ရှေးအခါက မြစ်ကမ်းနားရှိ ရွာတစ်ရွာတွင် ဦးလှကြီးဆိုသော လူတစ်ယောက် ရှိလေသည်။ ၄င်းဦးလှကြီးသည် မည်သည့်အလုပ်ကိုမဆို အစအဆုံး ပြီးစီးအောင် လုပ်သည်ဟူ၍ မရှိပေ။
ထို့ကြောင့် ရွာသူရွာသားများက ဦးလှကြီးအား `ပျင်းလည်းပျင်း၊ ဖျင်းလည်းဖျင်းရဲ့´ဟူ၍ ကဲ့ရဲ့ကြလေသည်။ ဦးလှကြီးမှာ ရွာသူရွာသားများ ဤသို့ ပြောကြသည်ကို မခံချင်သောကြောင့် တောမှ သစ်တုံးတစ်တုံးကိုယူ ခဲ့ကာ လှေတွင်အသုံးပြုရန် လှေပဲ့သည့် တက်မကြီးတစ်ခု ခုတ်မည်ဟု ကြံဆပြီး ဓါးဖြင့် တဖြည်းဖြည်း သစ်တုံး ကို ရွေလေသည်။

ရွာသူရွာသားများကလည်း ဦးလှကြီး ပဲ့တက်ခုတ်သည်ကို လာရောက်ကြည့်ကြလေ၏။ ဦးလှကြီးမှာ အလုပ်တစ်ခု ပြီးစီးအောင်လုပ်ကြောင်း ပြလို၍ အလျင်စလို ဓါးဖြင့် သစ်တုံးကိုရွေရာ ဓါးစာများများသွားပြီး သစ်တုံးမှာ သေးသွားတော့သဖြင့် အင်း- ငါ့ဟာ တက်မတော့ခုတ်ဖြစ်မှာ မဟုတ်တော့ဘူး၊ လှော်တက်ပဲခုတ်မှဟု စိတ်ကူးပေါက်ပြီး `လှော်တက် ခပ်ချောချောကလေး ဖြစ်ရစေ့မဟေ့´ဟု ဆိုကာ ဂရုစိုက် ခုတ်ပြန်ပါလည်း လှော်တက်ဖြစ်မလာဘဲ နောက်ဆုံးတွင် ဟိုတိ ဒီဖြတ်နှင့် တစ်တောင်ခန့်သာ ကျန်ပြီး ထမင်းအိုးမွှေရန် ယောက်မကလေးမျှ ကျန်တော့လေ၏။ ၄င်းထမင်းအိုးမွှေ ယောက်မကလေးမှာလည်း ဦးလှကြီးစိတ်တိုင်းကျ ချောချောမွေ့မွေ့ မဟုတ်သေးသောကြောင့် ကောင်းသည်ထက်ကောင်းစေရန် ဓားဖြင့် တဖြည်းဖြည်း အချောသတ်ခုတ်ရာ ယောက်မပုံသဏ္ဍာန်ပါ ပျောက်သွားပြီး အရှည်တစ်ထွာ အထူကျပ်ပြားခန့် မျဉ်းတံလည်း မဟုတ်သော အရာတစ်ခုသာဖြစ်သွားတော့လေသည်။ ဦးလှကြီးမှာ ရွာသူရွာသားများရှေ့တွင် ရှက်ရှက်နှင့် ဘာမှလုပ်မဖြစ်သည့် သစ်သားပြားကလေးကို စိတ်ဆိုးမာန်ဆိုးနှင့် ကောက်ပြီး လွှင့်ပစ်လိုက်ရာ သစ်သားပြားလေးမှာ လေဟုန်စီး၍ ၀ှီးဟီးဟီးဟူသော အသံမြည်ဟီးလျက် အခြားတစ်နေရာတွင် `ဖတ်´ခနဲ ကျသွားလေတော့သည်။
ဤတွင် ဦးလှကြီးသည် ရွာသူရွာသားများအား အာကျမခံသော စိတ်ဖြင့် `အမလေး ငါ့ဟာက အဟုတ်ကြီး၊ အပြီးသတ်တော့ ၀ှီးဟီးဟီး ဖတ်ဖြစ်သေးရဲ့´ဟု ဆိုလိုက်လေ၏။
ထို့ကြောင့် အလုပ်တစ်ခုလျှင် `ဦးလှကြီး တက်မခုတ်သလို အပြီးမသတ်ကြနဲ့´ဟု ရှေးသူဟောင်းတို့ ပြောစမှတ် ရှိခဲ့ကြလေသည်။
***လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment