တနေ့ကစာရေးသူဈေးဝယ်အသွား လမ်းခွတ်လပ်တွင် ရင်းနှီးသောမိတ်ဆွေတဦးနှင့်တွေ့ရာ သူ့မေးခွန်းလေးက “ဆရာ ဆရာ့ရဲ့
ရာဇ၀င်ထဲက ဟာသများက ဖတ်လို့တော့ ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော် နားမလည်တာက ဒီအကြောင်းအရာတွေက ဟိုးရှင်ဘုရင်တွေလက်ထက်က တကယ်ဖြစ်ခဲ့တာလား၊ ဆရာ့စိတ်ကူးနဲ့ ဖတ်ကောင်း အောင်ရေးထားတာလား” ဆိုလာတော့၊ စာရေးသူ ငယ်ငယ်က “ယုဝတီ ခင်ခင်ညွန့်” အငြိမ့်ပွဲလေးကို ပြန်ပြောင်းသတိရမိ၏။ ယုဝတီ ခင်ခင်ညွန့် အငြိမ့်ပွဲ၌ ဆိုင်းဆရာများ တဖက်နှင့် တဖက် အချီအချ စာသံပေသံများ ကာရံနဘေများနှင့် ပြောဆိုသံများမှာ မြန်မာစာပေလိုက်စားသူများအတွက် မှတ်သားဖို့ရာ အလွန်ကောင်းပါ၏။ ကြည့်ပါ ဆိုင်းအဖွဲ့ဝင်များပြောဆိုပုံလေးက တဖွဲ့က မေးလိုက်သည်။ “သတင်းကြီးလို့ အပိုမကြွားပါဘူး၊ ယကွင်း တီးတဲ့ အကိုများတို့ရယ်၊ ခင်ဗျားတို့ မင်းသမီး ခင်ခင်ညွန့်ဆိုတာ အပျိုလား….တဲ့”
တဖက်ကလည်းအားကျမခံပြန်ဖြေလိုက်တာက “သတင်းကြီးလို့ အပိုမချွဲပါဘူး၊ သီချင်းငြီးတဲ့ အကိုငနဲတို့ရယ်၊ ကျုပ်တို့မင်းသမီး ခင်ခင်ညွန့်ဆိုတာ အပျိုပဲတဲ့…”
ယခုလည်း သို့ကလိုမေးလာသူကို စာရေးသူပြောလိုက်ချင်တာလေးက “ပမာတင်စားကါ မဟုတ်တာမရေးပါဘူး။ တရွာတခွင်ကလာတဲ့ အလုပ်သမားမြန်မာလေးတွေရယ်၊ ကျွန်ုပ်ရဲ့ ရာဇ၀င်ထဲက ဟာသများဆိုတာ အဟုတ်ပါဘဲလို့….”
ယခုလတွင်လည်း၊ တတ်တဲ့ပညာ၊ မနေသာဆိုသည့်အတိုင်း၊ တင်ဆက်လိုက်ချင်တာလေးကဖြင့်….
ကုန်းဘောင်ခေတ်- ဗန်းမော်ဆရာတော် ဘုရားကြီး၏ မဟုတ်မခံ ဟာသဆန်သော၊ ကဗျာများဖြစ်ပါ၏။ သာမဏေဘွဲ့အမည်မှာ၊ ‘ပဏ္ဍိတ’ ဟုမှတ်မိပါသည်။ ကိုရင်ကြီးဘ၀၌ မန္တလေးရွှေမြို့တော်၌ ပရိယတ္တိစာပေများသင်ကြားခဲ့၏။ နေ့စဉ် မန္တလေးမြို့ထဲသို့ ဆွမ်းခံကြွရာတွင် တနေ့၌ပြဿနာတခုနှင့် ကြုံခဲ့ရ၏။ တိုက်ရှေ့သို့ဆွမ်းခံရာ၊ ဆွမ်းဇလုံကြီးထဲ၌ လောင်းလှူရန် ဆွမ်းအပြည့်ရှိသော်လည်း၊ တိုက်ပိုင်ရှင်အမျိုးသမီးက ဘုန်းကြီးကိုမှ ဆွမ်းလောင်းမည်၊ ကိုရင်ကိုမလောင်းဟုဆိုကာ သံဘာဂျာတံခါးကို ပိတ်လိုက်သည်၌၊ ကိုရင်-ပဏ္ဍိတ အကြီးအကျယ်ဒေါပွကါ- ကျောင်းသို့ပြန်ရောက်သည်နှင့် အောက်ပါကဗျာကို ရေးလေ၏။
“မန်းမြို့သူ (သောက်)ကျင့်၊ ထောက်ချင့်၍စာနာ
ဆွမ်းကိုတော့မခံလိုပါ၊ တန်ပါပြီငါ့ (--ီး)
မစားဘဲအငတ်နေမည်၊ သေချင်သေမှတ်ဟဲ့အပြီး….
