ကျောက်စရစ် ခဲလုံးတွေအပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်နေတာကို မြင်ဖူး ကြမှာပါ။ မြေပြန့်ပေါ် မလျှောက်ဘဲ ဘာကြောင့် တကူးတက ခဲလုံးပေါ် လမ်းလျှောက် ကြရတာလဲ။ ဖိနပ်ချွတ်ပြီး ဘာ့ကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်ကြတာလဲ။
(၁) သွေးကျစေပါတယ်။
အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါရှိသူ သက်ကြီးရွယ်အိုများကို ရက်သတ္တ တစ်ပတ်လျှင် ၃ နာရီဖြင့် အချိန်ကာလ လေးလ ကြာမျှ ကျောက်စရစ်ခဲတွေပေါ် ခြေဗလာဖြင့် လမ်းလျှောက် စေခဲ့ရာ သိသိသာသာ သွေးတိုး ကျသွားပါတယ်။ သွေးတိုး ရောဂါသည်များ အဲဒီလို လျှောက်ပေးခြင်းက မြေပြင်ညီပေါ် ဖိနပ်စီး၍ ပုံမှန် လမ်းလျှောက်ခြင်းထက် ပိုမို ကောင်းကျိုး ဖြစ်စေတယ်လို့ ၂ဝဝ၅ ခုနှစ်ထုတ် ''The American Geriatrics Society" ခေါ်
အမေရိကန် သက်ကြီးရွယ်အို လူ့ဘောင် အဖွဲ့လို့ အမည်ရတဲ့
ဂျာနယ် တစ်စောင်မှာ ဖော်ပြ ထားပါတယ်။
(၂) အာရုံစူးစိုက်မှု ကောင်းလာ စေပါတယ်။
အာရုံစူးစိုက်ပြီး ခြေလှမ်းတိုင်းကို ဖြည်းဖြည်းနဲ့ မှန်မှန် လှမ်းလျှောက်ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင်ရာ အသိ အာရုံ ကောင်းမွန် တိုးတက် လာပါတယ်။
(၃) စိတ်တက်ကြွမှု ဖြစ်စေပါတယ်။
သဘာဝ ပထဝီမြေကြီး ဓာတ်ရဲ့ ထူးခြားသော အကျိုးအာနိသင်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာပါ ကောင်းကျိုးပြုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပူပင်သောက တွေကို အလို အလျောက် ပြေလျှော့ သွားတယ်လို့ ဆိုပါတယ်။
(၄) ခြေဖဝါး အနှိပ်ခံသကဲ့သို့ ထိရောက်မှု ဖြစ်စေပါတယ်။
ခြေဖဝါးဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ အကြောစုံ ဖြစ်သလို ခန္ဓာကိုယ်တွင်း ကလီစာများနဲ့လည်း ဆက်နွှယ်နေလို့ ခြေဖဝါး နှိပ်နယ် ကုသမှု ခံယူနေကြခြင်း ဖြစ်ပါတယ်။ ယခုလို ကျောက်စရစ်ခဲတုံးလေး တွေပေါ် ခြေဗလာဖြင့် လမ်းလျှောက်ခြင်းက လက်ဖြင့် နှိပ်နယ် ခံရသကဲ့သို့ အကျိုးအာနိသင် ရှိစေလို့ ငွေမကုန်ဘဲ ရောဂါ သက်သာစေတဲ့ နည်းလမ်းကောင်း ပါပဲ။
(၅) ကြွက်သားများကို ကျန်းမာစေပါတယ်။
ကျောက်စရစ်ခဲများပေါ် ခြေကြွလှမ်းလျှောက်ခြင်းကြောင့် ခြေဖနောင့်၊ ခြေဖဝါးအလယ်၊
