ကျောင်းဒါယကာကြီးနှင့် ဖိုးသူတော်တို့ ဆုံမိလျှင် ဒီအကြောင်းကို ဆွေးနွေးမိကြသည်။ ဆွေးနွေးမိလျှင် ငြင်းခုံကြတော့သည်။ ဤအကြောင်းကား `စာရှိတိုင်း ဟုတ်၊ မဟုတ်´ပေတည်း။
ယနေ့လည်း ဤအကြောင်းကို ဦးသူတော် ရှောင်ကွင်းပါလျက်က ကျောင်းဒါယကာသည် အတင်းဆွဲခေါ်လာ၏။
`ဦးသူတော်ကို ကျောင်းနား၊ ဘုရားနား နီးတဲ့သူဆိုပြီး ကျုပ်က လျှော့ပေးလာတာများပြီ၊ ကနေ့တော့ မလျှော့နိုင်ဘူး´
`ဘာများပါလိမ့် ကျောင်းဒကာရယ်´
ဦးသူတော်မှာ ဆရာတော်၏ မျက်နှာရိပ် မျက်နှာကဲကိုလည်း ကြည့်ရသေး၏။ သူနှင့် ကျောင်းဒါယကာတို့၏ စကားဝိုင်းမှာ ကွယ်ရာ ထောင့်ရာ၌မဟုတ်။ ဆရာတော် မြင်လောက်ကြားလောက်သည့်နေရာ၌ ဖြစ်သည်။
ဦးသူတော်က ဆရာတော်၏ အရိပ်အကဲကို ကြည့်ရခြင်းမှာ စကားတစ်ခွန်း ရှိခဲ့ဖူး၍ဖြစ်သည်။ ဆရာတော်က
`ဟဲ့ ဖော်သူဒိုး၊ တစ်ခါတုန်းက ကျောင်းအောက်မှာ ကျောင်းသားနှစ်ယောက် အငြင်းအခုံ ဖြစ်ကြသတဲ့၊ တစ်ယောက်က သာသနာ ငါးထောင်သာရှိတယ်ပြောပြီး ကျန်တစ်ယောက်က မဟုတ်ဘူး။ ခြောက်ထောင်ရှိတယ်လို့ ငြင်းကြသတဲ့။´ `လက်သီးလက်မောင်းတန်းပြီး အော်ကြီးဟစ်ကျယ် ငြင်းရာက ရိုက်မောင်းပုတ်မောင်း ဖြစ်လာကြချိန်မှာ ဆရာတော်က သာသနာ ငါးထောင်သမားကို ခေါ်ပြီး ရိုက်သတဲ့။´
`သာသာန ငါးထောင်သမားက မှန်ပါလျက်နှင့် ဘောက်မဲ့ကြောင့် ရိုက်ရသတုန်း မေးစရာရှိတယ်။ ဆရာတော်က ရိုက်အပြီးမှာ မိန့်တော်မူတဲ့စကားကို ကြည့်၊ ဆရာတော် မိန့်တော်မူတာက သာသနာတော် ငါးထောင်ဆိုတာ လူတိုင်းသိတယ်။ ဒီလောက် လွယ်တဲ့ကိစ္စကို မသိတဲ့ကောင်နှင့် အဖက်လုပ်ပြီး မိုက်မဲရသလားတဲ့။ ဒါပဲ ဖော်သူဒိုး၊ ကျောင်းဒကာနှင့် ပြိုင်ပြီး ငြင်းမနေနှင့်´ဟု မိန့်တော်မူခဲ့ဖူးသဖြင့် ဖြစ်ပေသည်။
ပစ္စည်းရှိသည်မှလွဲ၍ လေးစားလောက်သော ဗဟုသုတရှိသူမဟုတ်ဟု ဆိုလိုဟန်ရှိ၏။ သို့သော် ကျောင်းဒါယကာက ဦးသူတော် ရုန်းမထွက်နိုင်အောင် လုပ်၏။
`ဦးသူတော် စဉ်းစားကြည့်စမ်း အသေ၀နာစ ဗာလာနံတဲ့၊ လူမိုက်လူယုတ်ကို မပေါင်းရဘူးတဲ့၊ မှန်သလား မှားသလား´
`မှန်ပါတယ်´
`မှန်မှာပေါ့ဗျာ၊ ပရပိုဒ်နှင့် အမည်းပေါ်မှာ အဖြူတင်ပြီး စာနှင့်ရေးထားတာကိုးဗျ´
ဦးသူတော် မငြင်းလိုပေမယ့် ပြောရပေပြီ။
`ကျုပ်ပြောတာက စာနှင့် ရေးထားတာတွေထဲမှာ မှန်တာလည်းပါ၊ မှားတာလည်း ပါတတ်တဲ့အတွက် မျက်စိမှိတ်ပြီး မယုံသင့်ဘူး ပြောတာပါဗျာ´
`ဒါဖြင့် ပြလေ၊ ဘယ်မှာ မမှန်တဲ့စာရှိသတုန်း၊ စာနှင့် ပေနှင့် ရေးထားမှတော့ မှန်ကိုမှန်ရမယ်´
ဦးသူတော် စဉ်းစား၏။ ပေါက်တတ်ကရ ဘရွတ်ရွှတ်တ စာများသည် လိုချင်ကာမှ မထွက်။ စဉ်းစား၍ မပေါ်။
`မရှိပါဘူး ဦးသူတော်ရာ၊ စာနှင့်ရေးထားရင် ဟုတ်ကို ဟုတ်ပါတယ်´
ကျောင်းဒါယကာသည် အနိုင်ဖြင့်ပိုင်းပြီး ဆရာတော့်အား ဦးချကာ ထွက်ခွာသွားလေတော့၏။
