ဗာရာဏသီပြည်၌ ကဏ္ဍရိမင်းစိုးစံစဉ်၊ ထိုမင်းသည် ရုပ်ဝါတင့်တယ် ရှုချင်ဖွယ်သော အဆင်းအင်္ဂါနှင့် ခန့်ညားလှသည်။ မင်းအား အမတ်ပေါင်းတစ်ထောင်တို့က နေ့စဉ်နံ့သာကြုတ်တစ်ထောင် ဆက်သကြပြီး နန်းတော်တွင်း၌ ပက်ဖျန်းကြကာ မွှေးနံ့သာတုံးခဲစေ၏။ နန်းတွင်း၌ ထမင်းချက်ကြလျှင် နံ့သာကြုတ်များကို ခွဲဖျက်ကာ နံ့သာထင်းတို့ဖြင့် ချက်ကြ၏။ ထိုမင်း၏ ဖွားဖက် သူငယ်ချင်း ပညာရှိပုရောဟိတ် ပုဏ္ဏားကာ ပဉ္စလစဏ္ဍာ ဖြစ်၏။
***သပြေပန်းစခန်း***
ထိုမင်း၏ နန်းတော်အနီးတွင် သပြေပင်ကြီး တစ်ပင်မှာ ခက်လက်စည်ကား ကြီးမားစွာ ပေါက်ရောက်ပြီး အကိုင်းအခက်တွေမှာ တံတိုင်း၏အထက်က တွဲလျားကျလျက် နေလေ၏။
တံတိုင်းပြင်ဘက် သပြေရိပ်တွင်ကား စက်ဆုပ်ဖွယ်ရာရုပ်သဏ္ဍာန်ရှိသော စကားထစ်သည့် ငဆွံ့ တစ်ယောက်သည် မှီခိုကပ်ကာ နေရရှာ၏။
**မိမိလင်သားမှ တစ်ပါး**
တစ်နေ့တွင် `ကိန္နရဒေ၀ီမဟေသီ´မိဖုရားကြီးသည် လေသာပြတင်းတံခါးမှ သပြေပင်ရိပ်ဆီသို့ လှမ်းမျှော်၍ ကြည့်ရာတွင် ငဆွံ့ကို မြင်လေ၏။
ညအချိန်တွင် ကဏ္ဍရိလင်သားနှင့် ပျော်ပါး အပြီးတွင် စိတ်အတွင်း၌ အာသာမပြေ၊ အနီးရှိ ဘုရင်မင်းတရားမှာလည်း အိပ်မောကျ၍ နေခိုက်တွင် တံတိုင်းအပြင်က ငဆွံ့ကိုသတိရသဖြင့် စက်ရာမှထပြီးလျှင် ကောင်းနိုးရာရာသောဘောဇဉ်တို့ကို ရင်ဝယ်ပိုက်ကာ
အ၀တ်ကြိုးဖြင့် လေသာပြတင်းမှ သက်ဆင်းလျက် သပြေပင်သို့တက်၊ သပြေခက်မှ ဆင်းသက်ပြီး ချစ်သောမောင်မောင် ငဆွံ့အနားသို့သွားကာ ပါလာသော စားစရာများကို ကျွေးမွေးလေ၏။
ထိုနောက်သောအခါ မိစ္ဆာစာရ ပါပညစ်ညူး မကောင်းမှုကို ပြုကြပြီး သပြေခက်မှ တစ်ဖန်တက်၍ လာလမ်းအတိုင်း ပြာသာဒ်သို့ တက်ပြီးလျှင် ကိုယ်နံ့သာဖြင့် လိမ်းကျံလျက် မင်းနှင့်အတူ မင်း၏ နံပါးအသာသွား၍ အိပ်လေတော့သည်။ ဤသို့သောနည်းဖြင့်ပင် အစဉ်မပြတ် ငဆွံ့နှင့် မကောင်းမှုကို ပြုကျင့်နေကြ၏။