ခြေချောင်း စသည်ဖြင့် ခြေဖဝါး တစ်ပြင်လုံး သွေးလည်ပတ်မှု ကောင်းစေကာ ခြေဖဝါးကြွက်သားများကို ကျန်းမာ ကြံ့ခိုင် လာစေပါတယ်။ လွန်ခဲ့သော နှစ် ၂ဝဝဝ ခန့်က ခြေနင်းဖိနပ် လုံးဝ မစီးဘဲ ခြေဗလာဖြင့် လှည့်လည် သွားလာ ရှင်သန်ခဲ့ကြသည့် ဇူးလူးလူမျိုးတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုများကို ပြန်လည်လေ့လာ ဆန်းစစ်ကြည့်ရာ ယနေ့ခေတ် အရိုးစုနဲ့ မတူ ခြေချောင်းရိုးလေးများ သန်မာကြကြောင်း လေ့လာ တွေ့ရှိရ ပါတယ်။
(၆) ခြေထောက် ယောဂလေ့ကျင့်ခန်း ယူခြင်း တစ်မျိုးပါပဲ။
ခြေဖဝါးကို ဟန်ချက်ညီညီ ကျောက်စရစ်ခဲပေါ်ထိန်းပြီး ကိုယ်ကို မတ်မတ်ထားကာ ခြေဆန့် လမ်းလျှောက်ခြင်းကြောင့် ကြွက်သားနှင့် အရိုးစပ်ကြားရှိ အရွတ်ကြောလုံးများ၊ ခြေတစ်ချောင်းစီရဲ့ အရိုးများကို ဆက်သွယ်ထားတဲ့ အရွတ်ပြားများနဲ့ အရိုးအဆစ် အဆက်တွေကို ကျန်းမာကြံ့ခိုင်စေတဲ့ အပြင် ဒူးနာ၊ ခါးနာတို့ကိုပါ ပျောက်ကင်းစေလို့ ခြေထောက် ယောဂကျင့်စဉ် အထူးလုပ်နေစရာ မလိုတော့ပါဘူး။
(၇) ညဘက်နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။
နှစ်ခြိုက်စွာ အိပ်မောကျ စေလို့ နာတာရှည် အိပ်မပျော်သူများ အတွက် အကောင်းဆုံး ကုထုံးလို့ ဆိုပါတယ်။
(၈) ဇီဝကမ္မဖြစ်စဉ်ကို အလုံးစုံ တိုးတက်စေပါတယ်။
လူ့ခန္ဓာကိုယ်ကို ရေဓာတ် ၆ဝ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်း တည်ဆောက် ထားတာပါ။ ကမ္ဘာ ပထဝီမြေကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကျောက်စရစ်ခဲထဲမှာ သံဓာတ်များ ပါရှိပါတယ်။ ထို ကျောက်စရစ်ခဲပေါ် ခြေဗလာ လမ်းလျှောက်ခြင်းဖြင့် ခြေဖဝါး အပူဓာတ်ကနေ သံဓာတ်များ ကိုယ်ခန္ဓာထဲ စီးဝင်လာပြီး အဆိပ် အတောက် ပြေစေခြင်း၊ ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းနာများကို သက်သာစေခြင်း၊ ဟော်မုန်းမျှတခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း စသည်ဖြင့် ကောင်းကျိုးများ ခံစားရစေပါတယ်။ ရေစွတ်စိုသော သဲသောင်ပြင်ပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်းကလည်း အဲဒီကျန်းမာရေး အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။
(၉) ပျော်ရွှင်စရာလေ့ကျင့်ခန်းတစ်မျိုးပါ။
နေခြည်နုနုအောက် လေကောင်းလေသန့် ရှူရှိုက်ရင်း ကျောက်စရစ်ခဲ လမ်းကလေးပေါ် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ကာ မိမိ အားသန်ရာ သီချင်း သီဆိုခြင်း သို့မဟုတ် ဘုရားစာ ရွတ်ဖတ်ခြင်း သို့မဟုတ် တရား ရှုမှတ်ခြင်းဖြင့် လူးလာ တုံ့ခေါက် လျှောက်ခြင်းက စိတ်နှလုံး အေးချမ်းစေတဲ့ ပျော်ရွှင်ဖွယ်ရာ အားကစား လေ့ကျင့်ခန်းလေးပါပဲ။ ။
Written by ရွှေတည်
+Public Health+

No comments:
Post a Comment