ရှေးရှေးအခါက တောရွာတစ်ရွာတွင် မောင်ချောနှင့် မယ်စောတို့ လင်မယားနှစ်ယောက်ရှိကြရာ တစ်ချိန်တွင် သူတို့၏ ရွာနှင့် မနီးမဝေးရွာတစ်ရွာ၌ ရှင်ပြုအလှူအတွက် ဇာတ်တစ်ပွဲ ကပြနေလေသည်။ မောင်ချောသည် အပျင်းပြေ ပွဲကြည့်ရန် အိမ်မှ တစ်ယောက်တည်း ထွက်လာခဲ့ရာ လမ်းခရီးတစ်ဝက်ခန့်အရောက်တွင် ပူအိုက်လာသဖြင့် အဆင့်သင့် ရေကန်တစ်ခုကို တွေ့ရသည်နှင့် ရေဆင်းချိုးသည်။ သို့ချိုးရာတွင် ညအချိန်လည်း ဖြစ်ပြန်၊ ပွဲကြည့်လာခြင်းလည်း ဖြစ်ပြန် ပုဆိုးအပိုလည်း
မပါသဖြင့် ကန်ဘောင်ရိုးပေါ်တွင် ပုဆိုး အင်္ကျီများကို ချွတ်ပုံပြီး ရေလဲအ၀တ်မပါဘဲ ရေကန်တွင်းသို့ ရေဆင်းချိုးရာ တဖြည်းဖြည်း ရေကန်၏ အခြားကမ်းတစ်ဖက်သို့ ရောက်သွားပြီး ထိုဘက် ကန်ဘောင်ရိုးပေါ်သို့တတ်ကာ ပွဲရှိရာသို့ ဆက်လက်၍ သွားလေသည်။ ပွဲခင်းရောက်သောအခါ ဇာတ်စင်ထောင့်တစ်ခုသို့ သွားရာ ထိုဇာတ်စင်ထောင့်တွင် စုရုံးပြီး ပွဲကြည့်နေကြသော ကာလသားများက သူ့ကိုမြင်သဖြင့် ကျယ်လောင်စွာ ၀ိုင်းရယ်ကြလေသည်။
မောင်ချောက `အင်း ဒီဘက်ကလူတွေ ပွဲကြည့်တာ ကောင်းကောင်းမကြည့်ကြဘူး၊ ဣနြေ္ဒအလွန်မဲ့တဲ့ လူနောက် လူပြောင်တွေပဲ၊ သူတို့နဲ့ အတူကြည့်လို့တော့မဖြစ်ဘူး´ဟု ဆိုကာ အခြားဘက်ထောင့်သို့ ရွှေ့ပြောင်းကြည်ပြန်၏။ ထိုထောင့်၌ရှိသော ကာလသားများကလည်း သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ၀ိုင်းရယ်ကြပြန်လေသည်။ ထိုအခါ မောင်ချောက `အင်း ဒီနေ့ည ဒီပွဲဟာ ဒါလောက် လူနောက် လူပြောင်တွေများရင်တော့ ချောချောမောမော ကပြရမှာမဟုတ်ဘူး။ ဧကန္တ မကြာခင် ဆူပြီး ပွဲပျက်လိမ့်မည်´ဟု ထင်ပြီး အိမ်ပြန်လာသည်။ အိမ်အ၀င်တွင် ခွေးများက ၀ိုင်းဟောင်ကြသဖြင့် ခဲများ တုတ်များဖြင့် ခြောက်လှန့်၍ အိမ်ပေါ်တက်ပြီးလျှင် မယ်စောကို လှမ်းခေါ်လျက် အခန်းတံခါးကို အဖွင့်ခိုင်းသည်။ မယ်စောလည်း အိပ်ရာမှထကာ လက်တစ်ဖက်ဖြင့် မီးခွက်ကို မြှောက်ကိုင်လျက် အခြားတစ်ဘက်ဖြင့် တံခါးကိုအဖွင့် မောင်ချောကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဟက်ဟက်ပက်ပက် ရယ်လိုက်မိလေတော့သည်။ မောင်ချောက ပွဲတုန်းကလည်း ငါ့ကို ၀ိုင်းရယ်ကြတယ်။ အိမ်အ၀င်မှာ ခွေးတွေက ၀ိုင်းဟောင်တယ်။ အိမ်ပေါ်ရောက်တော့ ငါ့မိန်းမက ရယ်တယ်။ ပွဲကလူတွေရယ်တာ၊ ခွေးတွေဟောင်တာကတော့ ထားပါတော့။ ငါ့မိန်းမကများ ငါ့ကို ပြောင်သလို လှောင်သလို ရယ်ရမလားဆိုပြီး ဟုန်းခနဲ ဒေါသဖြစ်ကာ မယ်စောကို တအားရိုက်ရန် ပုဆိုးဆွဲပြီး ခါးတောင်းကျိုက်လိုက်မှ ပုဆိုးမပါမှန်း သိရလေသတည်း။
***လူထု-ဦးလှ**
***မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ…***

No comments:
Post a Comment