`ရှက်လိုက်တာ ရာဂျူးရာ၊ ငါ့မျက်နှာ ဓားနဲ့ တောင်လှီးလိုက်ချင်တယ်´ဟု ဗိုလ်နေ၀င်းက သူရဲ့ စားတော်ကဲ ကုလားကြီး ရာဂျူးကို ပြောခဲ့သော ဒီစကားလေးရဲ့ ဇာတ်လမ်းအစက ဒီလိုပါ…။
မှတ်မှတ်ရရ ၁၉၈၄-ခုနှစ် ဆောင်းရာသီ အခါ သမယ စာရေးသူ လကိုတော့ မမှတ်မိတော့ပါ။ ဆောင်းရာသီကဖြင့် သေချာပါသည်။ အင်္ဂလန်ပြည့်ရှင် `ဆဌမမြောက် အယ်လီဇဘက် ဘုရင်မကြီး၏ သမီးတော် အန်းမင်းသမီးမှာ နောက်ပါခြွေရံများစွာဖြင့်၊
မြန်မာပြည်သို့အလည်အပတ် ရောက်ရှိလာပါ၏။ ဗိုလ်နေ၀င်း မှာ ဗြိတိန် နိုင်ငံသို့တနှစ်တခါ ဆေးကုသွားရသဖြင့် အင်္ဂလိပ်များကို မျက်နှာလုပ်လို၍ မင်းသမီးကို အလည်အပတ်ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။
မင်းသမီး၏ အထူးလေယာဉ်ပျံကြီး မင်္ဂလာဒုံလေဆိပ်သို့ ဆိုက်ရောက်လာပါပြီ။ ရုဏ်ပြုတပ်ဖွဲ့များအဆင်သင့်၊ မှိုင်းလုံးကော်ဇောကြီးမှာလည်း လေယာဉ်လှေခါးအဆင်းမှသည် VIP (အရေးကြီးပုဂ္ဂိုလ်) ဧည့်ခံဆောင်အ၀င်ဝထိ ခမ်းနားထည်ဝါလှပါပေ၏။
စစ်ရေးချုပ် ဗိုလ်ချုပ် တောင်ဇာခိုင် အချက်ပေးလိုက်သည်နှင့် ဂုဏ်ပြုတပ်ဖွဲ့က ကောင်းကင်ယံသို့ အမြောက် နှစ်ဆယ့်တစ်ချက် ပစ်ဖောက်၍ မင်းသမီးကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
ဗိုလ်နေ၀င်း အလွန် ပီတိဖြစ်နေပါ၏။ ပါးစပ်ကြီးကို အားကုန်ဖြဲ၍ အာပြဲခြောက် အပြုံးဖြင့် မင်းသမီး၏ လက်ဆွဲနူတ်ဆက်ခြင်းကို ခံယူရန် ငံ့လင့်နေပါ၏။ သူ့လက်ကိုပြောင်စင်အောင် ဆေးခဲ့ရုံမက- ချွေးနှင့် လက်ဆီထွက်ခြင်းကိုလည်း ကာကွယ်စေရန် ပါလာသော `ဟန်းကချိ´ဖြင့် (လက်ကိုင်ပုဝါကို ဗိုလ်လိုမှုတ်ထားတာပါ)မကြာ မကြာ သုတ်ပေးနေ၏။
ဗိုလ်နေ၀င်း ရှေ့တည့်တည့် မင်းသမီးရောက်လာပါပြီ၊။ဗိုလ်နေ၀င်းက ညာလက်ကို ကမ်းပေး၏။ သို့သော် ရုတ်တရက် အံ့သြစရာ အဖြစ်တခုကိုတွေ့လိုက်ရပါ၏။ မင်းသမီးအနီးသို့ ရုတ်တရက် တော်ဝင်မိသားစုထဲမှ အမျိုးသမီး(အင်္ဂလိပ်မ)တဦးလာပြီး မင်းသမီးလက်နှစ်ဖက်စလုံးကို လက်အိတ်အဖြူတစ်စုံ စွပ်ပေးလိုက်ပါသည်။ လက်အိတ်စွပ်သောလက်ဖြင့် အန်းမင်းသမီးမှာ ဗိုလ်နေ၀င်းနှင့် စစ်ခေါင်းဆောင်များကို၊ လှိုက်လှိုက် လှဲလှဲ လက်ဆွဲနူတ်ဆက်၊ အားရပါးရ စကားတွေပြောခဲ့ပါသော်လည်း ဗိုလ်နေ၀င်း၊ စိတ်ထဲမှာဖြင့် `ဖွတ်မိကျောင်းဖြစ်၊ မြစ်မချမ်းသာ´ဆိုသကဲ့သို့ အလွန်အရှက်ရသွားပုံ ပေါ်ပါ၏။
ဧည့်ရိပ်သာသို့ မင်းသမီးနှင့်အဖွဲ့ကို လိုက်ပို့ဧည့်ခံပြီး အိမ်တော်သို့ ပြန်ခဲ့ပါသည်။ စားတော်ကဲကုလားကြီး၊ ရာဂျူးမှာ ဗိုလ်နေ၀င်း၏ လူယုံဖြစ်ပါ၏။ တောက်တိုမယ်ရ အကုန်စိုင်း၊ ဧည့်ခံပွဲများ ရှိကလည်း ဗိုလ်နေ၀င်း၊ စားမည့်အစားအသောက်များကို အဆိပ်ဘေးကင်းဝေးဘို့ ဦးစွာ မြီးရသော သူဖြစ်၏။ ထူးခြားသည်မှာ `ရာဂျူး´က ရေမသောက်ပါ ရေငတ်လျှင် ရေအစားအရက်ကို သောက်လေ့ရှိပါသည်။ သို့ပါသော်ငြား ဗိုလ်နေ၀င်းက ငယ်မွေးခြံပေါက်ဖြစ်သဖြင့် ကုလားကြီးကို အလိုလိုက်ထားပါသည်။
အိမ်တော်ထဲဝင်လာပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ကာ မျက်နှာနီရဲနေသော ဗိုလ်နေ၀င်းကို ရာဂျူးက `ဗိုလ်ချုပ် ဘယ်လိုဖြစ်လာတာလဲ´ဟု မေးရာ ဗိုလ်နေ၀င်းက အထက်ပါစကားအတိုင်း ရာဂျူးကို ပြန်ပြောလိုက်ခြင်းဖြစ်ပါ၏။
ဤပွဲ၌ ဗိုလ်နေ၀င်း အရှက်ပေါင်းစုံရသွားခဲ့ပါသည်။ ကိုယ်ဖော်တဲ့ဆေး ကိုယ်စားမိဖြစ်ခဲ့ပါ၏။ အန်းမင်းသမီးက လက်ဆွဲနူတ်ဆက်ရာ၌ အသားချင်းမထိအောင် မင်းသမီးက လက်အိတ်အဖြူစွပ်ထားခဲ့ရာ လူချင်းမတူ မတန်သည့်သဘောလား၊ မြန်မာတွေကို အစဉ်အလာ သူတို့ ကျွန်လို့ သတ်မှတ်သည့်သဘောလား၊ မိန်းမပွေသော ဗိုလ်နေ၀င်းကို ရွံလို့လား၊ `လား´ပေါင်းများစွာ ဗိုလ်နေ၀င်း စဉ်းစားရင်း ဗိုလ်စန်းယု(သမ္မတ)ဆိုသူက အင်္ဂလိပ် မင်းသမီးကို ဂုဏ်ပြုဧည့်ခံမည့် ညစာစားပွဲသို့ မပျက်မကွက်တက်ရောက်ရန် အရက် ၂-ခွက် သောက်ကာ၊ နောက်ပါများနှင့်အတူ တတီ- တီ- တီ အော်မြည်သံကားတန်းနှင့် လားသလမ်း (လမ်းသလား) ခဲ့ပါလေသတည်း…။
***မဟာ ဇော် (မကွေး)***
***(`စစ်အာဏာရှင် ဗိုလ်နေ၀င်း´ ၏ အရှက်တကွဲဖြစ်ရပ်များ)**

No comments:
Post a Comment