(ခ)
နံနက်ခင်း၏ နေရောင်က ထူးထူးခြားခြား လင်းလက်နေ သလို။ မရောက်တာ ကြာပြီဖြစ်သော မီနီမားကက် ကလေး ကတော့ သူမကို မသိကျိုးကျွန်ပြုကာ ဆီးကြိုသည်။ ကြက်ဥတစ်ကဒ်၊ ကွတ်ကီတစ်ဘူး၊ ပေါင်မုန့် တစ်ထုတ်၊ ထောပတ်တစ်ဘူး၊ ခေါက်ဆွဲခြောက် ဆယ့်လေးငါးထုတ် (ဘာတွေမှန်းတောင် မမှတ်မိ၊ သေချာတာက အပူအစပ်တွေ မပါတာပင်)၊ ဘီစကစ် တစ်ပုံး၊ ချောကလက် တစ်ဘား၊ ဒါတွေ ကောက်ထည့် ပြီးကာမှ သူမ ဘာမှမဆိုင်သော တစ်ဖက် စင်ပေါ်မှ ကြွေအိုး ခပ်ကြီးကြီး တစ်လုံးကို သွားတွေ့သည်။ ကြွေအိုးက သူမကြိုက်သော အဖြူပေါ်တွင် ရွှေရောင်နှင့် အပြာနုရောင် ရောယှက်ထားသော ပန်းခက်များ ပါဝင်သည်။ တစ်ခု ခက်ခဲနေတာက ဒီ ပန်းအိုးကို သယ်သွားနိုင်လောက်အောင် သူမ အားမရှိ ဆိုတာပင်။ အားရှိလည်း သယ်နိုင်လိမ့်မည် မဟုတ်သည့် အရွယ်အစားဖြစ်သည်။ တကယ့်တကယ်ကျ သူမ အပင်စိုက်တာ ဝါသနာမပါ။ ဘာလို့ ဒီကြွေအိုးကြီးကို တွေ့တာနှင့် လိုချင် စိတ် ဝင်လာ မှန်းလည်း ကိုယ့်ကိုယ်ကို မသိ။ စိတ်က မဆုံးဖြတ်လိုက်ရခင်မှာပင် လူကကောင်တာနား ရောက်သွားသည်။ ထိုကြွေပန်းအိုးကြီးကို ဝယ်လျှင် အိမ်တိုင်ယာရောက်ပို့နိုင် မပို့နိုင်မေးတော့ ကောင်တာမှ ကောင်မလေးက ဘယ်နားလဲ ဟု မေးသည်။ သူမက လက်ညှိုးညွှန်ပြရင်း သူမနေထိုင်ရာ တိုက်ခန်းတွေဆီ ညွှန်ပြတော့ ရပါတယ်ဟု ဆိုသည်။ ကောင်မလေးက စပ်မြေ အထုတ်များပါ ယူမလားဟု သတိပေးသဖြင့် မြေကြီးနှင့် မြေသြဇာ စပ်ပြီးသား မြေထုတ်တွေကိုပါ ဝယ်ယူလိုက်သည်။ ကြွေအိုးနှင့် မြေထုတ်တွေကို မြင်တော့ ကန္တာရပင်များစုဆောင်းသူ လူတစ်ယောက်ကို ဖျတ်ကနဲသတိရလိုက်မိသည်။ စိတ်ထဲမှာ ဖုန်းသံတချို့ ဆူညံလာသလိုမို့ လက်ထဲက လက်ကိုင်ဖုန်းကို ယောင်ရမ်း ပိတ်ပစ်လိုက်မိသေးသည်။ စပ်မြေနှင့် ကြွေအိုးကိစ္စပြီးတော့ သူမ နောက်တစ်ခု မျက်စိရောက်သွားသည်က Aloe Vera Juice ဘူး စိမ်းစိမ်းလေးများ။ အရင်က တွေ့ဖူးသော်လည်း သောက်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူး။ ခုမှ ထို ဘူးလေးများကို မျက်စိကျနေမိ သည်။ စိတ်ကလည်း အလိုအလျောက် တောင်းဆိုနေသလို ခံစားနေရသည်။ နှစ်ခါ မစဉ်းစားလိုက်ရပါပဲ ဒါဇင်လိုက် ယူဖို့ ဆုံးဖြတ်လိုက်ရင်း ကြွေအိုးနှင့်အတူ အိမ်ကို ပို့ခိုင်းလိုက်သည်။ ငွေရှင်းပြီး သူမထွက်လာတော့ နေရောင်က နည်းနည်း ပိုပြင်းလာပြီ။ ကြွေအိုးသယ်လာသူနှင့် အမှီလိုက်ရင်း သူမ အိမ်ပြန်ရောက်တော့ အတော်လေး မောပမ်းနေပြီ။ ချွေးတွေလည်း သိသိသာသာ စို့ထွက်လာသည်။ ပစ္စည်းတွေ နေရာချပြီး ချွေးသုတ်တော့ ဆူးကလေးတွေ ထပ်ထွက်လာတာတွေ့ရ၏။ ခုချိန်မှာတော့ ဘာဖြစ်လာမည်မှန်း သေချာမသိပဲ စိတ်က အလိုလို ပေါ့ပါးလို့  နေတာကို သတိထားမိသည်။ ထူးဆန်း မနေဘူးလား။ စိုးရိမ်ကြောင့်ကျရမည့်အချိန်မှာ လူက ဘာမှမဖြစ်သလို ပေါ့ပေါးနေတာ။ ဝတ်ထားသော လက်ရှည်အကျီ င်္ကို ချွတ်လိုက်တော့ ဆူးကလေးတွေက လက်မှာ ပိုပီပြင်လာသည်။ သူတို့ကို ကြည့်ရတာ နေရောင်ကြောင့် ပိုအားကောင်းသက်ဝင် လာသလိုလို ..