ပရီမီယာလိဂ်ပွဲစဉ်(၂၉)၏ ပရိသတ်စိတ်ဝင်စားမှု အကောင်းဆုံးပွဲစဉ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော အမှတ် ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးအသင်းနှင့် စပါးအသင်း တို့၏ ပွဲစဉ်တွင် အိမ်ကွင်းယှဉ်ပြိုင်ကစားခဲ့ရသည့် ချယ်လ် ဆီးအသင်းသည် ဧည့်သည်စပါးအသင်းအား လေးဂိုးပြတ် အနိုင်ရရှိကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် နှစ်သင်းစလုံးသည် တစ်ဖက်နှင့် တစ်ဖက်အမှားမခံဘဲ အကြိတ်အနယ်ကစားခဲ့ရာ ပထမ ပိုင်းပွဲကစားချိန်တွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့သော်လည်း ဒုတိယပိုင်းတွင် စပါးအသင်းမှ နောက်ခံကစားသမားများ၏ အမှားများမှတစ်ဆင့် ချယ်လ်ဆီးအသင်းနိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲကစားချိန် ၅၆ မိနစ်တွင် စပါးနောက်ခံကစား သမားဗာတွန်ဂန်၏ အမှားမှတစ်ဆင့် ချယ်လ်ဆီးတိုက်စစ် မှူးအီတိုးက ချယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးသွင်း ယူပေးခဲ့ပြီး ပွဲကစားချိန် ၅၉ မိနစ်တွင် စပါးနောက်တန်း ကစားသမားကာဘူးလ်က ချယ်လ်ဆီးတိုက်စစ်မှူး အီတိုး အား ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် အနီကတ်ပြထုတ်ပယ် ခြင်းခံခဲ့ရသည့်အပြင် ပင်နယ်တီကန်ခွင့်ပါပေးလိုက်ရ သဖြင့် ရရှိလာသည့် ပင်နယ်တီကို ချယ်လ်ဆီးတိုက်စစ်မှူး ဟာဇက်က သွင်းယူပေးခဲ့သဖြင့် ချယ်လ်ဆီးအသင်း ဒုတိယ ဦးဆောင်ဂိုးရရှိခဲ့သည်။
(ပျော်ရွှင်နေတဲ့ ချယ်လ်ဆီးအသင်းသားတွေ)
ထို့နောက် စပါးအသင်းက ဆင်းဂတ်ဆန်၏နေရာ တွင် ကွင်းလယ်ကစားသမား ပေါ်လင်ဟိုကို ထည့်သွင်းကာ ကစားကွက်ပြောင်းခဲ့သလို ချယ်လ်ဆီးအသင်းက ရှာရယ်လ်၏နေရာတွင် ၀ီလျံကိုလည်းကောင်း၊ အဖွင့်ဂိုး သွင်းယူပေးခဲ့သည့် တိုက်စစ်မှူးအီတိုး၏ နေရာတွင် တိုက်စစ်မှူးဒမ်ဘာဘာကိုလည်းကောင်း ထည့်သွင်းကစား စေခဲ့သည်။ ပွဲကစားချိန် ၈၈ မိနစ်နှင့် မိနစ် ၉၀ တို့တွင် လူစားလဲဝင်ရောက်လာသည့် တိုက်စစ်မှူးဒမ်ဘာဘာက နှစ်ဂိုးသွင်းယူပေးခဲ့သဖြင့် ကစားသမားတစ်ယောက်လျော့ ဖြင့် ကစားခဲ့ရသည့် စပါးအသင်း အဝေးကွင်းတွင် ရှုံးပွဲကြုံခဲ့ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် ယခုပွဲစဉ်တွင် စပါးအသင်းကို လေးဂိုးပြတ်အနိုင်ရရှိကာ ရမှတ် ၆၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင် ခဲ့သည်။
**ဗန်ပါစီအားအနီကတ်ပြထုတ်ပယ်ခဲ့သင့်ကြောင်းဝက်စ်ဘရွန်းနည်းပြ ပီပီမဲလ်ကပြောဆို**
(၀က်စ်ဘရွန်းနည်းပြ ပီပီမဲလ်)
စနေနေ့ညပိုင်း၏ ပရီမီယာလိဂ်ပွဲ စဉ်(၂၉) အစောပိုင်းပွဲစဉ်တစ်ပွဲ ဖြစ်သည့် ၀က်စ်ဘရွန်းအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်တွင် မန်ယူ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအား အနီကတ်ပြထုတ်ပယ်ခဲ့သင့်ကြောင်း ၀က်စ်ဘရွန်းအသင်းနည်းပြ ပီပီမဲလ် က ပြောကြားခဲ့သည်။ မန်ယူအသင်းက ၀က်စ်ဘရွန်း အသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင် ရရှိခဲ့သည့် အဆိုပါပွဲစဉ်တွင် မန်ယူ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် ၀က်စ်ဘရွန်းကွင်းလယ်ကစားသမား အမယ်လ်ဖီတာနိုနှင့် နောက်ခံလူ စတီဗင်ရိဒ်တို့ကို ကြမ်းတမ်းစွာကစား ခဲ့သော်လည်း ကွင်းလယ်ဒိုင် ဂျွန်မို့စ်အနေဖြင့် အ၀ါကတ်ပြား ပြသကာ သတိပေးခဲ့ခြင်းသာ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
(၀က်စ်ဘရွန်းကစားသမားနှစ်ဦးအား ကြမ်းတမ်းစွာ ကစားခဲ့တဲ့ဗန်ပါစီ နဲ့ အငြင်းပွားနေကြသောဝက်စ်ဘရွန်းကစားသမားတွေ)
ထို့ကြောင့် ၀က်စ်ဘရွန်းကစား သမားနှစ်ဦးအား ကြမ်းတမ်းစွာ ကစားခဲ့ခြင်းနှင့် ပတ်သက်၍ မန်ယူ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအား အနီကတ်ပြ ထုတ်ပယ်သင့်ကြောင်း ၀က်စ်ဘရွန်းနည်းပြပီပီမဲလ်က ပြော ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်း အတွက် အနိုင်ဂိုးများကို နောက်ခံလူ ဖီးဂျုံးစ်၊ တိုက်စစ်မှူးရွန်းနီနှင့် ၀ဲဘက် တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
*ငွေကြယ်*
ရှားဝုဒ်(စပါးနည်းပြ)နဲ့ မော်ရင်ဟို(ချယ်လ်ဆီးနည်းပြ)

No comments:
Post a Comment