ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် နယ်နိမိတ်ကြား (ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက်)ရှိ ရေ လယ်ကျွန်းကို မြန်မာနှင့် ထိုင်းအာဏာပိုင်များ ပူးတွဲပြီး ယနေ့နံနက်(၅း၃၀)နာရီခန့်ကစပြီး ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိသည်။ မြန်မာပြည်ဘက်မှ မြ၀တီမြို့အာဏာပိုင်များဖြစ်ကြသော စစ်တပ်၊ ရဲတို့သာမက ကြံ့ဖွတ်၊ မီးသတ် စသည်တို့လည်း ပါဝင်ပြီး ထိုင်းဘက်မှ ထိုင်းစစ်တပ်၊ ထိုင်းနယ်ခြားစောင့်ရဲ၊ ထိုင်းမှုခင်းရဲ အပါအ၀င် နှစ်ဖက် အင်အား (၂၀၀)ကျော်ပါဝင်ကြောင်း မျက်မြင်တစ်ဦးက မြန်မာပြည်သားသို့ ပြောပြသည်။
ရေလယ်ကျွန်းသည် ထိုင်းနှင့် မြန်မာ ဧရိယာကြားတွင် ရှိသော်လည်း မည်သည့်ဘက်ကမှ မပိုင်ဆိုင်သော ကြားနယ်မြေငယ်တစ်ခုသာဖြစ်သည်။ ရေလယ်ကျွန်းတွင် `မိုးကြီး´အမည်ရှိ ကျွန်းဘုရင်သည် ချက်အရက်ရောင်းချခြင်း၊ ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးလျက်ရှိပြီး မိုးကြီး၏ အုပ်ချုပ်မှုအောက်တွင် ယခုအခါ ကျွန်းနေလူ (၅၀)ခန့်ရှိသည်ဟု သိရသည်။ မိုးကြီးနှင့် အပေါင်းအပါတို့မှာ ရေလယ်ကျွန်းရှင်းလင်းရေးတွင် ရှောင်တိမ်းလွတ်မြောက်သွားပြီး ယခုအခါ ကျွန်းရှိအပင်များကို ခုတ်လှဲကာ မီးရှို့လျက်ရှိကြောင်း သိရသည်။
(နိုဝင်ဘာလ ၁၄-ရက် သောင်ရင်းနဂါး)

No comments:
Post a Comment