တစ်ခါသော် မုဆိုးတစ်ယောက်သည် ဟိမ၀န္တာတောအတွင်း မျက်စိလည်လျက် တ၀ဲလည်လည် ဖြစ်နေသည်။ ထိုတောသည် ဘုရားလောင်းဆင်မင်း သီလစောင့်နေရာ တောဖြစ်၏။ မုဆိုးသည် လမ်းစရှာမရ၍ ကြောက်ရွံ့ထိတ်လန့်ကာ ငိုကြွေး၏။ ထိုသူကို ဆင်မင်းတွေ့သော် ကြီးစွာကရုဏာသက်မိ၏။ ကူညီရန်ချဉ်းကပ်သွား၏။
`အို… မုဆိုး ဘာကြောင့် ငိုကြွေးသနည်း´
`ဆင်မင်း ငါမျက်စိလည်လမ်းပျောက်ပြီး ဒီတောထဲက ပြန်မထွက်နိုင် သေဘေးစိုးရွံ့မိတယ်´
`ဒီအတွက်ကြောင့် မစိုးရိမ်နဲ့ ငါကူညီမယ်´
`အမှန်ပဲလား ဆင်မင်း ဒါဆို ငါ့ကို ကူညီပါ´
`ကောင်းပြီ မုဆိုး… ဒါပေမယ့် ငါ့နေရာကို ဘယ်သူမှ မပြောပါနဲ့´
`စိတ်ချပါ သင့်အကျိုးပျက်အောင် ငါဘယ်တော့မှ မကြံစည်ပါ´
ဤသို့နှင့် ဆင်မင်းက မုဆိုး လမ်းသိရာထိ လိုက်ပို့သည်။ ဆင်မင်းကျေးဇူးကြောင့် နေရပ်သို့ ဘေးမသီ ရန်မခ ပြန်ရောက်ခဲ့ပေသည်။ မုဆိုးသည် သွားရင်းလာရင်း ဆင်စွယ်ပွတ်သမားတို့နှင့် တွေ့သည်။ လုပ်ရေးကိုင်ရေး အဆင်မပြေ၍ ငွေကြေးအကျပ်အတည်းနှင့် ကြုံတွေ့နေစဉ် မုဆိုးအတွေး၌ အကြံပေါ်လာသည်။
`ဗျို့ အဆွေတို့ အသက်ရှင်တဲ့ ဆင်စွယ်တွေများရရင် လိုချင်လား´
`ဘယ်လို အသက်ရှင်ဆဲဆင်က အစွယ်လား ဒါဆို သိပ်ကောင်းတာပေါ့ ဈေးကောင်းကောင်းပေးပါ့မယ် ရရင်လုပ်ပါ´
`ကောင်းပြီ ဒီအတွက်ရစေ့မယ် ဈေးကောင်းပေးဖို့သာ ပြင်ထားတော့´
ကျေးဇူးမသိတတ်သော မုဆိုးသည် ရိက္ခာနှင့် လက်နက်များ ယူ၍ ဆင်မင်းထံ လာခဲ့သည်။
`အလို မုဆိုးပါလား ဘယ်အတွက် လာတာလဲ´
ဆင်မင်းက ပျူငှာစွာ ကြိုဆိုသည်။ ဆင်မင်းစိတ်ထားသိသော မုဆိုးသည် ပရိယာယ်ဟန်ဆောင်လျက် ညှိုးငယ်ဟန်မျက်နှာထားနှင့် ဆိုသည်။
`ဆင်မင်း ကျနော်ဟာ ဆင်းရဲလွန်းပါတယ်။ ထောက်ပံ့ပေးကမ်းမည့်သူလည်း မရှိပါ။ ဒီအတွက် ဆင်မင်းကူညီပါ´
`အကူအညီ… အင်း သင့်အတွက် ကျနော်တတ်နိုင်တာဆို ကူညီချင်ပါတယ်´
`ဆင်မင်း တတ်နိုင်ပါတယ် ကျနော်ဘ၀ အသက်ရှင်သန်ဖို့ အစွယ်ဖြတ်ပေးရင် အဆင်ပြေသွားပါလိမ့်မယ်´
