>
အပြင်မှာမိုးတွေရွာနေပြီ....လို့ ကျွန်မစာလှမ်းပို့ရင် သူက ဒီနေ့လဲ ထီးမပါခဲ့ပြန်ဘူးမဟုတ်လားလို့ စက္ကန့်ပိုင်းလေးမှာပဲစာပြန်တတ်ပါတယ်....။ တကယ်တော့ မိုးနေ့တိုင်းရွာတာ သိလျက်နဲ့ ဘာလို့ထီးကို ခနခနမေ့ကျန်ခဲ့ရသလဲဆိုတဲ့ အပြစ်တင်ချင်တဲ့လေသံလေးက သူ့စကားလုံးတွေထဲမှာ စိမ့်ဝင်နေတာ ကျွန်မသိတာပေါ့.....။
မတတ်နိုင်ဘူးလေ ကျွန်မကလဲ မိုးစက်တွေကိုမြင်မှ ထီးယူရမှာကို မှတ်ဥာဏ်ထဲ အသေသိမ်းထားမိသူ...။ ပြီးတော့ ကိုကိုကိုယ်တိုင်ထီးမိုးပြီး အိမ်ပြန်ပို့စေချင်လို့လဲဖြစ်တယ်...။ အဲခါကျရင် ကိုကို့လက်ကိုချိတ်ဆွဲ ပရုတ်နံ့လေးသင်းနေတတ်တဲ့ ကိုကို့ ကိုယ်နံ့လေးကို ရှုရှိုက်ရတာလောက် လန်းဆန်းသွားတာမရှိဘူး...။
ဒါကြောင့် မိုးဘယ်တော့ရွာမှာလည်းလို့ ကျွန်မ မကြာခဏချောင်းနေမိတာပေါ့...း)
အမြဲဗိုက်ဆာတတ်တဲ့ ကျွန်မကို ကိုကိုက ဘာစားချင်လဲလို့မေးရင် အမဲလုံးခေါက်ဆွဲလို့ ကျွန်မပြန်ဖြေဖို့ အဆင်သင့်...။ အသားမစားတဲ့ကိုကိုကတော့ ကျွန်မဘေးမှာ စီးကရက်နဲ့ အဲဒီဆိုင်က ခပ်ညံ့ညံ့ကော်ဖီတစ်ခွက်ကို ကြိတ်မှိတ်သောက်ရတာပေါ့...။ ကျွန်မခေါက်ဆွဲစားပြီးလို့ ဒီဆိုင်က ရေနွေးဓါတ်ဗူးကလည်း တစ်ကမ္ဘာလောက်မဆေးကြောထားတာ သူ့ရေနွေးကို ဘယ်လိုသောက်ရမလဲလို့ အကြောင်းပြပြီး... ကော်ဖီဆိုင်ပြောင်းထိုင်ကြတယ်...။ ကျွန်မက မိုခါးပူပူတစ်ခွက်မှာသောက်ချိန်မှာ ကိုကိုကတော့ စောစောက ကော်ဖီအညံ့စားတစ်ခွက်သောက်ပြီးပြီမို့ ဘာမှမသောက်တော့ဘဲ ကျွန်မမျက်နှာကိုသက်သက်ထိုင်ကြည့်သူပေါ့..။ ပြီးရင် ကျွန်မဒီနေ့ဝတ်ထားတဲ့ ဖက်ရှင်ကို ကိုကိုဝေဖန်မယ်... ဒီအ၀တ်စားနဲ့မလိုက်ဘူး လိုက်တယ် ဒီဆံပင်ကိုထပ်မတိုစေနဲ့တို့ ဆံပင်လေးကိုနဲနဲဖွသင့်တယ်တို့ အဲလိုလဲ ကိုကိုက ကျွန်မအတွက် ပင်တိုင်ဒီဇိုင်နာလည်း ၀င်လုပ်တတ်ပါသေးတယ်...။ ကျွန်မက တခါတလေ ဖိနပ်ခုံထူထူတွေဝတ်ပြီး ကိုကို့အရပ်နဲ့ ပခုံးချင်း လိုက်တိုင်းတတ်သူ...။ ဘယ်လောက်မြင့်တာစီးစီး ကိုယ့်အရပ်ကို အမှီပါဘူးကွာလို့ ကိုကိုက အနားတိုးကပ်ယှဉ်မလျှောက်ဘဲ ခပ်လှမ်းလှမ်းကနေ လက်ပိုက်လျှောက်ရင်း ပြောတတ်သေးတယ်...။
ကိုကို ကျွန်မထက်အရပ်ပိုရှည်တာကို ကျွန်မဘာကြောင့်ကြိုက်သလဲဆို ကိုကို့မေးစေ့ချွန်ချွန်လေးကို ခြေဖျားထောက်ပြီး နှုတ်ခမ်းနဲ့ဖိကပ်နမ်းရတာကို သဘောကျလို့...။
တကယ်တော့ အားလုံးပြီးဆုံးသွားခဲ့ပြီပဲ.......။
မိုးဘယ်တော့ရွာမှာလည်းလို့ ပြူတင်းတံခါးကနေ မျှော်ကြည့်ရင်း ကိုကို့အကြောင်း သတိတရရှိသွားခဲ့တာပါ..။
+မိုးငွေ့+

No comments:
Post a Comment