+(မေလ၃၀ရက်၊၂၀၁၅-နန်းဆုနှင်းထွေး-The Daily Elevenနေ့ စဉ်သတင်းစာ)+
မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် နစ်နာမှုများကို အချက်အလက်များ စုဆောင်းကာ ထိုင်းအစိုးရအား တိုက်တွန်းသွားမည့် အစီရင်ခံစာတစ်စောင် မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ဗဟိုကော်မတီမှ သိရသည်။ တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိသည့် ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ယခုရက်ပိုင်းအတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို အဖမ်းအဆီးများရှိနေပြီး အချို့မှာ ပုန်းအောင်းနေရမှုများ ရှိကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ် မေ ၁ ရက်တွင် မဲဆောက်၌ ကျင်းပသည့် မေဒေးနေ့ အခမ်းအနားကို အလုပ်သမား အများစုတက် ရောက်နိုင်ခြင်းမရှိခဲ့ဘဲ အကျဉ်းရုံး ကျင်းပခဲ့ရကြောင်း သိရသည်။
“လုပ်အားခအနည်းဆုံးနဲ့ အထောက်အထားမဲ့ အများဆုံးဖြစ်တဲ့ မဲဆောက်မြို့က အလုပ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို အချက်အလက်တွေ စုဆောင်းပြီးတော့ ထိုင်းအစိုးရကို တိုက်တွန်းသွားမယ့် အစီရင်ခံစာ တစ်စောင်ကို မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနကို တိုက်ရိုက်ပေးပို့မှာပါ” ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ဗဟိုကော်မတီမှ ဥက္ကဋ္ဌဦးမိုးကြိုးက ဆိုသည်။
ယခုလက်ရှိတွင် ထိုင်းနိုင်ငံမဲဆောက်၌ အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး လုပ်အားခမရခြင်း၊ လုပ်အားခ ဖြတ်တောက်ခံရခြင်း၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရ သေဆုံးပါက လျော်ကြေးမရရှိခြင်း၊ ထိုင်းဥပဒေက သတ်မှတ်ထားသည့်အတိုင်း တစ်နေ့ ဘတ် ၃၀၀ အပြည့်အ၀ မရခြင်း၊ ထိုင်းရဲများ၏ မကြာခဏ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းလည်း သိသည်။
Writer: နန်းဆုနှင်းထွေး
(မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံဘန်ကောက်မြို့ တစ်နေရာအား တွေ့ရစဉ်)

No comments:
Post a Comment