ထိုင်းဘုရင်မင်းမြတ် လက်မှတ်ရေးထိုးထားတဲ့ အလုပ်သမားဥပဒေတွေထဲမှာ ဟောဒီ ဘီအီး-၂၅၁၈ (၁၉၇၅)အက်ဥပဒေလည်း ပါဝင်ပါတယ်။ ဟောဒီ အက်ဥပဒေကိုလေ့လာခြင်းအားဖြင့် ဘာအကျိုးကျေးဇူးရမ လဲ…။ ဒါက ရှင်းပါတယ်။ ဥပဒေဘောင်ထဲက အဆင့်ဆင့်တက်လှမ်းပြီး ရှေ့ကိုတဆင့်ပြီး တဆင့်တိုးနိုင်တဲ့ အကျိုးထူးကိုရတာပေါ့ဗျာ…။
အရင်ဆုံးအခြေခံ အုတ်မြတ်ကို စတင်တည်ဆောက်ရပါမယ်။ အလုပ်သမားညီညွတ်ခြင်း(၀ါ) အလုပ် သမားသမဂ္ဂပုံစံနဲ့ ဆင်တူတဲ့ အလုပ်သမားခပ်များများက မိမိတိုပအကျိုးစီးပွားအတွက် အလုပ်သမားလက်မှတ် ရှိသူက အဲဒီလက်မှတ်နံပါတ်(ဂဏန်း-၁၃လုံး)၊ မရှိသူကလည်း လက်ဗွေတံဆိပ်ခပ်နှိပ်ပေးကြပြီး လူ(၁၀၀)ရှိရင် (၁၅)ယောက်ကိုယ်စားပြုမယ်။ အဲဒီ ၁၅-ယောက်ထဲကမှ နောက်ဆုံး တရားရုံးတက်တဲ့အထိ လူ(၇)ယောက်ပဲ ရွေးချယ်ပေးဖို့လိုပါမယ်။ အဲဒါကြောင့် လူ ၁-သောင်း, လူ ၁-သိန်းပဲဖြစ်နေပါစေ့လေပေါ့ဗျာ။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို တရားရုံးတက်ရင်ဆိုင်ရာမှာက အလုပ်သမား(၇)ဦးပဲ ဖြစ်ပါတယ်။
အဲသဟာကြောင့် အခြေခံအုတ်မြစ်ကနေ အဆင့်ဆင့်တက်လှမ်းကြရာမှာ….
(၁) အခြေခံ အုတ်မြစ် အလုပ်သမားညီညွတ်ခြင်း(အလုပ်သမားသမဂ္ဂ ပုံစံရှိနေခြင်း…..)
(၂) အလုပ်ဆင်းလျက်၊ ထို ၃-ရက်၊ သူဌေးဆီကိုတက်…။
(၃) အလုပ်ဆင်းလျက်၊ ထို ၅-ရက်၊ ဆ၀ါဒီကန်တက်….။
(၄) ၂၄-နာရီအတွင်း၊ အကြောင်းကြားခြင်း၊ အာဏာပိုင်တွေထံ တင်သွင်း….။
(၅) ၂၄-နာရီပြည့်မှတ်က၊ အလုပ်ဆင်းတာရပ်၊ ရင်ဘတ်ချင်းညီသူတွေ၊ ဆန္ဒပြကြဟေ…။
ဆိုလိုတာက ဒီလိုပါခင်ဗျာ….။
(၁) အခြေခံအုတ်မြစ်ကတော့ ရှင်းပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာသွားကြည့်(အဲလေ) စောစောကတင်ပြခဲ့သလို လူ-၁၀၀၊ လူ-၁၀၀၀၊ လူ-၁၀၀၀၀၊ လူ-၁၀၀၀၀၀ စသဖြင့် မိမိတို့လုပ်ငန်းခွင်ထဲမှာ လူများလေ ကောင်းလေပဲပေါ့ဗျာ။ အဲဒီလူစု၊ လူအုပ် တွေထဲမျာမှ လူ-၁၀၀ ကို ၁၅-ယောက်နှုန်းက ကိုယ်စားပြုခွင့်ရှိတာမို့လို့ အိုကေသွားပြီ။ အလုပ်သမားလက်မှတ် (WP-13)ရှိသူက WP ထဲမှာပါတဲ့ ဂဏန်း ၁၃-လုံးနံပါတ်ရယ်၊ ဒါမှမဟုတ် ထောရောဆမ်ပက်(ထောရော ၃၈/၁) ဆိုတဲ့ နေထိုင်ခွင့်လက်မှတ်ပဲရှိသူလည်း အဲဒီအထဲမှာပါတဲ့ ကဏန်း ၁၃-လုံးနံပါတ်ရယ်၊ ဘာလက်မှတ်မှ မရှိသူ တွေကကျတော့ (မိမိတို့ရဲ့ လက်ဗွေအစစ်အမှန်)တံဆိပ်ခတ်နှိပ်လို့ ပူးပေါင်းပါဝင်ရပါမယ်။ လူ-၁၀၀ ကို ၁၅-ဦးကိုယ်စားပြုရင်ရပါပြီ။ ဒီလောက်ကလေးမှ အားမထုတ်ရင် မိမိတို့ရဲ့ အဖိနှိပ်ခံ ဘ၀ဟာပြားသထက် ပြားမှာ ပါပဲ…။
(၂) အလုပ်ဆင်းလျက်၊ ထို ၃-ရက်၊ သူဌေးဆီကိုတက်….လို့
အလွယ်တကူမှတ်နိုင်ပါတယ်။ အဲဒီလို စုပေါင်းလက်မှတ်ရေးထိုးပြီး အရေးဆိုကြမှာကို အလုပ်ဆင်း လျက်နဲ့ သူဌေးဆီအရောက်အကြောင်းကြား စာတင်ရပါမယ်။ အလုပ်ဖျက်လို့ မရပါဘူး။ အလုပ်ဖျက်ရင်ကိုယ့် ဘက်က နိမ့်မှာမို့လို့ပါ။ သူဌေးကလက်ခံလာအောင်(၀ါ) သူဌေးဆီရောက်ကိုရောက်အောင်လုပ်တဲ့နည်းကတော့ (လက်ဆောင်ပစ္စည်း တခုခုနဲ့အတူ တောင်းဆိုစာလွှာကို ပူးတွဲထည့်ပေးလိုက်တဲ့နည်းလမ်း)ပဲ ဖြစ်ပါတယ်။ အဲဒါ ကြောင့် မိမိသူဌေး အစစ်အမှန်ရဲ့နာမည် ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ သိထားရင် အရေးကြုံတဲ့အခါချက်ချင်း သုံး နိုင်တာပေါ့ဗျာ…။
(၃) အလုပ်ဆင်းလျက်၊ ထို ၅-ရက်၊ ဆ၀ါဒီကန်တက်….
သူဌေးဆီတင်ပြတောင်းဆိုတာ ၃-ရက်ပြည့်မြောက်သွားတဲ့အခါမှာ သူဌေးဆီတင်ပြတဲ့ တောင်းဆိုစာ မိတ္တူနဲ့အတူ ဆ၀ါဒီကန်(အလုပ်သမား ကာကွယ်ရေးရုံး)က ဘီအီး-၂၅၁၈ အရာရှိ(ခေါ်)ပနောင်းဆီကို ဆက် လက်တက်ရောက် တင်ပြရမှာဖြစ်ပါတယ်။ ဒါကို ၅-ရက်စောင့်ဆိုင်းပေးရမယ်။ (ဒီအဆင့်မှာတင် များသော အားဖြင့် ပြီးစီးအောင်မြင်ပါပြီ။ ဆ၀ါဒီကန်ရုံးကနေ (သူဌေးလည်း ငါ့ဆီလာ၊ အလုပ်သမားလည်း ငါ့ဆီလာ၊ ညှို နှိုင်းကြ၊ အလျော့အတင်း- လုပ်ကြလို့)ပြောလည်းပြော၊ လုပ်လည်းလုပ် ခိုင်းပါတယ်။ ပနောင်းက ဆုံးဖြတ်တာကို မကျေနပ်ရင် နောက်တဆင့်တက်ရုံပဲပေါ့။
(၄) ၂၄-နာရီအတွင်း၊ အကြောင်းကြားခြင်း၊ အာဏာပိုင်တွေထံတင်သွင်း….။