***တိတ်တိတ်ပုန်းလင်- မခံချင်စိတ်***
တစ်နေ့သောအခါ ကဏ္ဍရိမင်းသည် စစ်သည်ဗိုလ်ပါများနှင့် မြို့သို့ လက်ယာရစ်လှည့်ပတ်ပြီး နန်းတော်သို့ ၀င်လာရာတွင် သပြေပင်အရိပ်၌ သနားဖွယ်ရာလူညွန့်တုံးသည့် ငဆွံ့ကို မြင်လျှင် ရပ်တော်မူ၍ အနီးရှိ ပုရောဟိတ်အား မေးမြန်းတော်မူသည်မှာ `စက်ဆုပ်စရာ လူ့ပြိတ္တာမှာ အဘယ်သို့သော မိန်းမများက အတူပေါင်းသင်:်နေနိုင်ခြင်း ပြုမလဲ´ဟု မေးမြန်းတော်မူလေ၏။
ထိုစကားကို ငဆွံ့ကြားလေလျှင် မခံချင်စိတ်ထား မာန်မာနပွား၍ သူ့မိဖုရား ငါ့ထံလာသည့်အကြောင်းများ မသိယောင်တကားဟု သပြေပင်အား လက်အုပ်ချီလျက် `သပြေပင်စောင့် နတ်မင်း နာတော်မူ၊ အရှင်နတ်မင်းမှ အပ ထိုအကြောင်းကို တစ်ပါးသောသူ မသိပါ´ဟု ဆို၏။
ထိုစကားကိုကြားလျှင် ပုရောဟိတ်ကစဉ်းစားမိ၏။ နန်းတော်သို့ရောက်လျှင် ထိုစကား၏ အဓိပ္ပာယ်ကို မင်းကမေးလျှင် `အရှင်မင်းမြတ်၊ ညဉ့်အဖိုကာလ၀ယ် အရှင့်မိဖုရား၏ ကိုယ်အတွေ့သည် မည်သို့သဘော ရှိပါသနည်း´ဟု မေးသော် မင်းက..
`ဆရာ၊ အခြားတစ်ပါးကို မမြင်ပါ၊ သန်းခေါင်ယံ၌ကာ: မိဖုရား၏ ကိုယ့်အတွေ့သည် အလွန်အေးလှ၏´ဟု ဆို၏။
`ဤသို့ဆိုလျှင် အခြား တစ်ပါးသော မိန်းမကို ထားဘိဦး။ အရှင်မင်းမြတ်၏ အဂ္ဂမဟေသီ ကိန္နရဒေ၀ီသည် ဤငဆွံ့နှင့် ယုတ်မာသော အကျင့်ကို ကျင့်၏´ဟု တထစ်ချပင် ဆုံးဖြတ်လျှောက်တင်၏။
`အလို… ဘယ်သို့ ဆိုသနည်း။ အလွန်တင့်တယ်စံပယ်ခြင်းနှင့် ပြည့်စုံသော မိဖုရားကြီးသည် စက်ဆုပ် ရွံရှာဖွယ်ရာ ကောင်းလှပါသော ငဆွံ့နှင့်ေ မွ့လျော်နိုင်ပါမည်လော´
`ဤသို့ဆိုလျှင် မိဖုရားကို စုံစမ်းတော်မူလော့´ဟု လျှောက်တင်၏။
**ကိုယ်တွေ့ကြုံရ**
မင်းသည် ညစာ စားပြီးသော် အိပ်ချိန်၌ ဟန်မပျက်ပင် အိပ်ပျော်ယောင်ဆောင်၍ နေ၏။ မိဖုရားကြီးသည် အိပ်ရာမှ တိတ်တဆိတ် ထ၍ ရှေးနည်းအတူ ပြုမူ၏။ မင်းသည် နောက်ယောင်ခံ၍ သပြေပင်ရိပ်မှာ ရပ်နေ၏။ ငဆွံ့သည် မိဖုရားအား စိတ်ဆိုး၍ `နင် ယနေ့ အလွန်နောက်ကျသည်၊ ငါ့မှာအလွန်ဆာနေပြီကို မသိသလော´ဟု ပြော၍ ပါးကို ရိုက်လိုက်ရာ မိဖုရား၏ နားမှ ခြင်္သေ့ခံတွင်းပုံစံ သွင်းအပ်သောနားတောင်းသည် ပြုတ်ကျလွင့်ထွက်၍ မင်း၏ ခြေရင်းသို့ကျလာ၏။ မိဖုရားကြီးသည် ငဆွံ့ကို တောင်းပန်ခယနေခိုက် မင်းက နားတောင်းကို ကောက်ယူပြီး ဤမျှဖြင့် သက်သေခံ လုံလောက်ပြီဟု ပြန်၍လာ၏။
