“နင်တန်၊ နင်တန်၊ ပန်းကန်ကွဲ”
အဲဒါကြောင့်မို့၊ ကဲ စာဖတ်ပရိသတ်ကြီးရေ ဒိန်း-တတ်-တတ်-တတ်၊ ဒိန်း- တတ်-တတ်-တတ်နဲ့ အင်္ဂလန်ဘင်သံအမြန်ဟဲလိုက်တာကဖြင့်၊ နင်တန်၊ နင်တန် ပန်းကန်ကွဲပါတဲ့ခင်ဗျား….။
ဇာတ်လမ်းလေးကဒီလိုပါ။ အညာဒေသ “တက်ဝင်” ရွာက အဖြစ်အပျက်ကလေးပါဘဲ၊ “တက်ဝင်ရွာ”ဆိုတာ ရေနံချောင်းမြို့နယ်မှာရှိပါတယ်။ “တက်ဝင်”ရွာ၊ “နဂါး”ရွာ၊ “နတ်ကန်ဦး”ရွာဆိုတာ သုံးရွာတစ်အုပ်စုပေါ့။ “တက်ဝင်” အုပ်စုလို့ခေါ်ပါတယ်။ “တက်ဝင်” ရဲ့ရာဇ၀င်ကို အချို့က ဘာလို့ “တက်ဝင်”လို့ မှည့်ထားတာတုန်းလို့ ကပ်သီးကပ်သပ်မေးလာကြသေးတယ်။ ဒါပေမယ့် “တက်ဝင်” ရွာသားတွေက အဖြေကိုတိတိကျကျဘဲ ဖြေလေ့ရှိပါတယ်။ “တက်ဝင်” ဆိုတာ “သဘာဝရဲ့ ပုံမှန်လုပ်ဆောင်မှုပါဘဲတဲ့…” စာဖတ်သူများ “ပေါက်”လောက်ပြီထင်ပါတယ်…။
အဲဒီရွာမှာ- ကိုပုနဲ့ မစု တို့ဇနီးမောင်နှံ နှစ်ဦးနေထိုင်ကြပါတယ်။ ကိုယ်ပိုင်အိမ်ဝိုင်းလေးနဲ့ အိမ်ကလေးကလည်း သပ်သပ်ယပ်ယပ်ဆောက်လို့ နေချင့်စဘွယ်လေးပါ။ ကိုပုနဲ့ မစုတို့က အသက်-၃၅နှစ်အရွယ် လူပျိုကြီး၊ အပျိုကြီးဘ၀မှာ တဦးနဲ့ တဦးရည်ငံပြီး ညားလာကြတာပါ။ (ရည်ငံကို ကျေးဇူးပြု၍ ငံပြာရည်လို့မထင်ပါနဲ့၊ ရည်ငံဆိုတာ ချစ်ကြိုက်တာကိုပြောတာပါ။)
သူတို့နှစ်ဦးဟာ စာပေ၀ါသနာရှင်တွေဖြစ်ပါတယ်။ ကဗျာ၊ လင်္ကာ၊ ကာရံ၊ နဘေတွေကို လေ့လာလိုက်စာရုံမကပါဘူး။ စကားပြောရင်လည်း စာသံပေသံနဲ့ ပြောပါတယ်။ ဒါကြောင့်လဲ ငှက်ကထ(အဲလေ) ဥက္ကဌ-ရုံးမှာလက်ထပ်တော့ တဦးနဲ့ တဦးစာပေသစ္စာစောင့်ထိန်းရန်၊ စာပေ သစ္စာမဖောက်ရန်ဆိုတဲ့ အပိုဒ်ကို အထူးထင်ရှားအောင်ရေးသားထားပါသတဲ့။ အိမ်မှာလဲ ခွေးတစ်ကောင်မွေးထားပါတယ်။ အိမ်ခြံဝက ဆိုင်းဘုတ်လေးကို ကြည့်ပါ။
“ခြံထဲကိုဝင်ရင်၊ ခွေးမြင်လိမ့်လေး” “ဤခွေးသည်၊ လူကိုကိုက်တယ်။ ဂရုစိုက်ကွဲ့လေး…”တဲ့
“သတိ/ ခွေးကိုက်တတ်သည်” ဆို မပြီးဘူးလား။ မပြီးပါဘူး သူတို့က စာပေသစ္စာရှိရမှာကိုး….။
ကိုပု ညနေအလုပ်က ပြန်လာတော့၊ အိမ်မှာတအောင့်နားနေ၊ “မစု”က စာပေသံလေးနဲ့ ပြောပြန်တယ်။
“မောင်ရေ၊ နေညှိုးတော့မယ်၊ ရေချိုးတော့ကွယ်” တဲ့ ကိုပုကလည်း စာသံနဲ့ဘဲ ပြန်ပြောပါတယ်။
“ဘ၀ပေး အခြေမလှတော့၊ ခဏလေးနေပါရစေအုံး” တဲ့ ဟိုက်-ရှာလပတ်ရည်၊ ဘယ်လောက်အတိုင် အဖောက်ညီလိုက်သလဲ…။
ကိုပု ရေချိုးတုန်း၊ “မစု”က ထမင်းပွဲပြင်ထားပါတယ်။ ရေလဲချိုးပြီးရော “မစု”က ထုံးစံအတိုင်း၊ ယောင်္ကျားမှာ “အာ” မိန်းမမှာ “နှာ”ဆိုသလိုဘဲ (“တဏှာ” မဟုတ်ပါ၊ နှာခေါင်းသံကို ပြောတာပါ) “နှာ”သံလေးနဲ့ “မောင်ရေ၊ မစဉ်းစားနဲ့ကွယ် ထမင်းစားလှည့်ကွယ်…။” ဆိုလာတော့ ဟိုလူကြီး မနေသာနှစ်ဦးသား ပျော်ရွှင်စွာ ထမင်းလက်ဆုံစားကြပြန်ရော….။
ကိုပု- ထမင်းစားပြီးတော့ ယောင်္ကျားတို့သဘာဝ ခန္ဓာကိုယ်က ချွေးထွက်၊ နှပ်ထွက်ထွက်တို့ပေါ့ခင်ဗျား၊ အရမ်းမလုပ်ရဘူး။ စာပေသစ္စာကို အမြဲစောင့်ရတယ်။ ဟောကြည့် ကိုပု-နှပ်ညှစ်တာ၊ ပါးစပ်ကလဲ ရွတ်ရသေးတယ်။ အရည်က ခပ်ပျစ်ပျစ်၊ အရောင်က ခပ်ညစ်ညစ်၊ နှာခေါင်းကိုင်ကာ တခါညှစ်မယ်- လာလေ့ရော-“ဗျစ်” ညှစ်နဲ့ ဗျစ်ကို ကာရံယူထားပါတယ်။ “ဗျစ်”သံမြည်အောင်၊ ညှစ်သံမမြည်ဘဲ တခြားသံမြည်ရင်လဲ လင်မယားခြင်း စကားများရမှာ သေချာတယ်။ စာပေသစ္စာကိုး…။
နွေရာသီရောက်ပြန်တော့ အညာဒေသဆိုတာ အလွန်ပူပါတယ်။ ဒါကြောင့်အညာအိမ်တွေမှာ အိမ်ရှေ့ကြမ်းပြင်ကျယ်ကျယ်ထုတ်ပြီး ဆောက်လေ့ရှိကြတယ်။ ဒါကို အညာအခေါ်တော့ “ဂျဗြင်” လို့ခေါ်ကြပါတယ်။ နွေရာသီ လသာတဲ့ညအချိန်အခါတွေမှာဆိုရင် အညာကလူတွေဟာ ဂျဗြင်မှာဘဲ မိသားစုတွေ- ညစာစားသောက်ပြီး လေညှင်းခံရင်းအိပ်စက်အနားယူကြပါတယ်။ အောက်ကလဲ ကျူဗျာလေးတွေခင်းလို့ပေါ့…။
