ပျားရည် အပြုံးတွေနဲ့
စင်္ကြာဝဠာ တံခါးကို တဒုံးဒုံးထုရင်း
ကမ္ဘာ့ပန်းချီကားထဲ ငါ ခုန်ဆင်းခဲ့တယ် ။
***ငြိမ်းချမ်း သန့်ရှင်းတဲ့လေ ရှုရှိုက်
ပျော်ရွှင်ခြင်း ပရိုတင်းကို နှစ်ခြိုက်ရင်း
တိမ်စင်ကင်း လရောင်အောက်
အပူအပင်ကင်းစွာ လမ်းလျှောက်
ကမ္ဘာကို အရောက် နောက်ကျလို့
စောစောမပို့တဲ့ နတ်ဘုရားတောင် ဒေါသဖြစ်မိသေးတယ် ။
***ကမ္ဘာမြေကို ခြေချအလာ
ဘာဗီဇာမှ မလိုခဲ့ သလို
ဘယ် နတ်ဆိုးကိုမှ ဧည့်စာရင်းတိုင် စရာမလိုဘူး ။
**လက်ဖက်ရည် တစ်ခွက် ၊ ဂစ်တာတစ်လက်နဲ့
ဘ၀ဟာ အေးမြတဲ့ နှင်းနံနက်ခင်းတွေ ပွေ့ဖက်ရင်း
မမြင်ရတဲ့ အနာဂတ်လမ်း ၊ ခါးသီးမှုတွေ ပြည့်နှက်နေမယ်မှန်း
ကြိုတင် မခန့်မှန်းခဲ့မိဘူး ။
**သူတောင်းစားမှာ သန္ဓေတည်တဲ့ သားသမီးနဲ့
မိဖုရားမှာ သန္ဓေတည်တဲ့ သားသမီး
ဘ၀ ကံကြမ္မာ ကွာခြားသလိုမျိုး
စစ်မီးစွဲတဲ့ တိုင်းပြည်မှာ ကျနော် မသေယုံတမယ် မွေးဖွား ခဲ့တယ် ။
**လောက ရဲ့ ဆိုးချက်လား ၊ ကံတရားမဲ့ ငြိုးချက်လား
ဘ၀ ကြိုးဝိုင်းမှာ အလဲထိုးခံထားရဆဲ အမှန်တရားနဲ့အတူ
ကျနော် လဲ ထိုးချက်ပြင်းတဲ့ စစ်နဲ့ ပက်ပင်းတိုးခဲ့တယ် ။
***အသံနက် အသံပြာ ၊ ငယ်သံပါအောင် အော်ရဆဲ
ဆင်းရဲဒုက္ခ တွင်းနက်နက်ထဲ
ဘုရားသခင်က ဖန်ဆင်း တွန်းပို့ လိုက်တာဆိုရင်
ဘုရားကို ကျနော်အင်တာဗျူးချင်တယ် ။
**နာဂစ်က သေခြင်းတရားတွေ ဖန်တီးတာအားမရလို့
စားရမဲ့ သောက်ရမဲ့ ဖာဖြစ်အောင် ၊ဘုရားသခင် ဖန်ဆင်းတာလား၊
တိုတောင်းတဲ့ဘ၀မှာ အချစ်ဝေးဆဲ လောကအလယ်
ရေရှည် စစ်ပြေး ဒုက္ခသည် ဖြစ်အောင် ဘုရားသခင် ဖန်ဆင်းတာလား၊
ကမ္ဘာ့အလယ် မွဲတေမျက်နှာငယ် အဖြစ်နဲ့
စစ်အာဏာရှင်စနစ် အမြစ်တွယ်အောင် ဘုရားသခင် ဖန်ဆင်းတာလား၊
ပြင်ဆင်လို့မရမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့
မဲလိမ်မဲ့ ရွေးကောက်ပွဲကို ဘုရားသခင် ဖန်ဆင်းတာလား၊
--------လား
---------လား
ဘုရားသခင်ကို ယုံကြည်ချင်ပေမဲ့
ဘုရားကို ယုံချင်ယောင်ဆောင်တဲ့
စစ် လူသတ်ကောင်တွေကို မယုံဘူး ။
***ကျနော်ရဲ့ လားပေါင်းများစွာ အမေးတွေ အပြီးမှာ
ဘုရားက တန်ဖိုးရှိတဲ့ စကားတစ်လုံးနဲ့
ပြုံးပြုံးကြီး ဟောပြောမိန့်ကြားတော်မူတယ် ၊
အရာရာအားလုံးဟာ မတည်မြဲ ပဲ
အနိစ္စသဘော ကိစ္စချောလိမ့်မယ် ၊
စိတ္တဇဇောနဲ့ အတ္တနှောပြီး
လောဘတိုက်နေလို့ အမိုက်မှောင်ကို မမြင်ကြတာ တဲ့ ။
+++မင်းရဲကျော်စွာ +++
***သနပ်ခါးလိမ်းထားတဲ့ စကားလုံး

No comments:
Post a Comment