**နားတောင်းသက်သေခံ**
နောက်တစ်နေ့တွင် မင်းက အမိန့်ထုတ်၏။ `ကိန္နရဒေ၀ီသည် ငါပေးသမျှ အဆင်တန်ဆာကိုဝတ်ဆင်၍ လာခဲ့ရမည်´ဟု အမိန့်ပေး၏။ မိဖုရားကြီးသည် ခြင်္သေ့ခံနားတောင်းကို ရွှေပန်းတိမ်သည်ထံမှာ အပ်နှံထားသည်ဟု မလာဘဲ နေ၏။ တစ်ဖန်ခေါ်နိုင်မှ နားထောင်းတစ်ဖက်သာ ၀တ်၍လာ၏။ မင်းကမေးသော် `ရွှေပန်းတိမ်ထံမှ အပ်ထားပါသည်´ဟု လျှောက်တင်၏။ မင်းသည် အမျက်ထွက်၍ `ဟယ်… ယုတ်မာဆိုးရွား ဒွန်းစဏ္ဍားမ ။ငါကဲ့သို့သော မင်းကိုပင် ရွှေပန်းတိမ်သည် ဖြစ်အောင် ပြောသည်´ဟု ခြသေ့င်္ခံနားတောင်းကို မိဖုရားရှေ့ကို ပစ်ချပြီးလျှင် `ထိုမိန်းမယုတ်၏ ဦးခေါင်းကို ဖြတ်၍ သတ်စေ´ဟု အမိန့်တော် ချမှတ်လိုက်လေ၏။
**သဗ္ဗဣတ္ထိ ရှိရှိသမျှ.**
ထိုအခါ ပုရောဟိတ် အမတ်က သည်းခံတော်မူပါ၊ ကိန္နရဒေ၀ီအား အမျက်ထွက်တော် မမူပါလင့်၊ မိန်းမသဘာဝ နီတိကျမ်းလာ ပြဆိုရာတွင် (အခွင့်လည်းသာ၊ အခါလည်းသင့်၊ မမြင်လွတ်စွာ၊ ဆိွတ်ကွယ်ရာရပ်၊ ရရှိလတ်သော်၊ သဗ္ဗဣတ္ထိ၊ ရှိရှိသမျှ ထိုမိန်းမတို့ ဂုဏ်ရည်ဇာတ်တူ၊ မရမူလည်း သူဆွံ့သူအ၊ ကုံးကွနူရွှဲ၊ ရွံရှာပဲလျှင်၊ နွှဲပျော်ရွှင်သည်)ဟု နီတိဆရာမိန့်ကြားသည့် စကားရပ်အတိုင်းပင်ဖြစ်လာပါသည်။ အကယ်၍ မိန်းမတို့အကြောင်း အဆိုးအကောင်းကို သိလိုပါလျှင် မထင်ရှားသော အသွင်ဖြင့် ဇနပုဒ်သို့ သွားရောက်စုံစမ်းကြပါအံ့´ဟု ဆိုလျှင် မင်းလည်း သဘောတူ၍ မယ်တော်ကို တိုင်းပြည် အပ်ကာ နှစ်ကိုယ်တည်း ခရီးထွက်လေသည်။
***သတို့သမီး**
တစ်ယူဇနာလောက်ရောက်လေလျှင် လမ်းမတွင် ခေတ္တနားခိုက် သူကြွယ်တစ်ယောက်သည် မိမိသားအတွက် မင်္ဂလာဆောင်လာလျက် သတို့သမီးကို လှပစွာကာရံထားသော လှည်းယာဉ်၌ နေစေလျက် အခြံအရံများစွာဖြင့် သွား၏။
ိုထိုလူစုကိုမြင်၍ ပုရောဟိတ်က...
