(မော်စကို၊ သြဂုတ်လ ၂၁-ရက်)
နိုင်ငံတကာ အာကာသခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုသည် ဆိုဗီယက်ခေတ်ပုံစံ အာကာသယာဉ် ဒီဇိုင်းအပေါ် ပြုသော အာကာသယာဉ်များကို အသုံးပြုကာ (၂၀၁၃)ခုနှစ်မှစပြီး အာကာသခရီးသည်များအား ပို့ဆောင်ပေး မည်ဖြစ်ကြောင်း ယနေ့အင်တာနက်သတင်းမှာ ဖော်ပြသည်။ အာကာသသို့ ရက်သတ္တတစ်ပတ်ကြာ အပန်းဖြေ ခရီးသွားရောက်လိုသူများအတွက် အခကြေးငွေရယူကာ ၀န်ဆောင်ပေးသည့် ကုမ္ပဏီမှာ `အိပ်စကယ်လီဘာ အယ်လ်မက်´အမည်ရှိ ကုမ္ပဏီဖြစ်ပြီး အိုင်ယာလန်ပင်လယ်ရှိ မန်းကျွန်း၌အခြေစိုက်သည်။ မန်းကျွန်းသည် ယူနိုက်တက်ကင်းဒမ်း(ယူကေ)နှင့် အိုင်ယာလန်နိုင်ငံအကြားတွင် တည်ရှိသည်။
အိပ်စကယ်လီဘာအယ်လ်မက် ကုမ္ပဏီသည် အကြိမ်ကြိမ်အသုံးပြုနိုင်သော အာကာသယာဉ်များဖြင့် အာကာသခရီးသည်များကို ပို့ဆောင်ပေးမည်ဖြစ်သည်။ အကြိမ်ကြိမ်အသုံးပြုနိုင်သော အာကာသယာဉ်များသည် ဆိုဗီယက်ခေတ်က အယ်လ်မက်၏ အာကာသစီမံကိန်းအတွက် ဒီဇိုင်းပုံစုံထုတ်ခဲ့သော အာကာသယာဉ်အမျိုးအစားတွင် ပါဝင်သည်။ မဝေးကွာတော့သောအနာဂတ်တွင် အာကာသသို့ အပျော်ခရီးထွက်သည့် ခရီးစဉ်များအတွက် မိမိတို့ဝန်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း အိပ်စကယ်လ်ဘီဘာ ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ် ရုရှားဝါရင့် အာကာသယာဉ်မှူးဟောင်း ဗလာဒီမီယာတီးတော့က ပြောကြားသည်။ ယခု လောလောဆယ်တွင် အာကာသသို့ အပန်းဖြေခရီးထွက်လိုသူများသည် ရုရှား `ဆိုယုဇ်´အာကာသယာဉ်နှင့်အတူ နိုင်ငံတကာ အာကာသစခန်းယာဉ်သို့ လိုက်ပါနိုင်သည်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အခြေစိုက်စပေ့စ်အက်ဒ်ဗန်ချာ(space adventures) ကုမ္ပဏီနှင့် ရုရှားအာကာသအေဂျင်စီတို့၏ ပူးတွဲစီစဉ်မှုဖြင့် အာကာသသို့ လိုက်ပါလိုသော ခရီးသည်များသည် တစ်ဦးလျှင် (ဒေါ်လာသန်း ၃၀)ကျခံရမည်ဖြစ်သည်။ (အင်တာနက်) ဘာသာပြန်-စံစံ
*** စပိန်နိုင်ငံတွင် တောမီးများလောင်ကျွမ်းလျက်ရှိ…
(မက်ဒရစ်၊ သြဂုတ်လ ၂၀-ရက်)
ပူးပြင်းခြောက်သွေ့သော နွေရာသီသို့ ကျရောက်နေပြီဖြစ်သော စပိန်နိုင်ငံတွင် တောမီးများသည် ကျေးလက်ဒေသတောပိုင်းများတွင် ကူးစက်လောင်ကျွမ်းလျက်ရှိကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ စပိန်နိုင်ငံ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောများ ပြုန်းတီးမှုကာကွယ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဂျို့စ်အန်တိုနီယို ဂွန်ဇာလက်ဇ်က ယခုနှစ် နွေရာသီတွင် သစ်တောဟက်တာ(၈၄၀၀၀)သည် တောမီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပြောကြားသည်။ တောမီးများ လောင်ကျွမ်းမှုသည် သြဂုတ်လ ၉-ရက်နေ့အထိ သစ်တော ၂၅-ခု၌ လောက်ကျွမ်းပြီး သစ်တောဟက်တာ(၅၀၀)ကျော် မီးလောင်ခံခဲ့ရကြောင်း ဂွန်ဇာလက်ဇ်က ပြောကြားသည်။ (ဆင်ဟွာ)
*** မက္ကဆီကိုနိုင်ငံ တောင်ပိုင်းတွင် မိုးကြိုးပစ်၊ မိန်းကလေး ၂-ဦးသေ၊ ၄-ဦးဒဏ်ရာရ…
(တပ်စ်တလာဂူတီရာရက်ဇ်၊ သြဂုတ်လ ၂၁-ရက်)
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ၊ ဘာသာရေးဆိုင်ရာဌာန၏ အပြင်ဘက်တွင် မိုးကြိုးပစ်ချရာ မိန်းကလေး နှစ်ဦးသေဆုံးပြီး အခြားကလေးငယ် လေးဦးလည်းဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာများမှာ ပြင်းထန်ကြောင်း သက်ဆိုင်ရာမှ ပြောကြားသည်။ မိုးကြိုးထိမှန်၍ သေဆုံးသွားသော မိန်းကလေးနှစ်ဦးမှာ အသက် ၁၄-နှစ်နှင့် ၁၂-နှစ်အရွယ်များဖြစ်ကြသည်။ ၄င်းတို့သည် တပ်စ်တလာဂူတီရာရက်ဇ်မြို့ရှိ ဘောလုံးကွင်းထဲတွင် ရှိနေကြစဉ် မိုးကြိုးပစ်ချခြင်းခံကြရကြောင်း ချီယာပတ်စ်ပြည်နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ (အင်တာနက်)
*** ၂၀၁၁-ခုနှစ်တွင် ပါကစ္စတန်က ပထမဆုံး ဂြိုလ်တုလွှတ်တင်မည်…
ပါကစ္စတန်နိုင်ငံက ဓါတ်သတ္ထုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ရာသီဥတုအခြေအနေများ စောင့်ကြည့်လေ့လာရန်အတွက် (၂၀၁၁)ခုနှစ် ဧပြီလ၌ ပထမဆုံးဂြိုလ်တုကို အာကာသအတွင်း လွှတ်တင်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၈-ရက်နေ့မှာ ပြည်တွင်းသတင်းများက ဖော်ပြသည်။ (အင်တာနက်)
*** ဆိုဗီယက်ခေတ်ပုံစံ အာကာသယာဉ်များဖြင့် အာကာသခရီးသွား လုပ်ငန်းလုပ်ကိုင်မည်…

No comments:
Post a Comment