ကိုပုတို့ ဇနီးမောင်နှံလဲ ဒီအတိုင်းပါဘဲ၊ အိမ်ရှေ့ဂျဗြင်မှာ ကျူဗျာလေးတချပ်ခင်း၊ တုံးလုံးပက်လက်လှဲကြတယ်။ ဒါပေမယ့် သူတို့ ၂-ဦးက သူများထက်ထူးပါတယ်။ စာပေလင်မယားဆိုတော့ အရာရာမှာ စာစကားလေးနဲ့၊ လင်တော်မောင် ကိုပုက အလုပ်လုပ်ရတာဆိုတော့ ညအနားယူရင် ဇနီးမယားက အနီးအနားမှာ ပြုစုရမှာပေါ့။ မစုက အလိုက်သိပါတယ်။ သီချင်းလေးနဲ့ နင်းပေးရှာတယ်…။
“ရွှေလသာသာ၊ ရွှေလရဲ့ သာသာ၊ ကျူဗျာခင်းပါလို့၊ လူမလာခင် နင်းရအောင်လို့၊ မင်းက အရင်ခံ၊ ပုလေးက အရင်ခံ” အလဲ့ကွယ် သာယာလိုက်တာ။
ကိုပု အညောင်းပြေတော့၊ မစုအလှည့် မစုက ပက်လက်လှန်အိပ်- ကိုပုက တုတ်တစ်ချောင်းထောက်ပြီး မစုကို တက်နင်းပေးရှာတယ်။ ထုံစံအတိုင်း သီချင်းလေးနဲ့ပါဘဲ…။
“ရွှေလသာသာ၊ ရွှေလရဲ့ သာသာ၊ ကျူဗျာမိုးပါလို့ လူမလာခင် ( ) ရအောင်လို့၊ စုလေးက ကောင်းကောင်း ( ) ဟား… ဟား… ဟား …။” သူတို့ဇနီး မောင်နှံရဲ့ ရယ်သံတွေဖုံးသွားလို့၊ စာရေးသူကောင်းကောင်း မကြားလိုက်ရဘူး။ ဒါကြောင့် ကိုပု သီချင်းအဆုံးသတ်လေး မထည့်လိုက်မိတာ ခွင့်လွှတ်ပါ…။
ပျော်စရာကောင်းတဲ့ ချစ်ကမ္ဘာလေး၊ ပျက်စီးချိန်တန်တော့ ပျက်စီးရတယ်။ မှတ်မှတ်ရရ ပဲကြီးဟင်းချိုနဲ့ မန်ကျည်းရွက်သုတ်ချစ်စားတဲ့နေ့လေး၊ ကိုပုရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့လေးပါ။ ပဲကြီးဟင်းစာတော့ လေပွတာထုံးစံအတိုင်း..။
အညာထုံးစံ၊ နွေရာသီမန်ကျည်းရွက်နူပြီဆိုမှဖြင့် အိမ်တိုင်းလိုလို နေ့လည်စာကို ပဲကြီးစေ့ဟင်ချိုချက် မန်ကျည်းရွက်သုတ်ပြီး စားလေ့ရှိကြတယ်။
ကိုပု လေခဏခဏလည်နေတာ ပါးစပ်ကလဲ စာဆိုကိုမပြတ်ဆိုရတယ်။ “အငွေ့က ခပ်ပူပူ၊ ရနံ့ဆိုးတဖန်ကူတော့၊ “အီး” သံက “ဘူ”….။ ထိုင်လျှက်က ဖင်ကြွလိုက်တာနဲ့ အီးသံကဆိုရင် “ဘူ”ခနဲထွက်သွားတော့။ “ကူ” နဲ့ “ဘူ” စာသံ၊ ပေသံကာရံမိတာပေါ့…။
တစ်ချီမှာတော့ ကိုပုလွဲချော်သွားပါပြီ။ “အငွေ့က ခပ်ပူပူ၊ ရနံ့ဆိုးတဖန်ကူတော့၊ အီးသံက ဖင်ကြွလိုက်တာ “ဘူ”လို့ မထွက်ဘဲ “ရွှတ်” ခနဲ အီးက ဆောင့်ထွက်သွာတာ ကြားလိုက်မတဲ့ မစု ဒေါပွလေပြီ…။