။ Aloe Vera Juice ဘူးကို ဖောက်သောက် လိုက်တော့ လူက ပိုမို အားအင်ပြည့်ကာ လန်းဆန်းလာသလို ခံစားလိုက်ရသည်။ ထူးထူးဆန်းဆန်း ဒီ Juice ကို သောက်တော့ ရေသောက်တုန်းကလို စီးဆင်းသွားသည့် ခံစားမှုမျိုး မရတော့။ ပန်းကန်ထဲ ကျန်နေသည့် ကြက်ဥကြော်များကို ပေါင်မုန့် တစ်ချပ်နှင့် လက်စသပ် လိုက်ပြီးသောအခါ ကိုယ့်ကိုယ်ကို နေကောင်းသွားပြီ ဟု အသေအချာ သိလိုက်သည်။ ဒါဆို အလုပ်ပြန်လုပ်လို့ရပြီပေါ့။ ဟင့်အင်း။ အလုပ်ပြန် လုပ်ချင်ပေမယ့် ရုံးပြန်မတက်ချင်သေး။ အိမ်ကနေ အလုပ်လုပ်လို့ အဆင်ပြေနောက်လောက်သည် ဟု တွေးကာ ရုံးကို mail ပို့လိုက်သည်။ လိုအပ်သော ဒေတာ များ ဖိုင်များ ပို့ပေးရန်နှင့် အပြင်မထွက်နိုင် သေးသော်လည်း အလုပ်လုပ်နိုင်မည်ထင်ကြောင်း.. စသဖြင့် admin manager ထံ mail ပို့လိုက်သည်။ နာရီဝက်ပင်မခြားပဲ သူမအတွက် ဒေတာများ၊ ဖိုင်များ၊ ရောက်လာသည်။ လုပ်ဆောင်ရမည့် ကိစ္စများကို တစ်ချက်ချင်း ပြောထားသည့် စာအောက်ကတော့ Get well soon ဆိုသည့် ဝတ်ကြေတန်းကြေ စာကြောင်း တစ်ကြောင်းနှင့် အဆုံးသပ်ထားသည်။ ထို စာကြောင်းကို မြင်မှ သူမ စက်ကို ပိတ်ပစ်လိုက်မိသည်။ ဘာလို့မှန်းမသိ။ အလုပ်လည်း မလုပ်ချင်တော့။ စိတ်က တစ်စုံတစ်ရာကို အလိုမကျသလို ချက်ချင်းဖြစ်သွား ပုံက သိသာသည်။ ဘာကို ဖြစ်သွားမှန်း ကိုယ့်ကိုယ်ကို လည်း မသိ။ ကုတင်ပေါ် ပြန်လှဲလိုက်ရင်း ဆူးတွေ ကျောမှာပါ ထွက်လာရင် ဘယ်လို အိပ်ရပ ဟု သွားတွေးမိကာ ကုတင်ပေါ်က ရုတ်တရက်ထလိုက်ပြီး လူ က မှန်ရှေ့ ရောက်သွားပြန်သည်။ မှန်သေး တစ်ချပ်ဖြင့် နောက်ကြည့်မှန်လို အသုံးချကာ ကျောကို ကြည့်တော့ ဆူးကလေးတွေ မထွက်လာသေး။ သို့သော် ထွက်ရန်တာစူသည့် အနေနှင့် အဝါဖုကလေးများကို တွေ့နေရသည်။ သိပ်မကြာလောက် တော့ပါဘူး။ အလွန်ဆုံး နောက်တစ်နေ့ မနက်ပေါ့ … ဟုခပ်ပေါ့ပေါ့ တွေးရင်း အိပ်ရာပေါ် ပြန်ရောက် လာသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သည်။ သူမ နိုးလာတော့ ညအတော်နက်နေပြီ။ နေမစောင်းခင် က အိပ်လိုက်တာ ညသန်းခေါင်လောက် ပြန်နိုးသည် ဆိုတော့ အတော်လေးတော့ အိပ်ရေးဝနေပြီ။ သို့သော် လူက ဆက်အိပ်မည်ဆိုလျှင်လည်း အိပ်ပျော်မည် ဆိုတာကို သိနေသည်။ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ သဘာဝမကျစွာ ဆူးကလေးတွေ ထွက်ပေါ်လာနေသော ဘယ်လိုလူက သူမလို အိပ်ပျော်နိုင်ပါ့မလဲ ..။ သူမကတော့ စိတ်လက် ပေါ့ပါးစွာ အိပ်ပျော်နိုင်နေသည်။ ဘာမှစားချင်စိတ် မရှိသဖြင့် Aloe Vera Juice ကိုသာ သောက်လိုက်ပြီး ပြန်အိပ်ပစ်လိုက်တော့ အိပ်ပျော်သွားပြန်သည်။ ဒီတစ်ခါတော့ အိပ်မက်မက်သည်။ အိပ်မက်ကလည်း သိပ်တော့ မထူးဆန်း။ သမားရိုးကျ ဆန်သော်လည်း သင်္ကေတ အရိပ်တစ်ခုလို ဖြစ်နေသည်။ တစ်ခုသော မနက်ခင်းကလေးမှာ ကန္တာရပင်လေးတစ်ပင် အိမ်ရောက်လာသည် ..