`ကြောက်လျှင်လွဲ၊ ရဲလျှင် မင်းဖြစ်´
`ကြောက်တတ် ၀န်ကင်း´
တစ်ခုနှင့် တစ်ခု ဆန့်ကျင်နေသောကြောင့် ဘယ်ဟာကို အမှန်ဟုယူရမည် မသိသော စကားများက ကျောင်းဒါယကာပြန်သွားမှ မှတ်ဥာဏ်ထဲမှာ ပေါ်လာသည်။
`နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြပေါ့ကွာ´
ဦးသူတော်သည် ကြုံးဝါးရင်းက ကျောင်းဒါယကာ၏ အစွဲကို မည်သို့ချွတ်ရပါမည်နည်း စဉ်းစားသည်။ အတန်ကြာလျှင် ၀မ်းသာအားရ ထပြီး ခါးပန်း၌ စာရေးထားလိုက်လေ၏။
နောက်တစ်နေ့ နံနက်တွင် ထုံးစံအတိုင်း ကျောင်းဒါယကာရောက်လာသည်။ မြတ်စွာဘုရားနှင့် သံဃာတော်များအား ကန်တော့ပြီးနောက် ရေနွေးပွဲဘေးတွင် မိန့်မိန့်ကြီးထိုင်သည်။
`ဦးသာ စိန်ပန်း ဒန်းလှကိုရှာ၊ အိမ်ထောင်ဖက် အသက်တစ်ရာတဲ့ ဦးသူတော်ရဲ့၊ တနင်္ဂနွေနှင့် သောကြာ အိမ်ထောင်ပြုရင် အသက်တစ်ရာနေတယ်လို့ ရေးထားသဗျ´
`ကံ ကံ၏ အကျိုးကို ဘယ်သွားထားမတုန်း ကျောင်းဒကာရဲ့၊ စာရှိတိုင်း မဟုတ်နိုင်ပါဘူး။ အသက်သုံးလေးဆယ်နှင့် ကွယ်လွန်သူတွေ အများကြီးပါ´
ကျောင်းဒါယကာက နဖူးကြောထောင်သွားကာ
`နေ့နံ မမှန်လို့ဖြစ်မှာပါ ဦးသူတော်ရာ၊ စာနှင့်ရေးထားမှတော့ မလွဲပါဘူး၊ ဟုတ်လို့ မှန်လို့ ရေးထားတာပါ´ဟု ချေပ၏။
`စာဆိုတာ ရေးရင်ရပါသဗျာ။ စာရှိတိုင်း မှန်ရမယ်ဆိုတဲ့ စကားဟာ ခြွင်းချက်တော့ ရှိသင့်သဗျ´
ဦးသူတော်၏ ပြုံးစေ့စေ့ မျက်နှာထားကို သတိမမူမိသဖြင့် ကျောင်းဒါယကာသည် သူ့ဝသီအတိုင်း မျက်စိမှိတ်ပြီး ငြင်း၏။
`စာဆိုတာ ဟုတ်လို့ရေးတာ၊ မဟုတ်ဘဲနှင့် မရေးဘူး၊ ဦးသူတော် ရမ်းပြီးမငြင်းနှင့်လေ´
`ဒါဖြင့် ဟောဒီခါးပန်းက စာတန်းကို ဖတ်ကြည့်ပါဗျာ´
`ဘယ်မတုံး ဘယ်မတုံး´မေးရာက ကျောင်းဒါယကာသည် ဦးသူတော် ညွှန်ပြသော ကျောင်းခါးပန်းကို အငမ်းမရ ငုံ့ကြည့်၏။
`ကျောင်းဒါယကာသမီး ရွှေခြေကျင်းကြီးနှင့်၊ ကြီးရင် ငါ့ဖို့၊ တခြား ဘယ်သူမှ မယူရ၊ ပုံ သာဂိ´
သေသေသပ်သပ် ထုံးဖြင့် ရေးထားသော စာတန်းကို အော်ကြီးဟစ်ကျယ် ဖတ်၍အဆုံးတွင် ကျောင်းဒါယကာမှာ `ဟင်´ခနဲဖြစ်သွား၏။ အမွှန်ကို အခွပ်ခံရသော ကြက်ကြီးလိုဖြစ်သွားပြီးမှ ကပျာကယာ အော်၏။
`ဒါ ဒါ ဘယ်က ပေါက်လွတ်ပဲစားတွေ ရေးထားမှန်းမှ မသိတာ၊ စာလေစာလွင့် စာပျက်စာယုတ်´
ကျောင်းဒါယကာသည် ဦးသူတော်အား ပြန်လည်ချေပ မနေတော့ပေ။ ရေစိုအ၀တ်ရှာကာ ကျောင်းခါးပန်းကို ဒေါသတကြီး ပွတ်တိုက်ပစ်နေသည်။ ကျောင်းသားများနှင့် ကပ္ပိယများမှာ ခပ်လှမ်းလှမ်းသို့ ပြေးသွားကာ အော်ဟစ်ရယ်မောနေကြလေ၏။
ကျောင်းဒါယကာကြီးမှာ နောက်တစ်နေ့မှ စတင်ပြီး `စာရှိလျှင် ဟုတ်၏´ဟူသော အယူအစွဲမှာ ကျွတ်သွားလေသတည်း။
***မင်္ဂလာဈင်အောင်***
***(ဟာသပုံပြင်များ)**

No comments:
Post a Comment