“ရှင် စာပေကို သစ္စာဖောက်တယ်…။” ကိုပုကို ရန်တွေ့ပါပြီ။ ကိုပုကလဲ စာပေကို သစ္စာဖောက်တာမဟုတ်ဘူး။ အီးက “ဘူ” လို့မမြည်ဘဲ “ရွှတ်” လို့ ရုတ်တရက် မြည်လိုက်တော့ မတတ်နိုင်တော့ဘူးလို့ ပြန်ဖြေပေမယ့် မစုက မကြေနပ်ပါ၊ “ဒီလောက်တောင်မစပ်တတ်ဘူးလား…။” တကယ်လို့ “အငွေ့က ခပ်ပူပူ၊ ရနံ့ဆိုးတခါလွှတ်၊ အီးသံကရွှတ်” ဆိုရင် ကာရံမကိုက်ပေဘူးလား….”။
“ဘူ” နဲ့ “ရွှတ်”ကြောင့်လင်မယားချင်း အကြီးအကျယ်ရန်ဖြစ်တယ်။ ဘယ်လိုမှ ငှက်ကထကြီးကလဲ ဖြန်ဖျေလို့မရတော့ဘူး။ နောက်ဆုံးမှာတော့၊ သူတို့ဇနီးမောင်နှံ၊ စာပေကိုချိုးဖောက်မိလို့ တစ်မိုးအောက်မှာ တယောက်စီဖြစ်သွားကြတာ အပြစ်ကလဲ ကြီးမားလေတော့၊ အနီးအနားရွာတွေကလဲ အဲ့သြ၊ မိချောတို့ မယ်လှတို့ဆို မျက်ရည်ကျအောင်တောင် ရယ်ကြသတဲ့….။
ကံကောင်းထောက်မလို့ ပြန်ပေါင်းကြပါစေလို့ဘဲ စာရေးသူက ဆုတောင်းပါတယ်။ သူတို့ပြန်ပေါင်းတဲ့အကြောင်း၊ စာရေးသူထံ ဖုန်းဆက်ခဲ့ရင်တော့၊ “မုန့်ပေါင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာဖတ်သူများကို တင်ဆက်ပေးပါဦးမယ်…။
မယုံရင် ပုံပြင်မှတ်ပါ….
မဟာဇော် (မကွေး)
ကြော်ငြာစာ…
ရှေ့အပတ်တွင် တင်ဆက်မည့်၊ မဟာဇော်၏ “ကိုကိုကလဲ ကဲလိုက်တာ” ပုံပြင်အတွက်၊ သရုပ်ဖေါ်ပန်ချီပုံ လိုအပ်ပါ၍ ရေးဆွဲလိုသည့် ပန်းချီပညာရှင်များ မဟာဇော်ထံ မြန်မာပြည်သားစာစောင်မှတဆင့် ဆက်သွယ်ပေးပါရန်…။
“မြန်မာပြည်သား” စာစောင်ကို အားပေးဖတ်ရှုကြတဲ့ စာဖတ်ပရိသတ်ကြီးအား စာရေးသူအနေဖြင့် လစဉ်မပျက် တင်ဆက်ပေးနေကြ “ရာဇ၀င်ထဲက ဟာသများ”ကို ယခုလမှာ ခေတ္တရပ်ဆိုင်း Half time ပေးလိုက်ပြီး “ရင်ထဲထာ ၀ရ၊ အစဉ်အမြဲဟာသ” ဖြစ်နေစေဘို့ ဘရိန်းလိုက်ဘရေရီ(Brain Library) ခေါ် ဦးဏှောက် စာကြည့် တိုက်မှာ အမှန်အကန် တပုံတပင်ရှိနေတဲ့၊ ကြံကြံဖန်ဖန် ပုံပြင်များကို အကျိုးမနည်း၇အောင်၊ တမျိုးပွဲထုတ်ပေးလိုက်ရမှာက…

No comments:
Post a Comment