ဟိုနေ့က အိမ်တအိမ်မှာ၊ ပြည့်စုံစွာဖန်တီး
ကျယ်ဝန်းစွာ ဇလုံကြီးနဲ့၊ မောက်လုနီးဆွမ်းတွေ
လောင်းလိမ့်မည်အထင်မှတ်လို့၊ ၀င်ကပ်လို့ရပ်မိပလေ
ပဏ္ဍိတ ခေါင်းပြောင်ကို၊ လောင်းပေါင်ဆို ကိုရင်ကြီးရယ်လို့
အ၀ကဆီးလို့ဆို၊ သူ့ရဲ့လင်လို
စပြီးမှ မကြီးပျိုရယ်၊ ငါ့(--ီး)လိုလုပ်ရက်တယ်လေး…”
ကဗျာရေးပြီးသည်နှင့် နောက်တနေ့ဆွမ်းခံကြွရင်း ၎င်းတိုက်ရှေ့၌ စာချထားခဲ့ရာ၊ နောက်တနေ့များတွင် ထိုတိုက်မှ ဆွမ်းအပြင် ဆွမ်းဟင်းများပါ၊ ရဟန်၊ သာမဏေ မခွဲခြားဘဲ လောင်းလှူတော်မူလေ၏။
သာမဏေဘ၀- ကဗျာစာပေများ...
ဆရာတော်ကြီးမှာ သာမဏေဘောင်ဝင်ခါစက ရွှေတောင်မြို့၌ စာပေသင်ကြားစဉ်ကပင် ကဗျာလင်္ကာများကို ရေးသားခဲ့၏။ ကိုရင်ဘ၀စပ်ဆိုသော ဟာသကဗျားလေးတပုဒ်ကို လေ့လာကြည့်ပါ။
“ရွှေညောင်ပင်၊ သာသည့်ကုန်း
စုရုံး၍ နေကြရာ
မမင်းမှိန် အပျိုကြီး၊ အီးညှစ်လို့ပါ…။”
တခါသော် ဗန်းမော်ဆရာတော်အလောင်းအလျာ ကိုရင်-ပဏ္ဍိတမှာ ဆွမ်းခံကြွရင်း “မခင်ကျော့” ဆိုသူအပျိုကြီးတယောက်ကို စိတ်ဝင်စားခဲ့လေ၏။ ဤတွင် စာရေးသူအဖြေင့် ဓမ္မကထိက ဦးလှသိန်း၏ တရားကို သတိရမိ၏။ ဘုန်းကြီးများမှာ တသက်လုံးအောင့်ထားရသဖြင့် ဘုန်းကြီးပျံတော်မူ၍ ဗိုက်ခွဲလိုက်သည့်အခါ အလုံးကြီးတစ်လုံးတွေ့ပါ၏။ “အောင့်”လုံးကြီးပါတဲ့…။
သို့သော်- ကိုရင်-ပဏ္ဍိတကဖြင့် အောင့်မထားတော့ပါ။ နေ့စဉ်ဆွမ်းခံကြွရင်း “မခင်ကျော့”ကိုတွေ့မြင်နေရသဖြင့်၊ ရောဂါရင့်စပြုလာ၏။ ဆွမ်းခံကြွရင်း “မခင်ကျော့”ကို ရိသဲ့သဲ့လုပ်၏။ “မခင်ကျော့”က ပြန်ပြုံးရုံသာ ပြုံးပြသည် တခြားသူမမျက်နှာပေါ်မှာ ထူးခြားမှု တစုံတရာမျှတတွေ့ရသည့်အခါ ကိုရင်-ပဏ္ဍိတကြီး သူ့ဗီဇ၀သီအတိုင်း ဒေါပွလာ၏။ ကိုယ်တိုင်လည်း မြှောက်ထိုးပင့်ကေါ် လုပ်လေရာ၊ ကိုရင်-ပဏ္ဍိတကြီး အောက်ပါ ကဗျာကိုရေး၍ “မခင်ကျော့”ကို ပေးလေ၏…။
“ချစ်ပါ ချစ်ပါနဲ့၊ မနှစ်ကတိုင်
(-)ထစ်မှ မူမပိုင်တယ်၊ နေနိုင်လေပျိုထွား
စပြီးမှ တနည်းကြံတယ်၊ (-)ချီးဥာဏ်ပြုရော့သလား
ယခုမှ မပြုလိုတယ်၊ (-)ဥလိုသက်ထား
တမုဆိုမြွက်ကြားလို့၊ ရက်စက်အားလေတယ်
နိုင်ချင်တယ်မကြံကြနဲ့၊ (-)ဆန်မှ ကြောက်ပါဘူးကွယ်
မတွေးနဲ့ အရေးချယ်သည်၊ (-)မွေးနှယ်လိမ်ရှုပ်လို့
(-)ဖုတ်က မျက်နှာလို၊ သင်း ဘာပြုဆို
အပျိုမ ကျော့ခင်ခင်ရယ်
ငေါ့ချင်ရင်လာခဲ့ကွဲ့လေး…..” ပါတဲ့
မဟာဇော် (မကွေး)
စာရေးသူမဟာဇော်သည် “ရာဇ၀င်ထဲက ဟာသများ”ကို မြန်မာပြည်သားစာစောင်မှနေ၍ စာဖတ်သူများသို့ လစဉ်မပျက် တင်ဆက်လျက်ရှိရာ အတော်အတန်ခရီးပေါက်ခဲ့ပြီထင်ပါ၏။ စာဖတ်သူများထံမှ အချို့ဝေဖန်သံလေးများလည်း ကြားရ၏။ သို့ကလိုဝေဖန်သံများထဲက ဥပမာလေးတခုကို တင်ပြရသော်….။

No comments:
Post a Comment