မောင်လူလှလေးဟာ ငါးပြတိုက်ဆီကို ကျောင်းသူ ကျောင်းသားတွေနဲ့အတူ သွားရောက်ကြည့်ရှုခွင့်ရတယ်။ ငါး တွေအမျိုးအစားစုံ၊ အရွယ်အစားမျိုးစုံကိုကြည့်ပြီး သိပ်ပြီးတော့ စိတ်ဝင်စားနေမိတာပေါ့။ အထူးသဖြင့် ရေ အောက်မှာသွားလာနေတဲ့ ငါးတွေဟာ တစ်ချိန်လုံး မျက်စိဖွင့်ထားကြတယ်။ သူတို့ဟာ အမြီးလေးတွေ လှုပ်ခတ် ပြီး သွားလာနေကြတယ်။ ငါးတွေဟာ မအိပ်တတ်ကြဘူးလို့ ထင်မိတာပေါ့။
မောင်လူလှလေးဟာ အိမ်ကိုပြန်ရောက်တော့ ငါးလေးတွေရဲ့ အကြောင်းကို စဉ်းစားရင်း အိပ်ပျော်သွားမိတယ်။ ဘယ်လောက်ကြာသွားသလဲ မသိဘူး။ သူ့ကို တစ်စုံတစ်ယောက်က ပခုံးပုတ်ပြီး လာနိုးတယ်။
`ဟေ့… မောင်လူလှ၊ ထ… ထ´
မောင်လူလှ လန့်နိုးသွားတယ်။ မြင်လိုက်တာကတော့ ငါးလေးတစ်ကောင်ပဲ ဖြစ်တယ်။
`ဟင်း… ငါးလေးပါလား၊ မင်းကဘယ်လို့ ငါ့ဆီကိုရောက်လာတာလဲ´
`မင်းက ငါတို့ကို စိတ်ဝင်စားတယ်မဟုတ်လား။ အေး… ငါတို့ ငါးတွေကလဲ သဘာဝလေးတွေကို ပြချင်လို့ မင်းကို ခေါ်လာတာပါ။ လာ… လာ ငါနဲ့လိုက်ခဲ့´
ငါးလေးတွေဟာ မောင်လူလှရဲ့ လက်ကိုဆွဲပြီး ခေါ်သွားတယ်။ ရေကန်တစ်ခုဆီကို ရောက်သွားတယ်။ `ရေကန်ထဲကို ငါနဲ့အတူတူဆင်းရမယ် ဒါပေမယ့် ဘာမှမပူနဲ့၊ ရေအောက်မှာ ငါတို့ငါးတွေလို မင်းအသက်ရှူလို့ရလိမ့်မယ်´
`ဟုတ်ပါ့မလား´
`မယုံရင် မင်း စမ်းကြည့်လေ´
ရေကန်ထဲကို အတူတူခုန်ချလိုက်ကြတယ်။ သူတို့ဟာ ရေနက်ထဲကို ရောက်သွားကြပေမယ့် မောင်လူလှဟာ အသက်ကောင်းကောင်း ရှူနိုင်တာကို တွေ့ရတယ်။ သူ့ကိုယ်သူလည်း အံ့အားသင့်နေမိတယ်။
`အေး… ဟုတ်တယ်။ ငါလဲမင်းတို့လိုပဲ ရေအောက်မှာ နေနိုင်တယ်´
သူတို့ဟာ ရေထဲမှာ ကူးခတ်လိုက်ကြတာ။ တစ်နေရာကို ရောက်တော့ တစ်နေရာတည်းမှာ ငြိမ်သက်နေကြတဲ့ ငါးအချို့ကို တွေ့လိုက်ရတယ်။
`မောင်လူလှ ငါတို့ငါးတွေဟာ ခုလိုမျက်လုံးတွေဖွင့်ပြီး ငြိမ်နေတာဟာ အိပ်စက်အနားယူနေကြတာကွ၊ တချို့ငါးတွေ ငြိမ်ပြီးနေကြတာလဲ အကြောင်းမဲ့မဟုတ်ဘူး။ အိပ်စက်ခြင်းတစ်မျိုးပဲ´
`သြော်… ရေထဲမှာ မကူးခတ်ဘဲ ငြိမ်ငြိမ်လေးနေတာဟာလဲ ငါတို့လူတွေလိုပဲ အိပ်စက်အနားယူခြင်းတစ်မျိုး လုပ်နေတာပေါ့ ဟုတ်လား´
`အေး… ရေအောက်ကြမ်းပြင်ပေါ်မှာ မျက်လုံးတွေဖွင့်ပြီး တစ်ကောင်ချင်း ငြိမ်ငြိမ်လေးနေနေကြတာ၊ မင်းတို့လူသားတွေလို အိပ်စက် အနားယူကြတာပေါ့လို့ ပြောပြီးပြီလေ တော်တော်ကြာမှ သိပ်အိပ်ပျော်နေတဲ့ ငါးတွေပြန်ပြီး တစ်ကောင်ချင်း အုပ်စုဖွဲ့ပြီးမှ ကိုယ်သွားချင်တဲ့နေရာကို ထွက်သွားကြတာပေါ့။ လူတွေ အနက် အိပ်ရာကထပြီး အစာရှာထွက်သလိုပေါ့ကွာ´
မောင်လူလှဟာ တစ်နေရာကိုရောက်တော့ ချွဲပျစ်နေတဲ့ အရာတစ်ခုထဲမှာ ငါးတစ်ကောင်ကို တွေ့လိုက်ရတယ်။
`ဟာ… ဟိုငါးလေးဟာ ကပ်စေနှဲလိုအရာတွေထဲမှာ ပိတ်မိနေတယ်ထင်တယ်။ သွားဖယ်ပေးလိုက်ဦးမှပဲ´
`ဟ… သူပိတ်မိနေတာ မဟုတ်ဘူး။ တချို့ ငါးတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို အကျိအချွဲတွေနဲ့ အခုလိုပဲ ဖုံးအုပ်ပြီးမှ ငြိမ်ငြိမ်လေး အိပ်လေ့အိပ်ထ ရှိတယ်လေ´
`သြော်… ဟုတ်လား၊ မသိပါဘူးကွာ၊ အင်း… မင်းတို့ငါးတွေမှာလဲ အလေ့ အထ အမျိုးမျိုးပဲနော်´
တစ်နေရာကို ရောက်ကြပြန်တော့ သဲထဲမှာ တစ်ကောင်ကောင်ဝင်ပြီး လှုပ်ရှားနေတာကို တွေ့ရတယ်။ သဲပြင်ဟာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေတာပေါ့။
`ဟော… `ဟိုဟာဘာလဲ၊ သဲထဲမှာ ငါးဝင်နေလို့လား´
`မဟုတ်ဘူးကွ၊ ဖျံတစ်ကောင်တွင်းတူးပြီးအထဲမှာ ၀င်အိပ်နေတာလေ၊ သဲတွေနိမ့်လိုက်မြင့်လိုက် ဖြစ်နေတာဟာ သူအသက်ရှူနေလို့ပေါ့´
`ဟာ… ဟုတ်လား၊ သူတို့ရဲ့သဘာဝလဲ တစ်မျိုးပဲနော်၊ ကဲ… အခုလို မင်းတို့ငါးတွေရဲ့သဘာဝကို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ၊ ငါ့ကိုလဲ ခွင့်ပြုပါဦး´
`အေး… အေး… နောက်ကိုလဲ ငါတို့ဆီကို လာလည်နိုင်ပါတယ်ကွာ၊ မင်းဒီထက်မက အများကြီးသိစရာတွေရှိနေသေးတယ်ကွ´
မောင်လူလှလည်း ငါးလေးကိုသိပ် ကျေးဇူးတင်သွားတာပေါ့။
***၀င်းရွှေနောင်***
***ငါးတို့ရဲ့ ကမ္ဘာ***

No comments:
Post a Comment