ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဖက် ၃၆ ကီလိုမီတာ အကွာအဝေးရှိ ဖုတ်ဖရမြို့နယ်ဧရိယာတွင် အရက်မူးနေသည့် ထိုင်းနိုင်ငံသား အချို့၏ သေနတ် လက်သရမ်းမှုကြောင့် အိပ်ပျော်နေသော သေနတ်ကျည်ဆံ ထိမှန်သွားကြောင်း၊ တရားခံကိုကား မသိရသေးကြောင်း ကာယကံရှင် မြန်မာစိုက်ပျိုးရေးလုပ်သားများက ပြောပြသည်။
(ဖုတ်ဖရမြို့နယ် ၃၆ ကီလိုမီတာ အရပ်ရှိ မြန်မာစိုက်ပျိုးရေး အလုပ်သမားတို့၏ တဲအိမ်စု)
အခင်းဖြစ်ပွားပုံမှာ အဆိုပါ ဖုတ်ဖရမြို့နယ် ၃၆ ကီလိုမီတာ အရပ်ရှိ မြန်မာစိုက်ပျိုးရေး အလုပ်သမားတို့၏ တဲအိမ်စု အနီးတွင် အရက်မူးနေသည့် ထိုင်းနိုင်ငံသားအချို့က ယမန်နေ့ည (၁၁း၂၀) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ရာမှ မိမိ၏ နေအိမ်ထဲတွင် အိပ်ပျော်နေသည့် စိုင်းဝဏဖြိုး (၁၂ နှစ်၊ ပထမတန်း၊ ဒို့မိတ်ဆွေ မူလတန်းကျောင်း၊ ဖုတ်ဖရမြို့နယ်)၏ ညာဘက်ပေါင်အား ထိုးဖောက်ထိမှန်ခဲ့ခြင်းဖြစ်၏။ ထို့နောက် မြန်မာ အလုပ်သမားတို့၏အလုပ်ရှင် ထိုင်းလူမျိုး (အရပ်အခေါ်) “ပေါလျန်းတို” က မဲဆောက်ဆေးရုံကြီးသို့ ကားဖြင့် လိုက်ပို့ပေးကာ ကုသစေခဲ့သည်။ ယနေ့တွင်မူ မဲဆောက် အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆင်းကာ ၄င်းတို့နေအိမ်သို့ ပြန်ရောက်ပြီဖြစ်၏။ သားဖြစ်သူ စိုင်းဝဏဖြိုး၏ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ဦးဇော်နိုင်က “အလုပ်ရှင် နဲ့ မျက်နှုာစိမ်းထိုင်း တစ်ယောက်ရောက်လာပြီး ကလေးမုန့်ဖိုးဆိုပြီး (၁၀၀၀) ဘတ် လာပေးတာတော့ရှိတယ်။ တရားခံကိုရှင်းရှင်းလင်းလင်း မသိသေးဘူးဗျ။ အလုပ်ရှင်ကတောု့ သူသိတယ်။ ဘယ်သူ့ကိုမှ မတိုင်နဲ့။ ကလေးကို မူလအတိုင်းပြန်ကောင်းအောင် သူတာဝန်ယူမယ်လို့ ပြောတယ်ဗျာ။ ကျနော်တို့ မြန်မာအလုပ်သမား တဲအိမ်စုတွေက ကက်ဆက်သံ၊ တီဗွီသံ၊ ဆဲဆိုသံတွေနဲ့ ဆူညံနေတာမို့ ခြောက်လှန့်တဲ့ သဘောနဲ့ မိုးပေါ်ထောင်ပစ်တာလို့ ပြောတာပဲ ။အခုကြည့်လေ။ ပိုက်ဆံမတတ်နိုင်လို့ ဆေးရုံက ဆင်းလာတာမို့ ကလေးကြည့်ရတာ အားမရဘူး ” ဟု ရှင်းပြသည်။
ဤအမှုကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)မှ ထိုင်းရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန (LLC) နှင့် တွဲဖက်ကာ ထိုင်းနိုင်ငံရာဇ၀တ်မှု ဥပဒေ (BE-2544/ 2001) ပါ တရားလို ၏ အခွင့်အရေးများအတိုင်း ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် ဧရိယာအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၀၀၀၀) ခန့် ရှိပြီး၊ အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြ သူများဖြစ်၏။ ပြီးခဲ့သည့် ၃ နှစ်တာ ကာလအတွင်း ဤဖုတ်ဖရမြို့ ဧရိယာအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ရင်သွေးငယ် ကလေးအချို့မှာ ထိုင်းနိုင်ငံသားတို့၏ မော်တော်ယာဉ်များ အတိုက်ခံသဖြင့် သေဆုံးခြင်း၊ ဒဏ်ရာအနာတရ ရရှိခြင်းတို့အပြင် ထိုင်းနိုင်ငံသားရော၊ မြန်မာနိုင်ငံသားအချင်းချင်းပါ လိမ်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုများ၊ ထိုင်းနိုင်ငံသားနှင့် မြန်မာပြည်သားအလုပ်ရှင်အချို့၏ အလုပ်ခိုင်းပြီး လုပ်အားခ အပြည့်အ၀မပေးမှုများ၊ တိုးပွားဖြစ်ပေါ်လျှက်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) သုံးသပ်တင်ပြသည်။
( JACBAနှင့်ထိုင်းရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန (LLC)ကွန်ယက်မှကွင်းဆင်းဆောင်ရွက်)
+(အောက်တိုဘာလ ၈ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)+

No comments:
Post a Comment