(လန်ဒန်၊ မေ ၂၈)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ လူတန်ရပ်ကွက် ညကလပ်တစ်ခု၏ အပြင်ဘက်တွင် မေလ၂၅ရက်နေ့က အမျိုးသား တစ်ဦးပစ်ခတ်ခံရပြီးနောက် သံသယရှိသူ လူသတ်သမား ၄-ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ လန်ဒန်မြို့ ချီဆိုက်ဒေသတွင်းရှိ ထရာဖစ်ခ်ညကလပ်တစ်ခုတွင် နံနက် ၂-နာရီဝန်းကျင်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူတန်အရပ်ရှိ ရဲဌာနက အသက် ၂၄-နှစ်အရွယ် အမျိုးသား ၂-ဦး၊ ၂၁-နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ၁၈-နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ အသက် ၂၁-နှစ်ဝန်း ကျင်ရှိပြီး ဒဏ်ရာရရှိခဲ့သော ထိုအမျိုးသားကို လူတန်ဆေးရုံသို့ တင်လိုက်ရသည်။ ယင်းမှာစိုးရိမ်ရသည့် အခြေ အနေတွင် ရှိသော်လည်း တည်ငြိမ်နေကြောင်း သိရသည်။ (ရိုက်တာ)
***ဆိုမာလီနိုင်ငံသမ္မတအိမ်တော်အားလက်နက်ကြီးများနှင့်ပစ်ခတ်......ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်ရှိ သမ္မတအိမ်တော်အား သူပုန်များ ကစိန်ပြောင်းလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၁၀-ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများကပြောကြား သည်။ ဆိုမာလီစစ်ဘက်ပြောခွင့်ရသူက ဆိုမာလီသမ္မတအိမ်တော်တွင် လက်နက်ကြီးတစ်ခုမျှကျရောက်ခြင်း မရှိကြောင်း၊ အိမ်တော်မှဝေးသော နေရာများတွင်ထိမှန်ခဲ့ပြီး (၇)ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)
*** အီရတ်မြောက်ပိုင်းရှိ ပီကေကေ အလုပ်သမားသူပုန် စခန်းများကို တူရကီမှ ဗုံးကြဲတိုက်ခိုက်ခဲ့...
(အန်ကာရာ၊ မေ ၂၉)
အီရတ်နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော တရားမ၀င်ကာဒစ်အလုပ်သမားပါတီ (ပီကေကေ)၏ အလုပ်သမားသူပုန်စစ်စခန်းများကို တူရကီနိုင်ငံစစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တူရကီစစ်ဘက်က မေလ ၂၈ရက်နေ့မှာ ပြောကြားသည်။ အီရတ်နယ်စပ် အာဘာစင်-ဘာစန်ဒေသများရှိ ပစ်မှတ်များကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က တူရကီအရှေ့ပိုင်းတွင် မြေမြုပ်မိုင်းပေါက်ကွဲခြင်းကို ယခုလို လက်တုံ့ပြန်ခြင်းဖြစ်ဖွယ် ရှိသည်။ ပီကေကေ အလုပ်သမားသူပုန်အဖွဲ့သည် တူရကီနိုင်ငံအရှေ့ပိုင်းတွင် ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ၁၉၈၄-ခုနှစ်မှ စတင်ပြီး လက်နက်ကိုင်ပုန်ကန်ခဲ့သည်။ (အင်တာနက်)
*** အင်္ဂါဂြိုလ် လေ့လာမည့် အာကာသယာဉ် တရုတ်သိပ္ပံပညာရှင်များ စမ်းသပ်...
(ရှန်ဟိုင်း၊ မေ ၃၀)
တရုတ်နိုင်ငံသည် အင်္ဂါဂြိုလ်အား လေ့လာနိုင်ရန် မောင်းသူမဲ့အာကာသယာဉ်တစ်စင်းကို စမ်းသပ်မှုများပြုလုပ်ခဲ့ရာ အောင်မြင်မှုရရှိသဖြင့် ယင်းအာကာသယာဉ်ကို အစီအစဉ်အတိုင်း လွှတ်တင်သွားမည်ဖြစ်ကြောင်း ရှန်ဟိုင်းမြို့ရှိ အာကာသပျံသန်းမှုနည်းပညာအကယ်ဒမီက ယနေ့ ပြောကြားလိုက်သည်။ အင်္ဂါဂြိုလ်လေ့လာရေး အာကာသယာဉ်ကို (ယင်ဟို-၁)ဟု အမည်ပေးထားပြီး ယခုနှစ်နှောင်းပိုင်းတွင် စူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုလ်အနီးဝန်းကျင်ရှိ ပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိရန် မိုင်ပေါင်း (၂၃၆)သန်းအထိ ခရီးနှင်ရမည်ဖြစ်ကြောင်း (၁၀)လကြာ ပျံသန်းပြီးနောက် ၂၀၁၀-ပြည့်နှစ်တွင် ယင်းပတ်လမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း ယင်းအကယ်ဒမီက ပြောကြားသည်။ (အင်တာနက်)
*** ဆိုင်ကလုန်း Aila ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူနှစ်ရာကျော်သေဆုံး ....
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဆိုင်ကလုန်းမုန်တိုင်း Aila၏ဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပြီးနောက် မေလ(၂၈)ရက်နေ့ထိ မုန်တိုင်းအတွင်း ပျောက်ဆုံးနေသူဦးရေ အနည်းဆုံး (၁၀၀၀)ကျော်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုနေ့အထိ ကောက်ခံရရှိသော စစ်တမ်းအရ မုန်တိုင်းအတွင်း ပျောက်ဆုံးသွားသူ (၁၁၂၃)ဦးရှိကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ Ailaသည် မေလ(၂၅)ရက်နေ့က ကုန်းတွင်းဝင်ရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် သေဆုံးသူဦးရေ (၁၃၁)ဦး ရှိပြီး အိန္ဒိယတွင် (၁၂၀)ကျော် သေဆုံးခဲ့သည်။ Xinhuaသတင်းဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ၀န်ကြီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂိုလမ်ကီဘီရားက မုန်တိုင်းကြောင့် လူပေါင်း(၆၅၀၀)ကျော် ထိခိုက်ဒဏ်ရာရပြီး လူဦးရေ (၃.၄၇)သန်းမျှ မုန်တိုင်းဒဏ်ကို ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် မုန်တိုင်းသည် ကမ်းရိုးတန်းရှိ ခရိုင်ကြီး (၁၄)ခုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး အိမ်များကို ပျက်စီးစေခဲ့သောကြောင့် လူ(၁)သန်းကျော်သည် ရွက်ဖျင်တဲများတွင် နေထိုင်နေရဆဲဖြစ်သည်။ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များတွင် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း တောင်းဆိုမှုများ မြင့်တက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ၀န်ကြီးဖြစ်သူ အက်ဘ်ဒါရာဇက်ခ်ကလည်း နောက်ထပ် ရွက်ဖျင်တဲများ အရေးတကြီး လိုအပ်နေဆဲဖြစ်သလို နောက်ဆက်တွဲ ပြဿနာများကြောင့် သေဆုံးသူပမာဏ မြင့်တက်လာနိုင်ကြောင်း ၀န်ခံခဲ့သည်။ Ailaသည် ဘင်္ဂလားပင်လယ်အော်အတွင်း မေလ(၂၃)ရက်နေ့က စတင်ပေါ်ပေါက်လာပြီးနောက် မေလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင် ကမ်းခြေသို့ တစ်နာရီလျင် ကီလိုမီတာ (၇၀)မှ (၉၀)ထိ ပြင်းထန်သောနှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လှိုင်းကြီးမှုများလည်း ပေါ်ပေါက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် လက်တလော အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၃၁၈၅၇၁)နှင့် ဆန်(၁၀)တန်ကို မုန်တိုင်းဒဏ်ခံ ဒေသများသို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။ (အင်တာနက်)
*** မြောက်ကိုရီးယားတို့ အနုမြူဗုံးစမ်းသပ်ဖောက်ခွဲခဲ့သည်ဟုဆို......
မြောက်ကိုရီးယားနိုင်ငံတွင် နျူကလီးယားလက်နက်များ ဆက်လက် ထုတ်လုပ်နေမှု ရှိမရှိ တစ်ကမ္ဘာလုံး အငြင်းပွားနေမှုအတွက် အဖြေထွက်လာပြီဖြစ်သည်။ မေလ(၂၅)ရက်နေ့က ကမ္ဘာ့အင်အားအကြီးဆုံး လက်နက်နိုင်ငံတစ်ခုဖြစ်သော ကွန်မြူနစ်နိုင်ငံသည် အနုမြူဗုံးတစ်လုံးကို စမ်းသပ်ဖောက်ခွဲလိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ကြေညာသည်။ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းတို့က မြောက်ကိုရီးယား၏ အနုမြူဗုံးစမ်းသပ်မှုကို အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ပြုံယမ်းအစိုးရသည် ဒေသတွင်း လုံခြုံမှုကို ခြိမ်းခြောက်နေကြောင်း စွပ်စွဲလိုက်သည်။ ယခုဖောက်ခွဲသော ဗုံးသည် (၂၀၀၆)ခုနှစ်က မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့သည့်ဗုံးထက် အဆ(၂၀) ပိုမိုပြင်းထန်ပြီး ဟီရိုရှီးမားဗုံး၏ ပြင်းအားနှင့် တူညီကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘရောင်းက အရေးပေါ်ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း မြောက်ကိုရီးယားသည် ကမ္ဘာ့နိုင်ငံများအတွက် အကြီးမားဆုံး အန္တရာယ်ကောင်အဖြစ် တံဆိပ်တပ် စွပ်စွဲလိုက်သည်။ “နိုင်ငံတကာအနေနဲ့ မြောက်ကိုရီးယားကို လက်တွဲခေါ်ဖို့ ကြိုးစားပေမယ့် သူတို့လုပ်ရပ်က စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ ပြုံယမ်း အစိုးရအနေနဲ့ ဒီနျူကလီးယား စမ်းသပ်မှုအတွက် တာဝန်ယူရမှာပါ”ဟု ပြောကြားခဲ့သလို အိုဘားမားကလည်း “မြောက်ကိုရီးယားက သူတို့ဟာ နျူကလီးယား စမ်းသပ်မှုတွေ ဆက်လုပ်နေတယ်ဆိုတာ လက်တွေ့ပြလိုက်ပါပြီ။ နောက်ပြီး တာဝေးပစ် ဒုံးကျည်စနစ်တွေလည်း အကောင်အထည် ဖော်နေပါတယ်။ သူတို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အကြီးအကျယ် ခြိမ်းခြောက်လာပါပြီ”ဟု ပြောကြားခဲ့သည်။(အင်တာနက်)
*** တိတ်တိတ်ပုန်းချစ်သူအား သတ်ဖြတ်ခိုင်းမှုအတွက် အီဂျစ်ဘီလျံနာသေဒဏ်ကျခံရ....
အီဂျစ်လူမျိုး ဘီလျံနာသူဌေးကြီး တစ်ဦးအား ၎င်း၏ တိတ်တိတ်ပုန်းချစ်သူကို သတ်ဖြတ်စေခဲ့သည့်အတွက် အီဂျစ်တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။ ကိုင်ရိုရုံးတော်သည် ဇူလိုင်လအတွင်းက ဒူဘိုင်းတွင် ဖြစ်ပွားခဲ့သည့် လက်ဘနွန် Popအဆိုတော် ဆူဇန်နီတမ်မင် အသတ်ခံရမှုအတွက် ဘီလျံနာသူဌေးကြီး ဟီရှမ်တာလတ်မူဆတာဖာတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မေလ(၂၂)ရက်နေ့က အဆိုပါစီရင်ချက်ကို ထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ (၂၈)ရက်နေ့က တမ်မင်သည် ဒူဘိုင်းရှိ မူဆတာဖာပိုင်ဆိုင်သော စံအိမ်ကြီးတွင် မူဆတာဖာ၏ လုပ်ငန်းတစ်ခုမှ လုံခြုံရေးဝန်ထမ်းဟောင်း မူဆန်အယ်လ်ဆူကရီ၏ ဓားဖြင့်ထိုးသတ်ခြင်းကို ခံခဲ့ရသည်။ ဆူကရီသည်လည်း အဆိုပါ ပြစ်မှုအတွက် သေဒဏ်ပေးခြင်း ခံခဲ့ရသည်။ မူဆတာဖာသည် ၎င်းအား စွန့်ခွာသွားသည့် တမ်မင်အား သုတ်သင်ရန်အတွက် ဆူကရီအား ဒေါ်လာ(၂)သန်း ပေးခဲ့ကြောင်း ရုံးတော်က ဖော်ထုတ်နိုင်ခဲ့သည်။ ဆူကရီက ၎င်းသည် အိမ်တော်ထိန်းအသွင်ဖြင့် ဟန်ဆောင်ပြီး တမ်မင်အား အိမ်တံခါး ဖွင့်ပေးခဲ့ကြောင်း၊ တမ်မင်၎င်းအား ကျော်ဝင်သွားချိန်တွင် ဓားဖြင့်အဆုံးစီရင်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။ အသတ်ခံရသူ တမ်မင်သည် သေဆုံးချိန်တွင် အသက်(၃၀)သာ ရှိသေးပြီး အီဂျစ်တွင် (၁၉၉၆)ခုနှစ်က ဖျော်ဖြေပွဲကျင်းပပြီးနောက် အာရပ်ကမ္ဘာတွင် နာမည်ကျော်နေသူလည်းဖြစ်သည်။ သူမနှင့် မူဆတာဖာကြား လျှို့ဝှက်အချစ်ဇာတ်လမ်းများ ရှိခဲ့ပြီးနောက် သူမသည် အီရတ်ကစ်ဘောက်ဆာ ချန်ပီယံ ရီယတ်အယ်လ် အက်ဇာဝီနှင့် လက်ထပ်သွားခဲ့သည်။(အင်တာနက်)
*** ကူဝိတ်နိုင်ငံရောက် အမေရိကန်စစ်သားအချို့ A/H1N1ကူးစက်ခံရ....
ကူဝိတ်တွင် တပ်စွဲထားသော အမေရိကန် စစ်တပ်များအနက်မှ A/H1N1တုပ်ကွေး ကူးစက်ခံနေရကြောင်း အတည်ပြုနိုင်ခဲ့သည့် စစ်သား(၁၈)ဦးသည် ကူဝိတ်နိုင်ငံမှ မေလ(၂၄)ရက်နေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ အာရှနိုင်ငံများသို့ လျင်မြန်စွာ ပြန့်နှံ့ရောက်ရှိလာသည့် A/H1N1တုပ်ကွေးသည် ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းထိအောင် ကူးစက်ရောက်ရှိလာပြီဟု ကူဝိတ်ပြည်သူ့ ကျန်းမာရေးဌာန ဒုတိယအကြီးအကဲ ယူဆွတ်ဖ်မန်းကာက AFPသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမေရိကန် စစ်သည် (၁၈)ဦးတို့တွင် တုပ်ကွေးလက္ခဏာများ ပေါ်ပေါက်လာပြီးနောက် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ A/H1N1ရောဂါပိုးကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို ဆေးဝါးကုသမှု ပိုမိုကောင်းမွန်သည့် အမေရိကန်သို့ ပြန်ပို့ပေးလိုက်ကြောင်း ယူဆွတ်ဖ်က ဆိုသည်။(အင်တာနက်)
*** အစ္စလာမ်မစ်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်းဖြစ်...
မေလ(၂၄)ရက်နေ့က ဗြိတိန်နိုင်ငံတွင် အစ္စလာမ်မစ်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အဓိကရုဏ်းအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လူတန်မြို့ရှိ လမ်းမများတွင် ရာနှင့်ချီသော ဆန္ဒပြသူများသည် မျက်နှာဖုံးများစွပ်ကာ အင်္ဂလန်အလံများကို ဝှေ့ယမ်းပြီး ဆန္ဒပြခဲ့ကြသည်။ March of England အမည်ရှိ မွတ်ဆလင် အဖွဲ့အစည်းတစ်ခုက တိုင်းပြည်ပြန်လာသော ဗြိတိသျှစစ်တပ်ကို ကန့်ကွက်ခဲ့မှုအား ဆန့်ကျင်ကြောင်း အော်ဟစ်နေသည့် လူထုကြီးကို ရဲများက တားဆီးရန် ကြိုးပမ်းရာမှ အချင်းများမှုများ ပေါ်ပေါက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကြောက်စရာ မျက်နှာဖုံးများ စွပ်ထားသည့် ဆန္ဒပြသူများက ဗြိတိန်နိုင်ငံအတွင်းသို့ Shariaမွတ်ဆလင်ဥပဒေ ပြန့်နှံ့ရောက်ရှိလာမှုကို မလိုလားကြောင်း ကြွေးကြော်ခဲ့ပြီး ဗြိတိသျှစစ်သားများအား လေးစားရိုသေရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။(အင်တာနက်)
*** ကျားသူပုန် ၉၁၀၀-အစိုးရထံ လက်နက်ချပြီ…
(ဗာဗူနီယာ၊ သီရိလင်္ကာ၊ မေ-၂၇)
တမီလ်လွတ်မြောက်ရေး ကျားသူပုန်အင်အား ၉၁၀၀-ယောက်တို့သည် အစိုးရထံသို့ ယင်းတို့ကိုယ်တိုင်လာရောက်ပြီး လက်နက်ချကြကြောင်း၊ ယင်းတို့ကို ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း စနစ်တကျဆောင်ရွက်ပြီး အများစုကို ပြန်လည်ထူထောင်ရေးစခန်းများသို့ ပို့ခဲ့ကြောင်း သီရိလင်္ကာစစ်ဘက်က မေလ ၂၆ရက်နေ့မှာ ပြောကြားသည်။ ကျားသူပုန်များသည် အစိုးရထိန်းချုပ်ထားသော နယ်မြေများသို့ အရပ်သားများနှင့် အတူရောနှောထွက်ပြေးလာခဲ့ကြပြီး ယခုအခါအာဏာပိုင်များထံ လက်နက်ချခဲ့ကြကြောင်း၊ စစ်ပြေးဒုက္ခသည်များစခန်းတွင် နိုင်ငံခြား သတင်းထောက်များကို စစ်ဘက်ပြောခွင့်ရသူ ဥဒယနာနာယကာရက ပြောဆိုသည်။ (အင်တာနက်)
*** အလုပ်လက်မဲ့များလာသော ပြဿနာသည် လူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်….
(မက်ဒရစ်၊ စပိန်၊ မေ-၁၇ရက်)
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှုသည် နှေးကွေးပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်နေခြင်း၊ ပြည်တွင်းလုပ်ငန်းများပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ လူမှုရေးဆိုင်ရာ ပြဿနာများဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ(ရောဘတ်ဇိုလစ်)နှင့်တွေ့ဆုံမေးမြန်းရာမှ ဖြေကြားချက်ကို စပိန်နိုင်ငံသတင်းစာ အဲလ်ပအစ်၌ မေလ ၂၄ရက်နေ့မှာ ဖော်ပြသည်။ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာရာမှ စတင်ဖြစ်လာပြီး ယခုအခါကမ္ဘာ့စီးပွားရေး ဆုတ်ယာတ်မှုပြဿနာဖြစ်လာကာ အကျိုးဆက်အဖြစ် အလုပ်လက်မဲ့နှုန်း ကြီးထွားလာရသည်။ မိမိတို့သည် ထိုပြဿနာများကို ဖြေရှင်းနိုင်လျှင် လူမှုရေးရာ အရှုပ်အထွေးကြီးထွားလာခြင်းနှင့် ဆက်နွယ်ပြီး နိုင်ငံရေးဂယက်များပါထလာနိုင်သည်ဟု ရောဘတ်ဇိုလစ်က ပြောကြားသည်။ လူထု၏ အကျိုးကိုရည်မှော်သော အခြေခံကျကျ လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ယင်းကဆက်လက်ပြောကြားသည်။ (ရိုက်တာ)
*** ဘရာဇီးမှာ လေယာဉ်ပျက်ကျ၊ ၁၄-ဦးသေဆုံး...
(ဆွာပေါလို၊ မေ ၂၅)
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘာဟီယာပြည်နယ်တွင် ကိုယ်ပိုင်လေယာဉ်တစီးပျက်ကျရာ ကလေး ၄-ဦး အပါအ၀င် ၁၄-ဦးသေဆုံးကြောင်း ဘရာဇီးလေတပ်ဖွဲ့က မေလ ၂၃ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ အင်ဂျင်နှစ်လုံးတပ်လေယာဉ်သည် ဆွာပေါလိုမှ ပျံသန်းလာပြီး ဘာဟီယာပြည်နယ် ဆာလ်ဗာဒေါမှ မိုင် ၄၅၀-ခန့် အကွာအပန်းဖြေစခန်းတခုအနီး၌ မေလ ၂၂ရက်နေ့ နှောင်းပိုင်းမှာ ပျက်ကျခဲ့ခြင်းဖြစ်သည်။ (ရိုက်တာ)
*** သြစတြေးလျမှာရေကြီး၊ ပြည်သူများထွက်ပြေးခဲ့ရ...
သြစတြေးလျနိုင်ငံအရှေ့ဘက်ဒေသရှိ ပြည်သူအများအပြားသည် ရေကြီးမှုနှင့် ရင်ဆိုင်နေရသောကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ရသည်။ နေ့စဉ်ဆက်တိုက်မိုးရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် တစ်ဦးသေဆုံးသော်လည်း အများအပြား ကိုကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် နယူးဆောက်သ်ဝေးမြောက်ပိုင်းရှိ လယ်ယာမြေဟက်တာများစွာမှာလည်း ရေလွှမ်းခဲ့ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရေကြီးမှုကြောင့် ကားများပင်လယ်ထဲသို့ မျောပါသွားပြီး နယူးကာဆယ်မြို့ရှိ ကမ္ဘာ့အကြီးဆုံးကျောက်မီးသွေးတင်ပို့သော ဆိပ်ကမ်းအပါအ၀င် အဓိကဆိပ်ကမ်းများလား လှိုင်းလုံးပြီးများ ရိုက်ခတ်မှုကြောင့် သင်္ဘောဆိုက်ကပ်မှု အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ (အင်တာနက်)
*** ပြင်သစ်နိုင်ငံ မြို့တော်ဝန်ဟောင်း မိမိကိုယ်ကို သတ်သေ...
မသမာမှုများ ကျူးလွန်သည်ဟု စွပ်စွဲချက်များဖြင့် တရားရုံးတွင် ရင်ဆိုင်နေရသော ပြင်သစ်နိုင်ငံမြို့တော်ဝန်ဟောင်းနှင့် လက်ရှိ အာဏာရ(ယူအမ်ပီပါတီ)အဖွဲ့ဝင်ဖြစ်သူ အသက် ၆၂-နှစ်အရွယ်ရှိ (ဂျေကျူဘောင်လီ)သည် အကျဉ်းထောင်၌ မိမိကိုယ်ကို သတ်သေသွားကြောင်း ရဲတပ်ဖွဲ့က မေလ ၂၄ရက်နေ့မှာ ပြောကြားသည်။
*** ကလေးငယ်တဦးကို အသက်စွန့်ပြီး ကယ်တင်သူအသက်ဆုံးရှုံး...
အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မေလ ၂၄ရက်နေ့က အုတ်မြစ်ချရန် တူးထားသော ရေပြည့်နေသည့် တွင်းထဲသို့ (၇)နှစ်အရွယ်ကလေးတဦး ကျသွားခဲ့သည်။ ထိုသို့ကျသွားရာ အသက် ၅၈-နှစ်အရွယ်ရှိ အမျိုးသားတဦးက ဆင်းဆယ်ပေး၍ ကလေးငယ်အသက်ရှင်ခဲ့သော်လည်း ဆင်းဆယ်သူမှာမူ တွင်းထဲမှ ပြန်မတက်နိုင်သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူပေးခဲ့ရသည်။ သို့သော်သူ့အားဆေးရုံသို့ အမြန်ပို့သော်လည်း သူသည်ဆေးရုံမှာပင် သေဆုံးသွားခဲ့သည်။ (အင်တာနက်)
*** သြစတြေးလျတွင် အသံထက်မြန်သော လေယာဉ်စမ်းသပ်ပျံသန်း....
သြစတြေးလျနိုင်ငံတောင်ပိုင်းတွင် သိပ္ပံပညာရှင်များက အသံနှုန်းထက် ငါးဆမြန်သော လေယာဉ်စမ်းသပ်မှု အောင်မြင်စွာပြီးစီးခဲ့သည်။ မေလ ၇ရက်နေ့က စမ်းသပ်မှုသည် မျိုးဆက်သစ်လေယာဉ်တည်ဆောက်မှု၏ ပထမခြေလှမ်းတရပ်အဖြစ် မြင်တွေ့ခဲ့ရပြီး ဥရောပနိုင်ငံများအတွင်း ခရီးသွားလာမှု အချိန်များလျှော့ချနိုင်မည်ဖြစ်သည်။ အဆိုပါ လေယာဉ်များအား သြစတြေးလျကာကွယ်ရေး သိပ္ပံနှင့် နည်းပညာအဖွဲ့ (DSBO) နှင့် အမေရိကန်လေတပ် သုတေသနဌာနတို့အကြား ပူးပေါင်း သုတေသနအစီအစဉ်၏ စိတ်တဒေသဖြစ်သည်။ (အင်တာနက်)
*** အစ္စရေးတို့ ဂိုလန်ကုန်းမြင့်မှ မထွက်ခွာလျှင် မဆွေးနွေးနိုင်ဟု ဆီးရီးယား တုံ့ပြန်....
(ဒမတ်ခကတ်၊ ဆီးရီးယား၊ မေ-၂၄)
အစ္စရေးနိုင်ငံမှ သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသမှ ယင်းတို့၏ တပ်ဖွဲ့များကို ဆုတ်ခွာပေးခြင်း မရှိလျှင် ဆီးရီးယားနိုင်ငံက အစ္စရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်မှာမဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ရာဟုက ဆီးရီးယားနိုင်ငံအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်ကို ဆီးရီးယားနိုင်ငံခြားရေး ၀န်ကြီး-၀ါလစ်အယ်လ်မူလင်းက မေလ ၂၂ရက်နေ့တွင် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ တူရကီနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆီးရီးယားနှင့် အစ္စရေးတို့၏ တဆင့်ခံ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မစ္စရေးတို့က ဂါဇာကမ်းမြှောင်ကို ၀င်တိုက်သဖြင့် ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက အဆိုပါဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရသည်။ (အင်တာနက်)
*** ဘာသာစကားနှစ်မျိုးတတ်သူသည် နောက်တစ်မျိုးသင်ရန်လွယ်ကူ....
(အီဗန်စတုန်၊ အမေရိကန်- မေ ၂၃)
ဘာသာစကားနှစ်မျိုးပြောဆို နေသူသည် တတိယနိုင်ငံခြားဘာသာစကားကို သင်ယူရာတွင် ဘာသာစကားတစ်မျိုးတည်း ပြောတတ်သူထက် ပိုမိုကျွမ်းကျင်တက်မြောက်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောဆိုသည်။ ဘာသာစကားနှစ်မျိုးတတ်သောသူသည် တတ်ကျွမ်းပြီးသား ဘာသာစကားများနှင့် မတူသော ဘာသာစကားအသစ်ကို လေ့လာခဲ့လျှင်ပင် တတိယဘာသာစကားကို တတ်မြောက်ရန် ပိုမို၍ အခွင့်အရေးသာကြောင်း ပညာရှင် ဗော်ရီကာမာရီအင်နှင့် မာဂါရီကာကူရှင်စကာယာတို့က ပြောဆိုသည်။ ယင်းတို့နှစ်ဦးသည် ၀က်စ်ကွန်ဆင်မက်ဒီဆင်တက္ကသိုလ်မှ ဖြစ်သည်။ (အင်တာနက်)
*** တရုတ်မှာ မောင်းသူမဲ့ ရဟတ်ယာဉ်တီထွင်...
တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက အဝေးထိန်းခရုတ်မပါသော အလိုအလျောက်ပျံသန်းနိုင်သော မောင်းသူမဲ့ရဟတ်ယာဉ်အား တီထွင်ခဲ့သည်ဟု မေလ ၂၂ရက်နေ့တွင် ပြောဆိုသည်။ ယင်းရဟတ်ယာဉ်ပုံစံနှစ်ခုအား တီထွင်ရန် ၄-နှစ်ကြာခဲ့ကြောင်း သိရသည်။ ၃-မီတာရှည်သော ပိုကြီးသည့် ပုံစံသည် ကားငယ်တစ်စီး၏ အရွယ်နီးပါးနှင့် အလေးချိန်ကီလိုဂရမ်(၁၂၀)ရှိပြီး ၀န်ချိန် ၄၀-ကီလိုဂရမ် အ
ထက်ထိ သယ်ဆောင်နိုင်သည်။ ယင်းရဟတ်ယာဉ်ကြီးသည် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀) အမြန်ဆုံး နှုန်းဖြင့် ၄-နာရီကြာပျံသန်းနိုင်သည်။ ပို၍ ငယ်သောပုံစံသည် ကီလိုဂရမ် ၄၀-အလေးချိန်နှင့် ၀န်ချိန် ၇၀- အမြန်နှုန်းနှင့် ပျံသန်းနိုင်သည်။ အဆိုပါရဟတ်ယာဉ်သည် တပ်ဆင်ထားသော ကင်မရာက ပစ်မှတ်များကို အလိုအလျောက်ရှာဖွေ ခြေရာခံပြီး ကောင်းကင်မှ ဓါတ်ပုံများကို ရိုက်နိုင်စွမ်းရှိသည်။ (အင်တာနက်)
***အိန္ဒိယမှာ ညူကလီးယားထိပ်ဖူးကိုသယ်ဆောင်နိုင်သောအဂ္ဂနီဒုံးကျည်စမ်းသပ်....
(နယူးဒေလီ ၊ မေ- ၂၃)
ညူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သော(အဂ္ဂနီ)ဒုံးကျည်ကို မေ၂၃ရက်မှာအိန္ဒိယနိုင်ငံစစ်ဘက်ကစမ်း
သပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားသည်။မြေပြင်မှ မြေပြင်ပစ် အဂ္ဂနီ- ဒုံးကျည် သည်ကီလိုမီတာ၂၀၀၀ခန့် (မိုင် ၁၂၀၀)အကွာအဝေးရှိ ပစ်မှတ်များကိုညူ ကလီးယားဒုံး ကျည်ထိပ်ဖူးဖြင့် ထိမှန်အောင်ပစ်ခတ်နိုင်စွမ်းရှိသည်။ ၆၅ ပေ (မီတာ ၂၀ )ရှည်သော ယင်းဒုံးကျည်သည်ဝန်ချိန်ကီလို၁၀၀၀ အားသယ်ဆောင်နိုင်ပြီးဝန်ချိန်လျော့ချခြင်းဖြင့် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၉၀၀) အကွာ အဝေးရှိပစ်မှတ်များ ကိုပစ်ခတ်နိုင်ကြောင်းသိရသည်။(ရိုက်တာ)
***အင်ဒိုနီးရှား တွင်စစ်လေယာဉ်ပျက်ကျ ၊ လူ ၉၈ဦးသေဆုံး....
(ဂျကာတာ၊ မေ၂၁)
လူ၁၀၀ကျော်ကို တင်ဆောင်လာသော အင်ဒိုနီးရှားနိုင်ငံ လေတပ်ဖွဲ့ မှသယ်ယူပို့ဆောင်ရေးလေယာဉ်သည်
မေလ၂၀ရက်နေ့ နံနက်ပိုင်းကအရှေ့ ဂျာဗားဒေသတွင် ပျက်ကျရာအနည်းဆုံး ၉၈ဦးသေဆုံးသွားကြောင်း
ကယ်ဆယ်ရေးလုပ်ငန်းမှအရာရှိတဦးကပြောကြားသည်။စီ- ၁၃၀အမျိုးအစားဟာကြူလီလေယာဉ်သည်လူ
နေအိမ်များပေါ်သို့ပျက်ကျပြီး ပေါက်ကွဲမီးလောင်ကာ မီးခိုးလုံးကြီးများလိပ်၍ တက်လာပုံများကိုရုပ်သံသတင်း
မှာထုတ်လွှင့်သွားသည်။ယင်းဖြစ်ရပ်တွင် အနည်းဆုံး ၉၈ ဦးသေဆုံးပြီး၁၅ဦးဒဏ်ရာရရှိသွားကြောင်း၊သေဆုံး
ဒဏ်ရာရရှိသူများတွင်မြေပြင်ပေါ်မှလူတချို့ လည်းပါဝင်ကြောင်းတာဝန်ရှိသူ တဦးကပြောကြားသည်။လေယာဉ်
ပေါ်တွင်ကလေး၁၀ဦးအပါအ၀င်ခရီးသည် ၉၈ ဦးနှင့်လေယာဉ်အဖွဲ့ သား ၁၁ ဦးပါရှိသည်ဟုစစ်ဘက်ပြောခွင့်ရ
သူကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသည်။(အင်တာနက်)
*** ပင်လယ်ဓါးပြအရေး နိုင်ငံတကာ ညီလာခံကျင်းပ...
(ကွာလာလမ်ပူ၊ မေ ၂၀)
သင်္ဘောများကို ပင်လယ်ဓါးပြများ ပြန်ပေးဆွဲခြင်းနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ညီလာခံတရပ်ကျင်းပရာ ဖမ်းဆီးထားသော ဆိုမာလီပင်လယ်ဓါးပြများ၏ အနာဂတ်ကံကြမ္မာအပေါ်၌ သဘောထား အမြင်ကွဲလွဲလျက်ရှိကြောင်း၊ အချို့ကဓါးပြများကို ငါးမန်းစာကျွေးပစ်သင့်ကြောင်း၊ အချို့ကအထူးခုံရုံးတည် ထောင်သင့်ကြောင်း ပြောဆိုလျက်ရှိကြသည်ဟု အင်တာနက်သတင်းတပုဒ်မှာ ဖော်ပြသည်။ နိုင်ငံခြားရေတပ် သင်္ဘောများ ရေပြင်တွင်ကင်းလှည့်နေရေးအတွက် တရားဝင် အခြေခံစည်းမျဉ်းများ၊ ကန့်သတ်ချက်များ၊ အားနည်းမှုရှိနေခြင်းကို အငြင်းပွားဖွယ်မရှိကြချေ။ ယင်းအားနည်းချက်သည် ပင်လယ် ဓါးပြများကို တိုက်ခိုက်ရာတွင် အဟန့်အတားဖြစ်နေပေသည်။ ပင်လယ်ဓါးပြ ၁၀၀-ကျော်ကို ဖမ်းဆီးရမိရာ အချို့ကို ဆိုမာလီနိုင်ငံသို့ ပြန်ပို့ သောဖြစ်ရပ်များရှိခဲ့သည်။ (အင်တာနက်)
*** ဂျပန်မှာ တုပ်ကွေးရောဂါ ဖြစ်ပွားမှု တိုးမြင့်လာသောကြောင့် ကျောင်းပေါင်း ၄၀၀၀-ပိတ်ရပြီ...
ဂျပန်နိုင်ငံအထက်တန်းကျောင်းများတွင် A/H1N1 တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း အများဆုံးဖြစ်ပွားမှုကြောင့် တုပ်ကွေးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကျောင်းပေါင်း (၄၀၀၀)ကျော်အား မေလ ၁၉ရက်နေ့၌ တာဝန်ရှိသူများက ပိတ်လိုက်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးအချက်အချာမြို့နှင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ကြီး ဖြစ်သည့် လူဦးရေ (၃၆)သန်းနီးပါးရှိသော တိုကျိုမြို့အပါအ၀င်အခြားဒေသ များသို့ ဗိုင်းရပ်စ်ပိုးများ မကြာမီကူးစက်ပြန့်ပွားမည်ဟု ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။ (အင်တာနက်)
*** ဆိုမာလီပင်လယ်ဓားပြ ၁၃-ဦးကို ကင်ညာသို့ လွှဲပြောင်းပေးအပ်....
(မွန်ကာဆာ၊ ကင်ညာ၊ မေ-၁၈)
စပိန်နိုင်ငံသည် ဆိုမာလီ ပင်လယ်ဓါးပြများဟု မသင်္ကာသူ ၁၃-ဦးကို တရားစွဲဆိုရန်အတွက် ကင်ညာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ဆင်ဟွာ သတင်းတပုဒ်မှာဖော်ပြသည်။ ဥရောပသမဂ္ဂနှင့် အာဖရိကတိုက် ကင်ညာနိုင်ငံတို့အကြားတွင် ချုပ်ဆိုထားသော စာချုပ်အရ (မာကျူးဒီလာ အင်ဆီနဒါ)သင်္ဘောကို တိုက်ခိုက် သည်ဟုသံသယရှိသူ ၁၃-ဦးကို ကင်ညာနိုင်ငံ တရားရုံး၌ ရုံးတင်စစ်ဆေးရန်အတွက် လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်သည်။
*** သီရိလင်္ကာနိုင်ငံမှ ထိပ်တန်းကျား သူပုန်ခေါင်းဆောင် ၂-ဦး ကျဆုံး...
(ကိုလံဘို၊ သီရိလင်္ကာ၊ မေ ၁၈)
တမီလ်ကျားတို့၏ ထိပ်တန်းခေါင်းဆောင် ၂-ဦးဖြစ်သော (ဆွာနန်နှင့် ရှာရီမတ်စ်တာ)တို့သည် တိုက်ပွဲအတွင်း သေဆုံးသွားကြပြီဖြစ်ကြောင်း သီရိလင်္ကာကာကွယ်ရေးဌာနမှ အရာရှိများက ပြောကြားသည်။ စစ်ဘက်ပြော ခွင့်ရသူ ဗိုလ်မှူးချုပ် ဥာယနာနာယကာရက အဆိုပါသူပုန်ခေါင်းဆောင် ၂-ဦး ကျဆုံးကြောင်းကို အတည်ပြု သည်။
****ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မော်လဒိုက် နိုင်ငံပိုင်ကျွန်းများ ပျောက်ကွယ်နိုင်.....
(မာယီ ၊ မေ ၁၃)
ကမ်းရိုးတန်းဒေသရေ တိုက်စားမှုနှင့်ပင်လယ်ရေမျက်နှာပြင်ပိုမိုမြင့်တက်လာခြင်းတို့ ကြောင့်တောင်အာရှဒေသ ရှိမော်လ်ဒိုက်ကျွန်းစုနိုင်ငံ၏ကျွန်းအများအပြားမှာအစောဆုံး(၂၀၃၀)ပြည့်နှစ်ခန့် မှစ၍ပျောက်ကွယ် သွားနိုင် ကြောင်း၊သို့ ရာတွင်ကျွန်းများထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်တရပ်ကိုချမှတ်ဆောင်ရွက်လျက် ရှိကြောင်း အင်တာနက်သတင်းတပုဒ်မှာဖော်ပြသည်။မော်လဒိုက်နိုင်ငံသည်ကမ္ဘာပေါ်တွင်အနိမ့်ဆုံးအပိုင်း၌ တည်ရှိသောနိုင်ငံဖြစ်ပြီးပျှမ်းမျှခြင်းအားဖြင့်ပင်လယ်ရေမျက်နှာပြင်အထက်(၁၀ဒသမ၅မီတာ)အမြင့်၌တည်ရှိ
သောယင်းနိုင်ငံ၏သဘာဝမြေမျက်နှာပြင်အမြင့်မှာအများဆုံး( ၂ ဒသမ ၃ မီတာ)ခုနှစ်ပေခွဲမျှသာရှိသည်။ မော် လဒိုက်နိုင်ငံကျွန်းများရေနစ်မြုပ်ခံရမှုမရှိစေရေးအတွက်ပင်လယ်ကမ်းရိုးတန်းဒေသတလျှောက်တွင်တံတိုင်းနံရံ
များတည်ဆောက်ရန်လိုအပ်မည်ဖြစ်သလို သန္တာကျောက်တန်းများထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို လည်း အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတဦးကပြောဆိုသည်။(အင်တာနက်)
***မက္ကဆီကို ခရီးသွားလုပ်ငန်းဒေါ်လာ ၄ ဘီလီယံ ဆုံးရှုံး....
(မက္ကဆီကိုစီးတီး ၊ မေ ၁၃ )
မက္ကဆီကို နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားနေခြင်းကြောင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များသည် ထင်ပေါ်ကျော်ကြားသော ပင်လယ်ကမ်းခြေအပန်းဖြေ စခန်းများသို့  လာရောက်ကြမည့်ခရီးစဉ်များကို ဖျက်သိမ်းကြကြောင်း၊ ဤအတွက်ကြောင့် ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေ (ဒေါ်လာ ၄ ဘီလီယံ)အထိဆုံးရှုံးကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး အီ လီ ဇွန်ဒိုက မေလ ၁၁ ရက်နေ့  တွင်ပြောကြားသည်။ရေနံပို့ ကုန်လုပ်ငန်းမှရရှိသောငွေစသည်တို့ နှင့်အတူ ခရီးသွားရောက် နေထိုင်လုပ်ကိုင်ပြီးပြန်လည်ပို့ ပေးငွေစသည် တို့ နှင့်အတူခရီးသွား လုပ်ငန်းသည်လည်း မက္ကဆီကို နိုင်ငံ၏အဓိကဒေါ်လာရှာဖွေပေးလျက်ရှိသောလုပ်ငန်းဖြစ်သည်။ (အင်တာနက်)
*** အင်ဂိုလာနိုင်ငံတွင် မိကျောင်းဆွဲမှုကြောင့် ကလေး ၉-ဦးသေဆုံးခဲ့...
အာဖရိကတိုက် အင်ဂိုလာနိုင်ငံတောင်ပိုင်း ကမ်ဖာဆယ်ပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ်က မိကျောင်း များသောင်းကျမ်းမှုကြောင့် ကလေး ၉-ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီးအချို့လည်း ရန်ရှာခံခဲ့ရကြောင်း မေလ ၆-ရက်နေ့က နိုင်ငံပိုင်ရေဒီယိုမှ ထုတ်လွှင့်သည်။ အဆိုပါ သေဆုံးသူကလေးများသည် အသက် ၁၀-နှစ်မှ ၁၆-နှစ်အကြားရှိ ကလေးများဖြစ်ကြပြီး မြစ်တွင် ရေခပ်ရန် ရောက်ရှိလာစဉ် မိကျောင်းဆွဲခံရခြင်းဖြစ်သည်။ (အင်တာနက်)
*** အာကာသအတွင်း ဆေးဝါးများအစွမ်းထက်မှု ရှိ- မရှိကို ဂြိုလ်တုငယ်ဖြင့် စမ်းသပ်မည်...
အာကာသအတွင်း လူတို့ထုတ်လုပ်ထားသော ဆေးဝါးများက ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်ခြင်းရှိ- မရှိကို သိရှိနိုင်ရန် အမေရိကန်လေကြောင်းနှင့် အာကာသသိပ္ပံ (နာဆာ)သိပ္ပံပညာရှင်များက ပေါင်မုန့်တလုံး၏ အ ရွယ်မျှသာရှိသော ဂြိုလ်တုငယ်ကို အသုံးပြုကာ စမ်းသပ်လေ့လာမည်ဖြစ်ကြောင်း ယနေ့အင်တာနက် သတင်း တွင် ဖေါ်ပြသည်။ သိပ္ပံပညာရှင်များ၏ ရည်ရွယ်ချက်များ ဗက်တီးရီးယားနှင့် မှိုကဲ့သို့သော အဏုဇီဝပိုးမွှား များ အား ဆေးဝါးများက နှိင်နင်းပေးနိုင်စွမ်းကို သိနိုင်ရန် ဖြစ်သည်။(အင်တာနက်)
xxxကမ္ဘာပေါ်တွင် H1 N1 ရောဂါကူး စက်ခံရမှုစာရင်း WHOဖော်ပြပြီ...
(ပေကျင်း ၊ မေ ၄)
ကမ္ဘာပေါ်တွင် H1 N1 တုပ်ကွေးရောဂါ A အမျိုးအစားကူးစက်ပျံ နှံ့ မှုနောက်ဆုံးသတင်းကိုမေလ ၃ ရက်နေ့ က ထုတ်ပြန်ခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့်အစိုးရ စာရင်းများအရသိရသည်။ မက္ကဆီကိုနိုင်ငံတွင် ယင်းရောဂါဖြင့်သေဆုံးသူ(၁၉)ဦးရှိပြီးအမေရိကန်တွင် ၂၁ လသားအရွယ်ယောကျာ်းလေး တဦးသေဆုံး သွား ခဲ့သည်။
*** ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး မိုဘိုင်းဖုန်း မကြာမီသုံးနိုင်တော့မည်.....
(လန်ဒန် - မေ ၃)
နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့ ပြီး အသုံးပြုနိုင်သောနေရောင်ခြည် စွမ်းအင်သုံး မိုဘိုင်းဖုန်းများကို စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျပန်ကုမ္မဏီတခုဖြစ်သည့် KDDI ကအင်တာနက်သတင်းတွင်ဖော်ပြသည်။ အဆိုပါ မိုဘိုင်းဖုန်းသည် နေရောင်ခြည် စွမ်းအင်သုံးဖုန်းဖြစ်ပြီးလာမည့်ဇွန်လတွင် KDDIကုမ္မဏီကဈေးကွက်သို့ စတင် ရောင်းချတော့မည်ဖြစ်သည်။နေရောင်ခြည်တွင် ၁၀ မိနစ် ကြာထားပြီး အားသွင်းရယူခြင်းဖြင့် တမိနစ်ဖုန်း ပြော နိုင်ရန်လုံလောက်ကြောင်း (သို့ ) ဟန်းဆက်ကို အဆင်သင့်လှုပ်ရှားအသုံးပြုရန် ၂ နာရီကြာလုံလောက်သည်ဟု ကုမ္မဏီ ကပြောဆိုသည်။(အင်တာနက်)
*** ဗြိတိန်နိုင်ငံ၊ ညကလပ်တခုမှာ ပစ်ခတ်မှုဖြစ်ပွား၊ ၄-ဦးဖမ်းဆီးထား...

No comments:
Post a Comment