပေါ်မှာ ပုရွက်ဆိတ်တစ်ကောင်”
မောင်က သူ့လက်မနဲ့ လက်ညှိုးကြားက ပုရွက်ဆိတ်လေးကို ပြရင်း အကောင်ကလေးကို ခပ်ဝေးဝေးမှာ အသာ အယာ မြေကြီးပေါ် ချပေးလိုက်တယ်။ ကျွန်မလည်း ခုမှပဲ အသက်ရှူရတာ ပုံမှန်ပြန်ဖြစ် သွားတော့တယ်။ မောင်ဟာလေ….၊ သိပ်ခက်တဲ့မောင်ပါကွယ်။ မောင်မသိလိုက်တဲ့ ကျွန်မမျှော်လင့်အတွေးတွေကို ရှက်ရွံ့စွာ ကြိတ်ပြုံးလိုက်မိတယ်။
သေချာတယ် မောင်၊ မောင်ဟာလေ….။ မောင်ဟာ အရင်ကအတိုင်းပါပဲ….။
Author: ချစ်ကြည်အေး

Sunday, August 18, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment