(ကဘူး၊ သြဂုတ်လ ၂၂-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ-ဟာမစ်ကာဇိုင်းနှင့် ထိပ်တန်းစိန်ခေါ်သူ- အဗ္ဗဒူလာ အဗ္ဗဒူလာ တို့နှစ်ဦးစလုံးက အာဖဂန်သမ္မတ ရွေးချယ်ပွဲတွင် အနိုင်ရသူများအဖြစ် ၄င်းတို့နှစ်ဦးစလုံးက သြဂုတ်လ ၂၁-ရက်နေ့မှာ ပြောကြားကြသည်။ နောင်လာမည့် ၅-နှစ်တာကာလတွင် ဒုက္ခသည်နိုင်ငံကို မည်သူဦးဆောင်မည်နည်းဟု အာဖဂန်ပြည်သူများ၊ နိုင်ငံခြားတပ်ဖွဲ့များ
အကူအညီပေးရေးအဖွဲ့များက စောင့်ကြည့်နေကြစဉ် သြဂုတ်လ ၁၈-ရက်နေ့ မတိုင်မီအထိ မဲအရေအတွက် ရလာဒ်တစ်ပိုင်း တစ်စကိုမျှကြေညာခြင်း မရှိချေ။ ကာဇိုင်းနှင့် အဗ္ဗဒူလာတို့၏ စောစီးစွာ အနိုင်ရသူအဖြစ် ကြေညာနေခြင်းသည် မျှော်လင့်ချက်စားပွဲတွင် အနိုင်ရရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ လွတ်လပ်သောရွေးချယ်ပွဲကော်မရှင်က `မည်သူအနိုင်ရရှိသည်ကို ကြေညာရန် အလွန်စောလွန်းသည်´ဟု ရွေးချယ်ပွဲတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ (အင်တာနက်)
*** လက်တင် အမေရိက နှင့် ကာရေဘီယံဒေသတွင် စီးပွားရေးအခြေအနေပြန်လည်ကောင်းမွန်စပြုလာ…
(မက္ကဆီကိုစီးတီး၊ သြဂုတ်လ ၂၂-ရက်)
လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် စီးပွားရေးကျဆင်းနေရာမှ ၂၀၀၉-ခုနှစ်၊ ဒုတိယသုံးလပတ်တွင် အခြေအနေပြန်လည်ဦးမော့လာပြီး (၂၀၁၀)ပြည့်နှစ်တွင် စီးပွားရေးအရှိန်ရလာနိုင်ကြောင်း လက်တင်အမေရိက နှင့် ကာရေဘီယံဒေသ စီးပွားရေးကော်မရှင် (ECLAC)က သြဂုတ်လ ၂၀-ရက်နေ့၌ ပြောကြားသည်။ မူလက အဆိုပါဒေသ၏ စီးပွားရေးအခြေအနေသည် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက်ကြောင့် ၂၀၀၉-ခုနှစ်၌ (၁.၉%) ကျုံ့ဝင်သွားစရာရှိကြောင်း ကြိုတင်ခန့်မှန်းထားသည်ဟု ELCAC အဖွဲ့၏ ဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး- အော့စ်ဗာဒိုလ်ကာဆစ်ဖ်က ပြောကြားသည်။ (ဆင်ဟွာ)
*** ချီလီနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း၊ လူ ၅၀၀-အိုးမဲ့အိမ်မဲ့ဖြစ်…
(ဆန်တီယာဂို၊ သြဂုတ်လ ၂၂-ရက်)
တောင်အမေရိကတိုက်၊ ချီလီနိုင်ငံအလယ်ပိုင်း ဆန်တီယာဂိုမြို့တော်၏ ဆင်ခြေဖုံးဒေသတွင် သြဂုတ်လ ၁၈-ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူ ၅၀၀-ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီး အိမ် ၁၂၄-လုံး လည်းပျက်စီးသွားကြောင်း အရေးပေါ်အခြေအနေကြေညာရေးဌာနမှ သြဂုတ်လ ၁၉-ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ ဒေသတွင် ရေကြီးမှုကြောင့် အိမ်များနစ်မြုပ်ခြင်း၊ အိမ်ခေါင်မိုးများပြိုကျခြင်းနှင့် မြေအောက်လမ်းများ ပျက်စီးခြင်းနှင့် ကြုံတွေ့ရသည်။ ပျက်စီးမှုဒဏ်အများဆုံးခံရသော ဒေသများမှာ လန်ပါ၊ ဘာဒန်ပေါ်ပါဆီယိုနှင့် ရန်ဂွီးတို့ဖြစ်ကြောင်း၊ ယင်းဒေသများသည် တောင်တန်းဒေသများဖြစ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်း၊ `ဗယ်လ်ပါရီဆို´နယ်စပ်လမ်းကိုလည်း ရာသီဥတုဆိုးရွားနေ၍ ပိတ်ထားရကြောင်း သိရသည်။ (ဆင်ဟွာ)
*** နယ်သာလန်နိုင်ငံမှ မီးဘေး၊ ကလေး ၄-ဦးသေဆုံး…
(ဘရပ်ဆဲလ်-ဘယ်လ်ဂျီယံ၊ သြဂုတ်လ ၂၂-ရက်)
နယ်သာလန်နိုင်ငံ၊ ဒတ်ခ်ျမြို့တွင် သြဂုတ်လ ၁၉-ရက်နေ့ နံနက်ပိုင်းက အိမ်တစ်လုံးမီးလောင်မှုကြောင့် မိသားစုတစ်စုမှ ကလေး ၄-ဦးသေဆုံးခဲ့ကြောင်း၊ နယ်သာလန်နိုင်ငံပိုင် ရေဒီယိုက ဖော်ပြသည်။ အဆိုပါ ၁-နှစ်၊ ၄-နှစ်၊ ၆-နှစ်နှင့် ၈-နှစ်အရွယ် ကလေး ၄-ဦးတို့သည် ကမ်ပင်မြို့ရှိ ထပ်ခိုးအိမ်ခန်းအတွင်း အိပ်ပျော်နေစဉ် မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ မိခင်နှင့် အကို၊ အမ ၁၀-ဦးတို့မှာ လွတ်မြောက်ခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ဖခင်ဖြစ်သူ ကုန်တင်ရေယာဉ်မာ လိမ်မှူးမှာ ဂျာမနီနိုင်ငံတွင် ရောက်ရှိနေလေသည်။ (ဆင်ဟွာ)
*** သမ္မတ ကာဇိုင်းနှင့် ယှဉ်ပြိုင်သူ အဗ္ဗဒူးလာတို့နှစ်ဦးစလုံးက အနိုင်ရသူများ ဖြစ်ကြောင်း ပြောကြားကြ…

No comments:
Post a Comment