တစ်ရံရောအခါ ကျေးရွာတစ်ရွာတွင် ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝသော တောသူဌေးတစ်ဦး ရှိလေ၏။ ထိုသူဌေးတွင် ချောမောလှပသည့် သမီးကညာ ခုနှစ်ယောက်ရှိရာ ထိုသူဌေး၏အိမ်တွင်လည်း ကိုကဆုန်၊ ကိုနယုန်ခေါ် ညီအကိုနှစ်ယောက်တို့သည် စာရင်းငှါးအဖြစ် နေကြလေ၏။
တစ်နေ့သ၌ ကိုကဆုန်သည် သူဌေးကြီး၏ သမီးအကြီးကိုလည်းကောင်း၊ ကိုနယုန်သည် သမီးအငယ်ကိုလည်းကောင်း ရလိုကြောင်း သူဌေးကြီးအား ပြောကြားတောင်းပန်လေလျှင် သူဌေးကြီးလည်း ဒေါသအမျက်ချောင်းချောင်းထွက်လျက် `နင်တို့လို
ကျွန်စုတ်တွေနဲ့ ငါ့သမီးများနှင့် မတူမတန်ဘူး´ဟု ပြောဆိုကြိမ်းမောင်းကာ အိမ်မှ နှင်ထုတ်လိုက်လေ၏။
ကိုကဆုန် ကိုနယုန်တို့သည်လည်း သူဌေးကြီးအိမ်မှ ထွက်လာခဲ့ကြရပြီးလျှင် ရွာတစ်ရွာ၌ သွားရောက်၍ မိမိတို့၏ လုံ့လ၀ိရိယ အစွမ်းသတ္တိအားကိုးဖြင့် ကြိုးစားလုပ်ကိုင် စုဆောင်းခဲ့ရာ ကာလအတန်ကြာသော် အလိုက်အထိုက် ချမ်းသာကြွယ်ဝလာကြလေသည်။
ဤအချိန်တွင် သူတို့၏ စာရင်းကိုင်ဖြစ်ဖူးသော သူဌေးကြီးမှာ သေဆုံးသွားသဖြင့် ကျန်ရစ်သော သမီးခုနှစ်ယောက်တို့လည်း ဘာမျှမလုပ်တတ် မကိုင်တတ်ကြဘဲ ရှိသမျှ မိမွေ ဖမွေများကိုသာ သုံးစားနေထိုင်လာခဲ့ကြရာ ၀င်ငွေမရှိ ထွက်ငွေချည်း ဖြစ်နေသဖြင့် ပစ္စည်းသစ္စာများ ကုန်ခန်း၍ ဆင်ရဲနွမ်းပါးကြလေတော့သည်။
တစ်နေ့သောအခါတွင် သူဌေးသမီး ခုနှစ်ယောက်တို့သည် ကိုကဆုန် ကိုနယုန်တို့၏ လယ်ကွက်တွင်းသို့ဆင်း၍ ကောက်ပဲသီးနှံများလိုက်လံရှာဖွေ ကောက်ယူနေကြစဉ် ကိုကဆုန်တို့ ညီအကိုနှစ်ယောက် လာသည်ကိုမြင်လျှင် သူတို့၏ ဘ၀အဖြစ်ကို သိမည်စိုးသဖြင့် ကိုကဆုန်တို့မမြင်အောင် လယ်ကွက်ထဲရှိ ကောက်ရိုးပုံကြီးထဲသို့ ၀င်၍ ပုန်းအောင်နေကြလေ၏။
ကိုကဆုန် ကိုနယုန်တို့ ညီအကိုလည်း လယ်ကွင်းထဲသို့ လျှောက်၍ကြည့်ရှုရာ ကောက်ရိုးပုံကြီးကို မြင်ကြ၍ `ဒီကောက်ရိုးတွေ ဒီနေရာမှာ အလွန်ရှုပ်လှတယ်´ဟု ဆိုပြီးလျှင် မီးရှို့ပစ်ကြလေရာ ကောက်ရိုးပုံအတွင်းရှိ သူဌေးသမီး ခုနှစ်ယောက်တို့သည် မီးလောင်၍ သေကြလေတော့သည်။
ထိုသူဌေးသမီး ခုနှစ်ယောက်တို့သည် သေသည်၏ အခြားမဲ့၌ မိုးကောင်းကင် ၀ဠာထက်ဝယ် ထင်ရှားတောက်ပသည့် ခုနှစ်သွယ်သော ကြတ္တိကာကြယ်ကလေးများ ဖြစ်လာကြလေသည်။
သို့သော် ကိုကဆုန် ကိုနယုန် ညီအစ်ကိုနှစ်ယောက်ကို စိတ်နာလွန်းသဖြင့် ကဆုန်လနှင့် နယုန်လများတွင် မထွက်ပေါ်ဘဲ အခြားသော လများမှာသာ ထွက်ပေါ်လာကြလေသည်ဟူသတည်း။
**လူထု-ဦးလှ***
***မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ***…

No comments:
Post a Comment