(တီဟီရန် ဇန်န၀ါရီလ ၂၁-ရက်)
အီရန်နိုင်ငံသည် ဘာရိန်း၌ ဇန်န၀ါရီလ ၂၁-ရက်နေ့မှ ၂၃-ရက်နေ့အထိ ကျင်းပမည့် နိုင်ငံတကာ လေယာဉ် ပြပွဲ၌ ရုရှားဂျက်တိုက်လေယာဉ်များ ပါဝင်ပြသနိုင်ရေးအတွက် အီရန်ဝေဟင်ပိုင်နက်ကို ယင်းရုရှားဂျက်တိုက် လေယာဉ်များ ပျံသန်းခွင့်ပြုလိုက်ကြောင်း ရုရှားဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြသည်။ (အင်တာနက်)
*** ဂရိရေနံတင်သင်္ဘော ဓားပြများလက်မှ လွတ်မြောက်လာ စံချိန်တင်လောက်အောင် ငွေပေး၍ ပြန်ရွေးခဲ့ရဟုဆို***
(မိုဂါဒစ်ရှူး ဇန်န၀ါရီလ ၂၁-ရက်)
ဆိုမာလီပင်လယ်ဓားပြများသည် ရေနံစည်ပေါင်း နှစ်သန်းတင်ဆောင်လာသည့် ဂရိရေနံတင်သင်္ဘောကို ပြန်ပေးဆွဲထားရာမှ စံချိန်တင်လောက်အောင် ပြန်ရွေးငွေရရှိသဖြင့် အဆိုပါသင်္ဘောကို ဇန်န၀ါရီလ ၁၈-ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပင်လယ်ရေကြောင်း အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တနာက်)
*** မက္ကဆီကိုအကျဉ်းထောင်၌ အဓိကရုဏ်းဖြစ်ပွား***
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ဒူရင်ဂိုအကျဉ်းထောင်တွင် ဇန်န၀ါရီလ ၂၀-ရက်နေ့က မဓိကရုဏ်းဖြစ်ပွားသဖြင့် ၂၃-ဦးထက်မနည်း သေဆုံးပြီး လူ ၂၀-ကျော် ဒဏ်ရာရရှိသွားကြောင်း မက္ကဆီကိုနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်သည်။ သေဆုံးသူ ဦးရေ ပိုများလာနိုင်သည်ဟု သိရသည်။ (အင်တာနက်)
*** ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမည်***
ကမ္ဘာ့စီးပွားရေးသည် ၂၀၀၉-ခုနှစ်က ၂ ဒသမ ၂-ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ရာမှ ယခု ၂၀၁၀-ခုနှစ်တွင် ၂ ဒသမ ၇-ရာခိုင်နှုန်း တိုးတက်ကာ ၂၀၁၁-ခုနှစ်တွင် ၃ ဒသမ ၂-ရာခိုင်နှုန်းတိုးတက်မည်ဖြစ်ကြောင်း သို့ရာတွင် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာမှုသည် နှေးကွေးနေဦးမည်ဖြစ်ကြောင်း ၂၀၁၀-ခုနှစ် ကမ္ဘာ့စီးပွားရေးအလားအလာနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
***ဘာရိန်းနိုင်ငံတကာ လေယာဉ်ပြပွဲ ရုရှားဂျက်တိုက်လေယာဉ် ပါဝင်ပြသမည်***

No comments:
Post a Comment