တဲ့ ။ ဘယ်သူ လာထားမှန်းမသိ ကိုယ့်အတွက် ဟုတ်မဟုတ် မသေချာပဲ အိမ်တံခါးဝမှာ ရောက်နေသည့် ကန္တာရပင်လေးကို ကောက်ယူလိုက်မိသည်။ အိပ်မက်ဆိုတော့လည်း သိပ်ပြီး စပ်စပ်စုစုကြီး တွေးတော ရင်ခုန်မနေပဲ ယထာဘုတ ကျကျအပင်ကို ဘယ်နားထားရမလဲသာ စဉ်းစားနေပုံက သူမ သဘာဝနှင့် နည်းနည်းတော့ ဆန့်ကျင် နေတာ သတိပြုမိသည်။ ( ခုလိုချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ပြီး အိပ်မက်ပင် မက်နေသေးသော ပုံစံမျိုးကလည်း သူမပင်ကိုယ် မဟုတ်ဆိုတာ အိပ်မက်ထဲမှာပင် သတိထား မိနေသေးသည်။) တကယ်ဆို သူမက အပင်စိုက်၊ ရေလောင်း၊ ပြုစုပျိုးထောင်ရတာ နည်းနည်းမှ ဝါသနာမပါ။ သူတစ်ပါးကို ပြုစုပျိုးထောင်ဖို့ နေနေသာသာ၊ ကိုယ့်ဘာသာပင် ထမင်းနပ် မှန်အောင် စားမိလား မစားမိလား မသေချာတတ်သူက ခု အပင်တစ်ပင်ကို အိမ်မှာ အလိုမတူပဲ လက်ခံထားဖို့ ပြင်ဆင်နေပြန်သတဲ့။ ကြွေအိုး ခပ်စိမ်းစိမ်းလေး နှင့် ထည့်ထားသော ကန္တာရပင်လေးက ကြွေအိုးလေးနှင့် အပြိုင် စိမ်းနေသည်။ ဆူးကားကားကလေးတွေကလည်း နက်နက်နဲနဲ သန်မာကြံ့ခိုင်လို့ ..။ တစ်ခါဖူးမှ ဒီလို ကန္တာရပင် အပြောနှင့် အလှပန်းပင် တစ်ပင်ကိုမျှပင် မစိုက်ဖူးခဲ့။ အိပ်မက်ကတော့ ကန္တာရပင်လေးကို ဘယ်နား ထားရမှန်းမသိပဲ လန့်နိုးလာခဲ့ရသည်။ အိပ်ရာက နိုးတော့ မိုးစင်စင်လင်းနေပြန်ပြီ။ ရောင်ခြည်တချို့ ဖြာကျနေသော ဝရံတာလေးကို ကြည့်ကာ ထိုနေရောင်ခြည်ထဲ ထွက်ရပ်ချင်စိတ် တဖွားဖွားပေါ်လာတာမို့ ဝရံတာဆီ လှမ်းသွားလိုက်သည်။ ခြေလှမ်းတွေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို သွက်လက် ပေါ့ပါး လန်းဆန်းနေခဲ့သည်။ နေရောင်ခြည်တွေကို လက်နဲ့ ခပ်ခပ်ပြီးလောင်းချိုးထားသလို တစ်ကိုယ်လုံး နေရောင်တွေ နစ်နေမှ သူမ အထဲ ပြန်ဝင်လာခဲ့သည်။ လူကတော့ ခေါင်းတမော့မော့ လည်တခါခါ ဖြစ်နေသည့် ပန်းတစ်ပွင့်လို လန်းဆန်းလို့ ..။ မှန်ရှေ့မှာ ရပ်လိုက်ပြီး ကိုယ်ပေါ်က ဆူးတွေကို ကြည့်နေပုံက သူမကိုယ်သူမပင် သံသယ ဖြစ်မိသည်ထိ။ မှန်ထဲက သူမဟန်ပန်က နည်းနည်းမှ တုန်လှုပ်မှု မရှိတော့ပဲ ဆူးတွေကို ကိုယ့်ဘဏ္ဍာတိုက်ထဲက ဒင်္ဂါးချပ် တွေ ထုတ်ရေသလို ရွေတွက်နေပုံက နည်းနည်းတော့ များနေသည်ဟု တွေးမိသည်။ တကယ်ဆို သဘာဝ မကျမှုများအတွက် စူးစမ်းနေရမှာ .. တစ်ခုခု စဉ်းစားရခက်နေရမှာ … ဘာလုပ်ရမလဲ ဟု ချီတုံချတုံ ဖြစ်နေရမှာ .. ခုတော့ လူက ပုံမှန်မဟုတ်သလို ..