`အရှင်မင်းမြတ် အလိုရှိပါလျှင် ဤမင်္ဂလာ သတို့သမီးကို မင်းမြတ်နှင့်တကွ ယုတ်မာသောအမူကို ပြုစေနိုင်ပါသည်´ဟု လျှောက်၏။
`မည်သို့ပြောလိုက်ပါလိမ့် အခြံအရံတွေကများလှသည်။ မည်သို့ တတ်နိုင်ပါမည်နည်း´ဟု ပြောဆို၏။ ပုရောဟိတ်က `သို့ဆိုလျှင် ကြည့်တော်မူလော့´ဟု ဆို၍ ရှေ့က ပြေးသွားပြီး လမ်းဘေးတစ်နေရာတွင် တင်းတိမ်တွင်းသွင်းလျက် မိမိမူကား လမ်းဘေးမှာငိုယိုကာ နေလေ၏။
သူကြွယ်ကမြင်၍ မေးလျှင် ပုရောဟိတ်က ကျွန်ုပ်၏မယားသည် နေ့စေ့လစေ့ကြီးနှင့် မိဘများအိပ်မှာ သားဖွားလိုသည်ဆို၍ ပို့ဆောင်ပေးရန်လာခဲ့ကြရာ ခရီးအကြားမှာပင် မွေးဖွားရန်လှုပ်ရှား မိန်းမဖော်များမရှိပါဘဲ ကန့်လန့်ကာအတွင်းမှာ အလွန် ပင်ပန်းလျက်ရှိပါ၏။ မိန်းမဖော် တစ်ယောက်လောက် အနားမှာရှိစေရန် ကူညီစေချင်ပါသည်´ဟု ပြော၏။
ထိုအခါ သူကြွယ်က... `ဖြစ်နိုင်ပါသည် ငိုမနေပါနှင့်တော့ မိန်းမတွေအများကြီးပါပါသည်။ တစ်ယောက်ယောက် လွှတ်ပေးပါမည်´ဟု ပြော၏။ ထိုအခါ ပုရောဟိတ်က... ဤသို့ဆိုလျှင် မင်္ဂလာ သတို့သမီးကို လွှတ်ပေးစေချင်ပါသည်။ သတို့သမီးကလေးအတွက် မင်္ဂလာဦးမှာ တိုးပွားခြင်း၊ မင်္ဂလာဖြစ်ပါလိမ့်မည်´ဟုဆို၏။ ထိုအခါ သူကြွယ် ကစဉ်းစားတော့သည်။
`ဟုတ်မှန်လှပေသည်။ ငါ့ချွေးမအား တိုးပွားခြင်း မင်္ဂလာဆောင်ရွက်ပေးရမည်။ ဤနိမိတ်ဖြင့် ငါ၏ ချွေးမသည် သားသမီးတို့ဖြင့် ပွားစည်းခြင်းဖြစ်ပေမည်´ ကြံဆ၍ သတို့သမီး ချွေးမငယ်ကို လွှတ်လိုက်၏။
မင်္ဂလာ သတို့သမီးလည်း တင်းတိမ်အတွင်းသို့အ၀င် သွင်ပြင်မူရာ လှပစွာသော ယောင်္ကျားတစ်ယောက်ကိုမြင်၍ အံ့အားသင့်ခိုက်၊ အတွေ့ကိုမရှောင်ဘဲ နှစ်ဦးသားပင် ယုတ်မာသော အမူကိုပြုကြလေသည်။ မင်းသည်လည်း လက်စွပ်တစ်ကွင်း ဆုချလိုက်၏။
သတို့သမီးသည် ကိစ္စပြီးစီး၍ ကန့်လန့်ကာအတွင်းမှထွက်ခဲ့သော် `ဘာကလေးဖွားသလဲ´ဟု မေးကြ၏။ `ယောင်္ကျားကလေး၊ ယောင်္ကျားကလေး၊ ရွှေတုံးရွှေခဲကြီးလို လှလိုက်တာ လွန်ရော´ဟု ပြောဆိုကာ မိမိလှည်းယာဉ်ပေါ်သို့ တက်ရောက် ခရီးဆက်ကြလေ၏။