ဆ၀ါဒီကန်ရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ပဲဖြစ်ဖြစ်၊ အလုပ်ရှင်ကို အပြီးအပြတ်ရင်ဆိုင်ပစ်ချင်လို့ မဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒေသဆိုင်ရာ အာဏာပိုင်တွေ ဖြစ်ကြတဲ့ ရပ်ကွက်၊ ကျေးရွာလူကြီးတွေကစပြီး၊ မြို့ပိုင်၊ ရဲဌာန၊ တောမော(ခေါ်)လူဝင်မှုကြီးကြပ်ရေး ရဲဌာန၊ မြူနီစီပယ်ရုံး၊ ယာဉ်ထိန်းရဲရုံး၊ စစ်တပ်၊ ကျေးရွာပြည်သူ့စစ် စသည် ဖြင့် အကုန်လုံးကို အကြောင်းကြားထားရပါမယ်။ ရုံးချိန်လည်းဖြစ်ရပါမယ်။ တနင်္ဂနွေလို၊ ထိုင်းနိုင်ငံရဲ့ နေ့ကြီး ရက်ကြီး- ၁၃ရက်လို နေ့မျိုးတွေမှာ ခဏစောင့်ပါ။ နောက်တစ်နေ့ ရုံးဖွင့်ရက်တွေကျမှ (မိမိတို့ဟာ လုပ်ငန်းခွင် ထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့အတွက် ဆန္ဒပြတော့မှာဖြစ်ကြောင်း) အကြောင်းကြားစာ ပို့ရပါမယ်။
(၅) ၂၄ နာရီပြည့်မှတ်က၊ အလုပ်ဆင်းတာရပ်၊ ရင်ဘတ်ချင်းညီကြသူတွေ၊ ဆန္ဒပြကြဟေ့…..။
သက်ဆိုင်ရာ အာဏာပိုင်အသီးသီးကို ၂၄-နာရီ (၁ရက်)အတွင်း အကြောင်းကြားပြီးရင် မိမိတို့ အလုပ် ဆင်းနေတာကို ရပ်လိုက်နိုင်ပါပြီ။ အလုပ်ဆင်လုပ်စရာမလိုတော့ပါဘူး။ အဲဒီမှာပဲ သမဂ္ဂ(အလုပ်သမားညီညွတ် ခြင်း)နဲ့ ဖွဲ့တည်ထားတဲ့သူတွေဟာ စုပေါင်းဆန္ဒပြကြရုံပဲ ရှိတော့တာပေါ့ဗျာ။
ဒီတော့ကာ………………..
လက်ကိုင်ပိုစတာကိုင်ပြီး မိမိရဲ့ လုပ်ငန်းခွင်ကနေ ဆ၀ါဒီကန်(အလုပ်သမားကာကွယ်ရေးရုံး)အရောက် လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ကြွေးကြော်သံတွေတိုင်စရာမလိုပဲ လက်ကိုင်ပိုစတာအကြီးစားတွေ၊ အလတ်စားတွေ၊ အငယ်စားတွေ၊ ကိုယ်စီကိုင်ကြပြီး ဆ၀ါဒီကန်ရုံအရောက်ပဲ ချီတက်, ချီတက်….။ မိမိလုပ်ငန်းခွင်(စက်ရုံ၊ ဂိုဒေါင်၊ ကန်၊ ခြံဝန်းစသည်ဖြင့်) ရှေ့မှာပဲ မတ်တပ်ရပ်ပြီး ဆန္ဒပြချင်ပြ…။ အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေး (Labour Rights is Human Rights) ဆိုတာကို ပီပီပြင်ပြင်၊ စီစီစဉ်စဉ်၊ ကြင်ကြင်နာနာ(မိသားစု စိတ်ဓာတ်)နဲ့ ဖော်ထုတ်ပြသပေရောဗျို့….။
တင်ပြသူ…..ဂုရုဆန်
ကျမ်းကိုး… အလုပ်ရှင်-အလုပ်သမားစေ့စပ်ဖျန်ဖြေရေး အက်ဥပဒေ ဘီအီး-၂၅၁၈ (၁၉၇၅)
7 Dec, 2008 …..(ဘီအီး- ၂၅၁၈ (၁၉၇၅) အက်ဥပဒေ) BE-2518 Act

No comments:
Post a Comment