`သြော်… ဒီသဘောလား အင်း ငါဟာ သီလစောင့်နေသူဖြစ်တယ်။ အလှူခံသူရှိရင်လည်း ဒါနပြုဖို့ ရည်စူးထားတယ်။ သင်လာခြင်းကောင်းပါတယ်´
`အိုး… ဒီလိုဆို အစွယ်ပေးမှာလား´
`သင့်မှာ ဖြတ်ဖို့ လွှပါသလား´
`အဟ ပါတာပေါ့ ဆင်မင်းရာ… ဒီကိစ္စအတွက် လာတာ ဒါမှ မပါရင် ညံ့ရာကျမှာပေါ့ ဟောဒီမှာ လွှ´
ဆင်မင်းထံက လွယ်လွယ်ကူကူ ရလိမ့်မည်ဟု မျှော်လင့်မထားရာ အကြည့်အသာပေးလာ၍ ထခုန်မိမတတ် ၀မ်းသာသွားသည်။ ဟန်ဆောင်မနေတော့ဘဲ အစွယ်ဖြတ်ဖို့ ယူလာသည့် လွှကို ထုတ်ယူလိုက်သည်။
ဆင်မင်းသည် မုဆိုးအား ဒူးတုပ်ပေးသည်။ မုဆိုးသည် ဆင်ဦးကင်းပေါ် ခုန်တတ်လျက် ၀မ်းသာအားရစွာဖြင့် ဆင်စွယ်ကို ဖြတ်ယူခဲ့သည်။ ဖြတ်ပြီးသော ဆင်စွယ်နှစ်ချောင်းကို နှာမောင်းနှင့် ပတ်လျက်
`အချင်မုဆိုး ငါသည် ဆင်စွယ်ကို မချစ် မမြတ်နိုးလို့ သင့်ကို ပေးသည်မဟုတ်။ ဤဆင်စွယ်ထက် အဖိုးများစွာ ထိုက်သော အလုံးစုံသော တရားသိသည့် သဗ္ဗညုတဥာဏ်လိုလား၍ ပေးလှူပေသည်။ ငါ့အစွယ်ကို ယူတော့´ဟုဆိုကာ မုဆိုးလက်သို့ ကြည်ကြည်သာသာ ပေးလှူလိုက်သည်။
`ကျေးဇူးတင်ပါတယ် သိပ်ကျေးဇူးတင်ပါတယ် အဲလိုပဲ ပေးလှူနိုင်ပါစေ ဆင်မင်း ကဲ ကျနော်ပြန်ပါဦးမယ်´
မုဆိုးသည် ဆင်စွယ်ရောင်းရငွေဖြင့် ပျော်ပျော်ပါးပါး စားသောက်နေ၏။ ရက်အတန်ကြာသော် ငွေကုန်သွားသဖြင့် တောသို့ပြန်ဝင်၏။ မုဆိုးကို တွေ့လျှင်တွေ့ချင်း အမူအရာကြည့်ရုံနှင့် သဘောသိလိုက်သည်။
`မုဆိုး သင်လာချေပြန်ပလား´
`မှန်ပါတယ် ဆင်မင်း ကျနော်ဟာ အရှင့်အစွယ်တန်ဖိုးနဲ့ အသက်မွေးဖို့ မဖူလုံပါ။ ကျနော်ငတ်နေပြီ´
မုဆိုးသည် ဆင်မင်းသနားလောက်အောင် ညှိုးငယ်သော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။ မုဆိုးစကား အသွားအလာ ကြည့်ရုံနှင့် နားလည်လိုက်သည်။
`သင် အစွယ်လိုလား ပြန်သလား´
`မှန်ပါတယ် ဆင်မင်း သင်ပေးလျှင် ငါချမ်းသာရာ ရပါလိမ့်မယ်´
`ကောင်းပြီ ဖြတ်လော့´