ပုရောဟိတ်သည် မင်းထံသို့သွားကာ `အရှင်မင်းမြတ် အပျိုစစ်စစ် သတို့သမီး ဖြစ်လျက်လည်း ဆိတ်ကွယ်ရာ ရှိ၍ အခွင့်သာလျှင် ပြုတတ်မြဲဓမ္မတာ ပွဲတိုးပြီးမိန်းမများဆိုလျှင် အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း´ဟု ပြောဆိုပြီး သတိရ၍ `သက်သေခံ ဖြစ်မည့် ပစ္စည်းတစ်စုံတစ်ရာများပေးလိုက်ပါ သေးသလား´ဟု သတိတရမေးသောအခါ လက်စွပ်တစ်ကွင်းပေးလိုက်ကြောင်း သိရလျှင် နောင်အခါ သက်သေခံထား စာရင်းဇယား ရှုပ်လာမည့်အရေးဖြစ်၍ အမီလိုက်ကာ လှည်းယာဉ်ကိုဆွဲလိုက်ရာတွင် သူကြွယ်က `ဘာအကြောင်းများနည်း´ဟု မေးရာ `ကျွန်ုပ်ဇနီးခေါင်းရင်လက်စွပ်ကို ယူသွားပါသည်´ဟု ပြောလေလျှင် သတို့သမီးသည် လက်စွပ်ကိုချွတ်၍ ပုရောဟိတ်လက်ကို လက်သည်းနှင့်ဆိတ်၍ `လူလိမ်တွေ´ဟု ဆိုကာ ပေးလိုက်၏။
**ကမ္ဘာအစကပင်**
ဤသို့လျှင် မင်းနှင့် ပုရောဟိတ်ပုဏ္ဏားသည် အမျိုးမျိုး အစားစာ ပရိယာယ်များဖြင့် ဖောက်ပြန်ကြသည်များကို မင်းအား ကိုယ်တွေ့ကြုံစေ၍ ဗာရာဏသီသို့ ပြန်လာကြပြီး...
`အရှင်မင်းမြတ် ဤသို့ဖြစ်ခြင်းသည် ကမ္ဘာအစကပင်ဖြစ်ခဲ့သော ဓမ္မတာလမ်းရိုးကြီး ဖြစ်ပါသောကြောင့် ကိန္နရဒေ၀ီ၏ အဖြစ်ကို သည်းခံတော်မူပါရန်´ လျှောက်ထားတောင်းပန်သဖြင့် အဂ္ဂမဟေသီမိဖုရာခေါင်ကြီးအရာမှချ၍ မင်းအိမ်မှ နှင်ထုတ်စေ၏။ ငဆွံ့ကိုလည်း နှင်ထုတ်စေပြီး သပြေပင်အခက်တို့ကို ခုတ်ဖြတ်စေ၏။
ထိုအခါ ကုဏာလ ငှက်မင်းသည် ပဉ္စလစဏ္ဍာ မည်သော ပုရောဟိတ်ဖြစ်ခဲ့ဖူး၍ မိမိဒိဌိသိခဲ့မြင်ခဲ့သမျှကို သာဓကအဖြစ် ထုတ်ဆောင်၍ ပြလေသတည်း။
ထို့ကြောင့် မဃဒေ၀လင်္ကာ၌ `တောင်ညာနန်းမ၊ လက်ယာရသား၊ အဂ္ဂမဟေ၊ ပဒုဗွေထက်၊ ဘိသေသဟံ၊ ရေသွန်းခံချက် ငဆွံ့နှင့်ယွင်း´ စသည်အားဖြင့် စပ်ဆို၍ ထားတော်မူသည်။
***ဦးလှခင်-ဆန်းညွှန့်ဦး***
***(စတုက္ကနိပါတ် ၁၄၁၊ ကဏ္ဍရိဇာတ်) မဟာကုဏာလဇာတ်မှ***

No comments:
Post a Comment