(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ်၊ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။)
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် ကြက်အမျိုး၌ ဖြစ်၍ များစွာသော ကြက်အပေါင်း ခြံရံလျက် တော၌နေ၏။ အနီး၌ ကြောင်မတစ်ကောင်သည် ကြက်တို့ကို ဥပါယ်ဖြင့် လှည့်ပတ်၍ စား၏။
ဘုရားလောင်းကြက်သာ ကျန်တော့သည်၊ ကြောင်မသည် `ဤကြက်သည်အလွန်ပါး၏။ ငါ၏ပရိယာယ်ကြွယ်ဝသည်ကို မသိသေး´ဟု ကြံ၍ ကြက်မင်းနေရာ သစ်ပင်အောက်သို့ လာ၍ မော့ကြည့်၍ `အလွန်ဆန်းကြယ်သော အတောင်တို့နှင့် နီသော ဦးစွန်းရှိသော ငှက်အောက်သို့ဆင်းခဲ့ပါ။ အခမဲ့ပင် သင်၏ မယားအဖြစ်နေပါမည်´ဟု ဆို၏။
ဘုရားလောင်းသည် ရိပ်မိ၍ `ကောင်းသော နှလုံးကိုမွေ့လျော်စေတတ်သော ကြောင်မ သင်သည် အခြေလေးချောင်းရှိ၏။ ငါသည် အခြေနှစ်ချောင်းရှိ၏။ သင်သည် ငှက်တို့နှင့် လင်မယားဖြစ်ခြင်းငှာမလျော်၊ အခြားသောလင်ကိုရှာလေတော့´ဟုဆို၏။ ကြောင်မသည် အလျော့မပေး၊ ဆက်လက်၍ ဖြားယောင်းစကား ပြောနေသေးသည်။
ဘုရားလောင်းသည် ကြောင်မကို ကြိမ်းမောင်း၍-
`အကောင်ပုပ်ကိုစား၊ သေးကိုသောက်လေ့ရှိပြီး ကြက်တို့ကို သတ်တတ်သော သူခိုးမ၊ သင်သည် ငါ့ကိုလင်မတော်လိုနှင့်´ ပြောလေလျှင် ကြောင်မသည် ထွက်ပြေးသွားလေသည်။
မြတ်စွာဘုရားသည် ဆက်၍ဟောသည်ကား…
`ကြက်ကို သွေးဆောင်သော ကြောင်မကဲ့သို့ တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်သော မိန်းမတို့သည် ဥစ္စာ ကုံလုံသော ယောင်္ကျားကိုမြင်၍ သိမ်မွေ့နူးညံ့ကုန်သော စကားတို့ဖြင့် ဆွဲဆောင်ကုန်၏။
`ဖြစ်လာသောဘေးကို ကြိုတင်မသိသောသူသည် ရန်သူ့နိုင်ငံသို့ လိုက်ရ၏။ နောင်မှလည်း ပူပန်ရ၏။
ဖြစ်လာမည့် အကျိုးကို ကြိုတင်သိသူသည် ကြောင်မ၏ မာယာမှလွတ်သော ကြက်မင်းကဲ့သို့ ရန်သူတို့သည် ဖြစ်စေအပ်သော ကျဉ်းမြောင်းခြင်းမှ လွတ်၏။
ဇာတ်ပေါင်းသော်
ကြက်မင်းသည်- ငါဘုရားဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး***
***(ဆက္ကနိပါတ် ၃၈၃၊ ကုက္ကုံဋဇာတ်) ပစ္စုပ္ပန်ဝတ္ထု***

No comments:
Post a Comment