- **(နိုဝင်ဘာလ၊ ၂၈ရက်၊၊ ၂၀၁၃၊ သောင်ရင်းနဂါး)**
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်မဲဆောက်မြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ အကွာအဝေးတွင်ရှိသော မယ်ကုတိုက်နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ ဟန်ထိုင်း (ခေါ်) Wonderful Co,ltd မှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၇ ဦးတို့သည် ယနေ့တွင် ပုံမှန်လုပ်အားခ ၁၉ ရက်စာနှင့် နစ်နာကြေး ၂ ရပ်ပေါင်း ထိုင်းနိုင်ငံသုံးငွေ (ဘတ် - ၁သိန်းခွဲခန့်  ရရှိကြကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော လွိုင်းကရထုန်း (ခေါ်) မီးဖောင်မျှောပွဲတော်နေ့သည် ထိုင်းအစိုးရ၏ တရားဝင်အလုပ်ပိတ်ရက်ဖြစ်သော်လည်း အလုပ်ရှင်က အလုပ်ဆင်းခိုင်းသည်ကို အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမား (၃၅၀) ကျော်က အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။ ဤ သည်ကို အကြောင်းပြုပြီး အလုပ်သမား ၁၇ ဦးအား “အထည်၏ စံချိန်စံညွှန်း (ရာခိုင်နှုန်း) ကျသည်” ဟု အကြောင်းပြကာ အလုပ်မှ ထုတ်ပယ်ပစ်လိုက်သည်။ ဤ အလုပ်သမား ၁၇ ဦး အလုပ်ထုတ်ခံရသည်ကို အကြောင်းခံလျက် အခြားသော အလုပ်သမား ၃၅၀ ဦးတို့က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အလုပ်မဆင်းပဲ ဆက်လက်ဆန္ဒပြခဲ့ကြသည်။ ဤသို့သော အခြေအနေတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှအလုပ်သမားသံအရာရှိဦးကျော်ကျော်လွင် နှင့်
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တို့က ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင်အလုပ်သမားကာကွယ်ရေးရုံး (LPO) ထဲ ဆက်သွယ် အကြောင်းကြားခဲ့သည်။
( ဟန်ထိုင်း (ခေါ်) Wonderful Co,ltdစက်ရုံရှေ့ မြင်ကွင်း)
(JACBAဆရာမိုးဆိုတာကအလုပ်သမားတွေနဲ့ အတူLPOရုံးအပြင်ဘက်မှာသိသင့်တာတွေရှင်းပြလို့ )
အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မအိဖြိုးကလည်း “သမီးတို့ကို ထိုင်းအစိုးရရဲ့ တရားဝင် အလုပ်ပိတ်ရက်ကိုတောင် အလုပ်ခိုင်းရတယ်။ ဥပဒေအတိုင်း နေ့စားခရဲ့ ၃ ဆ ပေးရမယ် ဆိုတာကိုတော့ ရူးချင်ယောင်ဆောင်နေကြတယ်။။ ဖြတ်တောက်ကြေးတွေကလည်း များမှများပဲ။ အဆိုးဆုံးက အလုပ်စံချိန် ရာခိုင်နှုန်း မပြည့်လို့ဆိုပြီး တိုးတိုးပြီးခိုင်းတော့ အိပ်ချိန်၊ နားချိန် နည်းလာတယ်။ ဒါကြောင့် စုပေါင်းပြီး တောင်းဆိုကြတာပါ။ ဒီနေ့တော့ အလုပ်ဖြုတ်ခံရတဲ့ ၁၇ ယောက်အတွက် စုစုပေါင်း ဘတ် ၁သိန်းခွဲလောက်ရတယ်။ ဆရာမိုးတို့ JACBAနဲ့ မြန်မာသံရုံးကို ကျေးဇူးတင်ပါတယ် ” ဟုပြောပြသည်။
(ကဲ...အလုပ်ရှင် နဲ့ အလုပ်သမားပြသနာဖြစ်ပြီဆိုမှတော့.. သူဖြတ်တောက်ထားသမျွှပြန်တောင်းရအောင်..တွက်ကြစမ်းဟေ့..)
(ထိုင်းအလုပ်သမား ၀န်ကြီးဌာန အလုပ်သမားကာကွယ်ရေးရံး (ဆ၀ါဒီကန်)ရှေ့ မှာဘတ်၁သိန်းရသူတို့ ရဲ့ အားမာန်)

No comments:
Post a Comment