မုဆိုးသည် ဆင်စွယ်ကို ထပ်ဖြတ်ပြန်သည်။ အခွင့်အရေးရသည်နှင့် တစ်ဖက်သားကို ငဲ့ညှာရမှန်း မသိ။ ထောက်ထားဖို့ နားမလည်။ ဆင်စွယ်ရရှိရေးသာ အလေးထားလုပ်ဆောင်ခဲ့သည်။
ဆင်စွယ်ဖြတ်ရသည်နှင့် ဆင်မင်းကိုပ်င ကျေးဇူးတင်စကား မပြောတော့ဘဲ နေရပ်သို့ ဒုန်းစိုင်းပြန်လာသည်။ ဆင်စွယ်ပွတ်သမားတွေကို ကြိုက်ဈေးခေါ် ရောင်းလိုက်တော့သည်။
သို့သော် ဆင်စွယ်ရောင်းရငွေသည် သူ့အတွက် ကြာရှည်မခံလိုက် ကျန်သော ဆင်စွယ်တောင်းရန် တောသို့ လာပြန်သည်။
`အရှင် ကျနော်ဟာ မိုက်မဲသူပါ။ အရှင့် စေတနာကောင်းသော်လည်း ကျနော့်အတွက် မပြည့်စုံ´
မုဆိုးကို မြင်သည်နှင့် ဆင်စွယ်လို၍ လာမှန်းသိသည်။ မိမိအစွယ်ကို မဆိုထားနှင့် တစ်ပါးသူက အလှူခံလျှင် အသက်ကိုပင် စွန့်လှူရန် သံဓိဌာန်ချထားသည့်အလျောက် ပေးလှူရန် ဆုံးဖြတ်လိုက်သည်။
`သင် အစွယ်လိုရင် ကျန်တာ ဖြတ်ပေဦးတော့´
`ကောင်းပဆင်မင်းရာ ကဲ ဆင်မင်း ၀ပ်ပေးစမ်းပါဦး။ အဲ… စိတ်တော့ မရှိနဲ့ ဆင်မင်းရာ ခင်ဗျားသွားပေါ်တက်လိုက်မယ်။ အဲ… ခြေတစ်ဘက်က ဦးကင်းပေါ်တင်ပြီးမှ ဖြတ်မယ်ဗျ´
`ပြုပါလေ´
`အင်း… ဆင်စွယ်က အတွင်းလှိုက်ဖြတ်ရလိမ့်မယ် ဆင်မင်း ဒီတော့ သည်းခံဗျာ… ဆင်မင်း နှုတ်သီးကို ဒါးနှင့် ဖွင့်ရလိမ့်မယ်´
ရမည်ဆိုက ဘနဖူးသိုက်တူးမည့် လူစားမျိုး ဖြစ်သော မုဆိုးသည် ဆင်မင်းကို သနားရမှန်းမသိ နှာကို ဓားနှင့် လှန်လိုက်ရာ သွေးချင်းချင်းနီ သွာတော့သည်။
`ပြုပါ မုဆိုး´
`ကျေး… ကျေးဇူးပဲ ဒီလို ခွင့်ပြုတာ ကျေးဇူးတင်သဗျာ၊ ကဲ… သည်းခံဦးနော်။ လာလေရော့´
မုဆိုးသည် ဆင်စွယ်ကိုဖြတ်ရင် ရလာမည့် ငွေကြေးပမာဏကို တွက်ကာ ကြည်နူးနေသည်။ ဆင်မင်းကို သနားညှာတာခြင်း ကင်းမဲ့စွာဖြင့် အစွယ်ကို ဖြတ်ယူလိုက်သည်။ အစွယ်ရသည်နှင့် ပြုံးရယ်ရွှင်မြူးလျက် ထွက်သွားရာ ဆင်မင်းကွယ်ရာအရောက်တွင် မြေမျိုခံလိုက်ရတော့၏။
***မောင်ဆန္ဒ(လယ်ဝေး)***
***(မေတ္တာတရားနှင့် အခြားပုံပြင်များ)**

No comments:
Post a Comment