။ ကိုယ်ပုံမှန်မဟုတ်တာကို ကိုယ့်ဘာသာသိနေသည့် သူမ ကိုယ်သူမလည်း သိပ်တော့ နားမလည်ချင်။ မနက်စာအဖြစ် ကြက်ဥကို ရေနှင့်ကြော်ကာ ပေါင်မုန့်တစ်ချပ်၊ Aloe Vera Juice နှင့် သောက်လိုက်သည်။ ခါတိုင်းလို ဘိန်းငတ်သလို တောင့်တနေတတ်သည့် ကော်ဖီကိုလည်း မသောက်ဖြစ်။ ဘယ်တုန်းတည်းက ကျန်နေမှန်းမသိသော ကော်ဖီမစ် အထုတ်များ အိမ်နောက်ဖေးနံရံပေါ်က စင်ပေါ်တွင် ဖုန်အသောသော ဖြစ်နေသည်။ သူမ ဘယ်တုန်းတည်းက ကော်ဖီပြတ်သွားခဲ့တာပါလိမ့်။ နေမကောင်းလို့ ထမဖျော်နိုင်ချိန် ကတည်းကလား။ အဲဒီမတိုင်ခင်တည်းကလား ။ သိပ်ပြီး မမှတ်မိချင်တော့။ သို့သော် .. လူက ပိုပြီးပျော်ရွှင် လန်းဆန်းလာသလို ခံစားရတာတော့ သေသေချာချာကြီးကို သိနေသည်။ ခါတိုင်းလို အထီးကျန် ကြေကွဲမှုတွေ ဝင်မလာတော့။ တစ်ယောက်တည်း ရှိနေပါလား ဆိုသည့် ခံစားမှုတွေလည်း ဖြစ်ပေါ်မလာ။ ကွန်ပျူတာ ထဖွင့်လိုက်၊ ဖုန်းကို ကောက်ကိုင်လိုက်။ နံပါတ်တွေကို ဇဝေဇဝါ ကြည့်နေလိုက်။ ချီတုံချတုံဖြစ်ကာ ဖုန်းကိုပြန်ချထားလိုက် တွေလည်းမဖြစ်တော့။ အသံမမြည် တတ်သည့် ဖုန်းကိုလည်း ရမယ်မရှာမိတော့။ နဂိုတည်းက သဘာဝအလျှောက် အသံမမြည်တတ်သော၊ ဖုန်းတစ်လုံး၊ ကိုယ့်ကို ဆက်မည့်သူမရှိသည့် နံပါတ်တစ်ခုကို ပိုင်ဆိုင် ထားခဲ့သည်ဟုပဲ သဘောထားမိသွားတာကတော့ အံ့သြစရာ ..။ “ လောကမှာ သိပ်တော့ ကြေကွဲစရာများများစားစားရယ်လို့ မရှိပါဘူး။ အစိမ်းရောင်တွေ ကျန်းမာကြံ့ခိုင် နေရင်ကို နေပျော်ပါတယ် ..” အဝါရောင် note pad ကလေးပေါ်မှာ မင်အစိမ်းရောင်နဲ့  ခပ်သော့သော့ ချရေးလိုက်တဲ့ စာကြောင်းက မြက်ပင်လေးတွေ ယိမ်းနွဲ့နေတဲ့ ပုံနဲ့တူနေတယ်။ ဘာလို့ ဘယ်လိုခံစားချက်နဲ့ ချရေးလိုက်မိမှန်း မသိတဲ့ စာကြောင်းတွေကို သူမကတော့ ကိုယ့်ဘာသာ သဘောတွေကျပြီး မှန်မှာ ကပ်ထားလိုက် တယ်။ မှန်ရှေ့က လှည့်အထွက်မှာ အပြင်ထွက်ချင်စိတ် ပေါက်လာသည်။ မှန်ဘက် တစ်ခါ ပြန်လှည့်လိုက်ပြီး ကိုယ့်ကိုယ်ကို မှန်ထဲ သေချာကြည့်လိုက်တော့ မျက်နှာပေါ်မှာ ဆူးတွေထွက်ရန် တာစူမလာသေး။ အကျီ င်္လက်ရှည်၊ ဂါဝန် အရှည်ကို ဝတ်လိုက်ပြီး ခြေဖမိုးကို ရုတ်တရက်ကြည့်မိတော့ အဝါရောင်သန်းနေတာကို သတိပြုမိသည်။ သူ ဝါနေပုံက အစိမ်းဖက်သမ်းတော့မည့် အဝါမျိုး ..။ လက်ကို ဖျတ်ကနဲ ကြည့်မိတော့ သူလည်း အစိမ်းဖက်လု နေသည့် အဝါမျိုး ဖြစ်နေသည်။ တစ်မျိုးတော့ ကြည့်ကောင်းသား။ ဒီ ခြေတွေ လက်တွေကို အလုံထုတ် သွားဖို့ကတော့ သူမ စိတ်မဝင်စားပါ။ ခြေစွပ်စွပ် ရှူးဖိနပ်စီး၊ လက်အိတ်စွပ် သွားရမယ့် ရာသီဥတုမျိုးလည်း မဟုတ် …။ နေရောင်ကာ ဦးထုတ်တစ်လုံးကိုတော့ လိုရမယ်ရ ဆောင်းလာလိုက်သည်။ ဆံပင်တွေ လေတိုက်လို့ လွင့်သွားလျင် နဖူးစပ်က ဆူးကလေးတွေကို မြင်သွားနိုင်သည် မဟုတ်လား။ ဒီဆူးတွေက အတော်လေးကို ရင့်မာ လှပနေပြီဖြစ်သည်။ (ဂ) ပန်းခြံထဲရှိ ခုံတန်းလျားတွင် မထိုင်ပဲ၊ မြက်ခင်းအစပ် အပင်စုစုကလေးများရှိရာ နေရာလေးတွင် တစ်ယောက်တည်း ထိုင်နေသဖြင့် လူတချို့က သူမကို ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။ အပင်တွေကြား ထိုင်ရတာ အရသာ ရှိလိုက်တာ။ ဒီလိုသာ အမြဲတမ်း ထိုင်နေရရင် သိပ်ကောင်းမှာပဲဟု တွေးလိုက်မိပြီးကာမှ ဘဝရဲ့ ဖြတ်သန်းမှု နှစ် ၃၀ကျော်ထဲမှာ ဒီလိုအပင်တွေကြား တစ်ခါမှ မထိုင်ခဲ့ဖူးတာကို သတိထားလိုက်မိသည်။ ထိုင်ဖူးဖို့ နေနေသာသာ ဒီပန်းခြံလေး အိမ်နှင့် မနီးမဝေးမှာ ရှိနေတာကိုပင် ခုမှ လျှောက်လာရင်း အမှတ်တမဲ့ သိလိုက်ရခြင်း ဖြစ်သည်။ အရင်တစ်ချိန်တုန်းကတော့ သူမက အပင်တွေကို စိတ်မဝင်စားတတ်ခဲ့သူပဲ။ မိုးလင်း မိုးချုပ် .. နေရောင်တွေကို မေ့ထားတတ်ခဲ့တာ။ ကန့်လန့်ကာကြီးတွေကာပြီး နေရောင်တွေ ဝင်မလာအောင် တားဆီးထားတတ်ခဲ့တာ။ လေအေးပေးစက်တွေကို အစွမ်းကုန်ဖွင့်ပြီး ရာသီဥတုကို ပြုပြင်ပြောင်းလဲ ထားတတ်ခဲ့တာ ..။ ကမ္ဘာကြီးကို ကွန်ပျူတာကနေ တဆင့် ဆွဲကျဉ်းပစ်လိုက်ပြီး ကမ္ဘာ့ နေရာအနှံ့အပြားကို ကလစ် ကလစ် နှင့် လျှောက်သွား နေတတ်ခဲ့သူ ..။ စိမ်းလန်းနေသော သစ်တောကြီးတွေ၊ ဥယျာဉ်တွေ၊ ယာခင်းတွေကို ဖန်သားပြင်ပေါ်မှာသာ ငေးကြည့်ခဲ့ဖူးသူ …။ ကန္တာရပင်များကို စိတ္တဆန်ဆန် စုဆောင်း ပျိုးထောင်တတ်သူ လူတစ်ယောက်အတွက် မျိုးစိပ်များ လိုအပ်သမျှ ရှာဖွေပေးခဲ့ဖူးပါလျက် ကိုယ်တိုင်ကျထို အပင်များကို ယောင်လို့တောင် ကိုင်မကြည့်မိခဲ့သူ။ တကယ်တော့လည်း သစ်ပင် တစ်ပင်လို တစ်နေရာတည်းမှာ မရွေ့မလျား ရှင်သန်နေထိုင်ရမည့် ကိစ္စကို သူမ စိတ်ဝင်စား ခဲ့ဖူးတာမှ မဟုတ်ပဲ။ သူတစ်ပါး၏ ဂရုစိုက်မှု မလိုအပ်ပဲ ရှင်သန်နေချင်သူမျိုး ။ သူမက အမြဲ လှုပ်ရှား တက်ကြွနေသူ။ ငြိမ်ငြိမ် မနေတတ်သူ။ အလုပ်ကို မနားတမ်း လုပ်နေပြီး အလုပ်သည် သူမအတွက် ဆေးဝါးတစ်မျိုး (မူးယစ်ဆေးဝါးလည်း အနည်းငယ် ဆန်နေနိုင်သည်။ ) ဟု ခံယူထားသူ။ ခုတော့ သူမက မရွေ့လျားတတ်သော၊ အစဉ်သဖြင့် ငြိမ်သက်နေတတ်သော၊ အေးချမ်းနေသော အပင်တွေကို ရုတ်ချည်း နှစ်လိုနေမိပြီ။ တစ်ခါမှ မတွေးခဲ့ဖူးသော အတွေးတို့ကို အမှတ်တမဲ့ မဟုတ်ပဲ တွေးမိနေပြီ။ ထိုသို့ တွေးနေရင်းကကို သူမ အလိုအလျောက်ပျော်လာသည်။ ဘာမှန်းမသိသော ကိုယ့်ခံစားချက်တွေ ကိုယ်ထဲ စီးဝင်လာသလို ခံစားနေရတာကို နေပျော်နေမိတာကို သူမကိုယ်တိုင် လည်း နားမလည်။ ခု ရက်ပိုင်းကျမှ ရှင်သန်နေထိုင်မှု ဆိုတာကို မျက်ဝါးထင်ထင် ခုမှတွေ့ရသူ တစ်ယောက်လို သူမ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတာ ကိုတော့ ဝန်ခံလိုသည်။ တစ်ချိန်တုန်း ကတော့ သူမရဲ့ ရှင်သန်မှုက ကံဆိုးမိုးမှောင် ကျသူ တစ်ယောက်လို၊ ကျိန်စာသင့်သူ တစ်ယောက်လို၊ အိပ်မက် မက်နေသူ တစ်ယောက်လို ကိုယ့်စိတ်နှင့်ကိုယ် ထပ်တူမကျပါပဲ တစ်စုံတစ်ယောက်ပေါ်မှာ တည်မှီနေ သည်ဟု ထင်ခဲ့ဖူးသည်။ မထင်မှတ်ထားသော လျှို့ ဝှက်ချက် တစ်ခုကို အထိတ်တလန့် သိလိုက်ရချိန်တွင် ထိုခံစားချက် သည် လဲပြို ဆုံးရှုံးသွားခဲ့ရသည် ..။ ထိုအချိန်တွင် ကျိန်စာမှ လွတ်မြောက်လာသူလို ဖြစ်ရမည့်အစား သူမ ဒါဏ်ရာများစွာကို နေ့နေ့ညည ချွေးသိပ်နေရသော ကြောင်တစ်ကောင်နှင့် ခပ်ဆင်ဆင်တူနေခဲ့ရတာကို မှတ်မိနေသည်။ ဘယ်သူ မပြုမိမိမှုတွေ၊ သံသရာတွေ၊ ဝဋ်ကြွေးတွေ၊ လှည့်ဖျားမှုတွေ၊ ကျေးဇူးကန်းသူတွေ၊ ကျေးစွပ်သူတွေ နှင့် လူတွေ၏ ရှင်သန်မှုက အတော်လေးကို ရှုပ်ထွေးလှတာကို သတိပြုမိသည် ။ သို့သော် ဘာမှ မတတ်နိုင်။ သူမကို လူအဖြစ် မွေးဖွား သန့်စင်ခဲ့ကြသည်လေ။ သစ်ပင်တွေ မှာတော့ သံသရာဆိုတာ ရှိသည့်တိုင် ဝဋ်ကြွေးတွေ၊ ကျေးဇူးကန်းတာတွေ မရှိ .. အချင်းချင်း စစ်ဖြစ်တာမရှိ၊ အငြိုးအတေးမရှိ ..ကလဲ့စားမရှိ၊ လှည့်စားမှု မရှိ၊ .. ချစ်ခြင်း မုန်းခြင်းမရှိ … တစ်ချိန်က မေ့လျော့နေခဲ့မိသော နေရောင်ခြည်ကလည်း သူမပေါ် ရက်ရက်ရောရော ဖြာကျနေသည်။ စိမ်းလန်းခြင်းနှင့် နေရောင်ခြည် … ။ သူမကိုယ်ထဲမှ အငွေ့တချို့ တလူလူ ပျံထွက်နေသလို ခံစားလာရသည်။ ထိုခံစားချက်နှင့်အတူ သူမရင်ထဲမှ ဝေဒနာများ တဖြည်းဖြည်း ပျောက်ဆုံးပါးလျားသွားတာကိုလည်း သတိပြုမိသည်။ အဖျားလုံးဝ မရှိတော့သည့် နောက်ပိုင်း ကတည်းက စိတ်၏ နာမကျန်းမှုများပါ တစစ ပါးလျားသွား တာကို သူမ သတိပြုမိသည်။ ဆူးကလေး တစ်ချောင်း ရင့်မာ လှပလာတိုင်း ထို ဆူးဖျားတွင် သူမ၏ ရင်တွင်း ခံစားမှုများ အငွေ့ပျံ ပါသွားသလို ခံစားမှုတွေ လျော့ပါး သွားတာကတော့ အံ့သြစရာ … ။ သူမဟာ နဂိုတည်းက ကန္တာရပင် တစ်ပင် ဖြစ်သင့်ခဲ့သူလား …။ သစ်ပင်တွေမှာ ချစ်ခြင်း မုန်းခြင်း ဆိုတာ မရှိသည့်အတွက် အလွန်တရာ ကံကောင်းကြသည် ဟု သူမထင်သည်။ သူမ ထိုင်ရာမှ ထပြန်ချိန်တွင် နေရောင်များ တစ်စက်မှ မရှိတော့။ တစ်နေကုန် တစ်နေခန်း Aloe Vera Juice ၂ဘူးနှင့်နေခဲ့ပေမယ့် လန်းဆန်းနေတာကိုလည်း သတိပြုမိသည်။ အိမ်ရောက်တော့ ခါတိုင်း အလုပ်က ပြန်လာသလို ခြေပစ် လက်ပစ် မဖြစ်ပဲ ပေါ့ပါး သွက်လက်နေသည်။ ကွန်ပျူတာကိုလည်း မဖွင့်မိ။ အလုပ်လုပ်ရန်လည်း သတိမရ။ တီဗီကိုလည်း မဖွင့်မိ။ အသံမမြည်တတ်တော့သော ဖုန်းများကိုလည်း သတိမရ။ ခပ်စိမ်းစိမ်းအရောင်ဘက် ပိုသန်းလာသော ခြေလက်များ ကိုကြည့်ရင်း သူမပျော်နေသည်။ မှန်ဝိုင်းကလေးနှင့် မြင်နေရသော ဆူးဝါဝါ ရင့်ရင့်များကို လက်နှင့် ပတ်သပ် ကိုင်တွယ်ရင်း ထူးဆန်းစွာ သူမပျော်နေသည်။ တစ်အိမ်လုံးရှိ လျှပ်စစ်မီးများကိုလည်း ပိတ်ထားလိုက်သည်။ အမှောင်ထဲတွင် နှစ်ပေါင်းများစွာ ကျင့်သားရနေသူ တစ်ယောက်လို နှစ်နှစ်လိုလို ထိုင်နေမိသည်။ ထိုညကစပြီး သူမ မအိပ်ဖြစ်တော့။ နံနက်ဦး အချိန် သူမ နေထိုင်ရာ ကမ္ဘာခြမ်းသို့ တစ်ဖက် ကမ္ဘာခြမ်းမှ ငြင်းဆန်ခြင်း ခံလိုက်ရသော နေရောင်ခြည်များ တဖြည်းဖြည်း ဝင်ရောက် လာတာကို ထိုင်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းသည်။ တဖြည်းဖြည်း ရင့်မှည့်လာသော နေလုံးကြီးကို ကြည့်ရတာ ပျော်စရာ ကောင်းသည်။ သူမ၏ အိမ်သည် အနောက်ဘက်သို့ လှည့်ဆောက်ထားသောကြောင့် နေထွက်ရာ အရပ်သည် အိမ်၏ အနောက်ဘက်အရပ် ဖြစ်နေသည်။ မနက်ဆို သူမ မီးဖိုချောင်ထဲ ထိုင်နေတတ်ပြီး နေ့လည်ဆို အိမ်လယ်ခန်းတွင် ရှိနေတတ်သည်။ ညနေကျတော့ အိမ်ရှေ့ဝရံတာမှာ နေလုံးဝင်သွားသည်ထိ ကြည့်နေမိတတ်ပြန်သည်။ ခပ်တိုးတိုးလေး ဖွင့်ထားမိသည့် ဂီတသံသည် အစိမ်းရောင်နေ့ရက်များ၏ တေးဂီတဖြစ်သည်။ သူမကိုတော့ ဘယ်သူကမှ နှိုးရန်လိုလိမ့်မည် မထင်ပါ။ အိပ်စက်ခြင်း မရှိတော့သည့် လူတစ်ယောက်အတွက် (သူမက လူလား …ဟု ခပ်တိုးတိုးရေရွတ်ရင်း မှန်ကြည့် မိပြန်သည်။ ) နိုးထရန်လည်း လိုလိမ့်မည် မဟုတ်။ ဂီတသံနှင့် အတူ စည်းချက်ညီညီ ထိုးထွက် ယိမ်းကနေသော ဆူးဝါဝါများကို သူမ အခါအားလျော်စွာ ငေးကြည့် နေမိ တတ်သည်။ သူမ မဆိုညည်းဖြစ်သော သီချင်းသည် ဆူးကလေးများ၏ အိပ်မက် ဖြစ်လိမ့်မည်။ သူတို့၏ အိပ်မက်သည် အရောင်စုံလား အစိမ်းရောင် တစ်ခုတည်း ပါဝင်တာလား မသေချာသေးပါ။ မကြာခင်တော့ သူမ သိရလိမ့်မည်ဟု ထင်သည်။ ထိုအခါတွင်တော့ သူမသီချင်းတစ်ပုဒ်ပုဒ်ကို ဆိုညည်းဖြစ်လိမ့်မည် ထင်သည်။နေ့နေ့ ညည လိုက်ကာကြီးများကို စုစည်းကာ မှန်တံခါးကြီးများကိုလည်း ဖွင့်ထားလိုက်သည်။ နေရောင်ခြည် ၏ သံစဉ်နှင့်မှ ယိမ်းထိုး ကခုန်လိုသော ဆူးဝါဝါလေးများက သူမကိုယ်ပေါ်တွင် တဖြည်းဖြည်း ရင့်မာ သန်စွမ်းလာကြသည်။ မှန်ထဲကို ကြည့်လိုက်တိုင်း သူမကို စိမ်းဖန့်ဖန့် မျက်နှာပြင်တစ်ခုက ကြည်လင်စွာ နှုတ်ဆက် နေတတ်သည်။ ဆူးဝါဝါလေးများ ကလည်း မျက်နှာပေါ်တွင် အဆိပ်ကင်းမဲ့စွာ လင်းလက် နေကြသည်။ ထိုမျက်နှာလေးက သူမ မအိပ်တာကြာလေ၊ အစာမစားတာ ကြာလေ ပိုမို စိမ်းဖန့် ကြည်လင်လာလေဖြစ်သည်။ အံ့သြစရာ ကောင်းတာတစ်ခုက တစ်ချိန်က ခက်ခက်ခဲခဲ ကုန်နိုင်ခဲစွာ ဖြတ်ကျော်ခဲ့ရသည့် နေ့ရက်များက ခုတော့လည်း တဖျတ်ဖျတ်နှင့် ကုန်ဆုံးသွားနေသလိုပင် ..။ သူမ တစ်ခါမှ မပတ်ဖူးသော လက်ပတ်နာရီလေး အပါအဝင် အိမ်ရှိ နာရီ များ အားလုံး ရပ်တံ့နေခဲ့တာ ကြာပြီမို့ ဘယ်အချိန် ဘယ်နေ့ကို ရောက်နေမှန်းလည်း သူမ မသိ။ သို့သော် အချိန်တွေ ပျော်ရွှင်စွာ သူမကို ဖြတ်သန်း သွားနေတာကို တော့ သိနေသည်။ သူမ မအိပ်တာ ဘယ်နှစ်ည … ဘာမှ မစားဖြစ်တာ ဘယ်နှစ်ရက် .. အလုပ်ကို အဆက်အသွယ် ဖြတ်ထားတာ ဘယ်နှစ်ရက်ရှိနေပြီမှန်းလည်း မသိတော့။ ဆူးကလေးတွေနှင့် မငြိနိုင်သော အဝတ်အစား များကို ရွေးချယ် ဝတ်ဆင်ရင်း သူမ အဝတ် မဝတ်ဖြစ်တော့တာလည်း ဘယ်တုန်းကမှန်း မသိတော့။ ကြွေအိုးကြီးတွင် ထည့်ထားမိသည့် စပ်မြေများကို ရေချိုးခန်းထဲက bath tub ထဲ ဘယ်တုန်းက ဘာကြောင့် ပြောင်းထည့်လိုက်မိတာလဲလည်း မမှတ်မိတော့။ ခုချိန်ထိ သူမကိုယ်ပေါ်မှ ဆူးကလေးများ ၁၁၉၈၆ ချောင်း ရှိနေတာကိုတော့ အတိအကျကြီးကို မှတ်မိနေသည်။ မနက်ဖြန်သည် အတော်ပျော်စရာကောင်းသည့် နေ့ရက်တစ်ရက် ဖြစ်နိုင်သည်။
(နိဂုံး)
အဆက်မဖြတ် ဖုန်းသံတချို့ မြည်နေသည်မှာ လေးငါးရက် မကတော့။ တိုက်ခန်း တစ်ခန်းနှင့်တစ်ခန်းက သိပ်ကပ်နေသဖြင့် ဖုန်းသံများကို ဘေးတိုက်ခန်းများက ကြားနေရသည်။ ဖုန်းသံတွေမြည်လေ့ မရှိသော အခန်းတစ်ခန်းက အသံမို့ ဘယ်သူကမှလည်း ထိုအခန်းက လာသည်ဟု မထင်ကြ။ အမှုမဲ့ အမှတ်မဲ့နှင့်ပင် အသံများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရသည်။ လူသိများသော logo တစ်ခု ကပ်ထားသည့် ကုမ္ဗဏီ ကားတစ်စင်း လာရပ်သည်။ တူညီဝတ်စုံဝတ် လူတချို့ ၇ထပ်တိုက်ပေါ် တက်သွားကြသည်။ အပြင်က သော့ခတ် မထားသော အခန်းကို ဘဲလ်နှိပ်၊ တံခါးခေါက်ကြသော်လည်း အတွင်းက ဘာသံမှ မကြားကြ။ လျှပ်စစ် လူခေါ်ခေါင်းလောင်း သံနှင့် ကိုယ့်တံခါးခေါက်သံကိုသာ ကို်ပြန်ကြားနေရသဖြင့် လက်လျှော့ ပြန်ဆင်းသွား ကြသည်။ နောက်တစ်နေ့ ထပ်ရောက်လာကြပြန်သည်။ တက်လာလိုက် ခေါက်လိုက်၊ ပြန်ဆင်းသွားလိုက်နှင့် သုံးရက်မြောက်သော နေ့တွင် လူတချို့ တံခါးဖျက်ဝင်လိုက်ကြသည်။ တိုက်ခန်းထဲမှာတော့ သက်ရှိလှုပ်ရှားမှု ဟူ၍ တစ်ခုမှ မတွေ့ရ။ အသုံးပြုခြင်း မခံရတာ ကြာနေဟန်တူသော ဖုန်ထူထူ ဖုန်းကို ကောက်ကာ လူတစ်ယောက် ဖုန်းဆက်သည်။ မကြာမီ ရဲတချို့ ရောက်လာသည်။ ခြေရာလက်ရာ ဘာသဲလွန်စမှ မတွေ့ရသော အခန်းထဲတွင် သူတို့ ရလိုက်တာဆိုလို့ အနည်းငယ်သာရှိသည်။ ထိုအနည်းငယ်ကလည်း သူတို့အတွက် ပဟေဠိပမာပင်။ “ လောကမှာ သိပ်တော့ ကြေကွဲစရာများများစားစားရယ် လို့ မရှိပါဘူး။ အစိမ်းရောင်တွေ ကျန်းမာကြံ့ခိုင် နေရင်ကို နေပျော်ပါတယ် ..” ဟု မင်အစိမ်းနှင့် ရေးထားသော အဝါရောင် စာရွက် တစ်ရွက် ၊ ဘာအဓိပ္ဗာယ်မှန်းမသိသည့် ဘာကို ဆိုလိုမှန်းမသိသည့် ၂၃၉ ၈၇ .. ဆိုသည့် ဂဏန်းနှင့် ပိတ်ထားသည့် အစဉ်လိုက်ကျသော၊ မကျသော ဂဏန်းများနှင့် ရှုပ်ထွေးနေသော စာရွက်တစ်ရွက် တို့ကိုသာ မှန်တင်ခုံပေါ်က မှန်တွင် ကပ်ထားတာကို တွေ့ကြရသည်။ နောက်ထပ် သူတို့ ထူးထူး ဆန်းဆန်း တွေ့လိုက်ရတာ ကတော့ ရေချိုးခန်း bath tub ထဲတွင် စိမ်းစို လန်းဆန်းနေသော လူတစ်ယောက် ကောက်ကြောင်းနှင့် ခပ်ဆင်ဆင်တူသည့် ကန္တာရပင်တစ်ပင် .. သူတို့ ခုထိ သူမကို တာဝန်အရ ရှာဖွေနေဆဲ။ သဲလွန်စဟု သူတို့ မထင်သော ကန္တာရပင်ကလေးကိုတော့ သူမနှင့် ပတ်သက်သည်ဟု ဆိုသော လူတစ်ယောက်က လာယောက်သိမ်းဆည်းသွားသည်။ ထိုသူက ကန္တာရပင်များ စုဆောင်းသည်။ ကန္တာရပင်လေး ပျော်နိုင်ပါ့မလား။ မသေချာတော့။
/////////////////////////////////////////
+မနော်ဟရီ+
၂၃၊ မတ်၊ ၂၀၁၂ (နိဒါန်း)

၂၃၊ မတ်၊ ၂၀၁၂
No comments:
Post a Comment